စစ်အာဏာရှင်အမြစ်ပြတ် ဖြုတ်ချရေးသပိတ်ကို ဇွန်လ ၁၆ ရက်နေ့က လူအင်အား ၁,၀၀၀ ကျော်နဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ကျေးလက်ပြည်သူတွေ စုပေါင်း ပြုလုပ်ခဲ့ကြပါတယ်။
“စစ်အာဏာရှင်တော်လှန်ရေးမှာ ပြည်သူတစ်ဦး တစ်ယောက်ချင်းဆီရဲ့ ဆန္ဒသဘောထားတွေ ကွဲလွဲမှုရှိနိုင်ပေမယ့် သည်းခံနားလည်ပေးရင်း၊ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်ကို အမြစ်ပြတ်ဖြုတ်ချကြဖို့နဲ့ နိုင်ငံရေးဟာ ကိုယ်နဲ့မဆိုင်ဘူး၊ စိတ်မဝင်စားဘူးဆိုရင် ပြည်သူ့အရေးဟာ ငါတို့နဲ့မဆိုင်ဘူးလို့ ယူဆတဲ့ အာဏာရှင်တွေ ကြီးစိုးသွားမှာဖြစ်တဲ့အတွက် ပြည်သူအားလုံး ပါဝင်ပေးကြပါ” လို့ ဆန္ဒပြရာမှာပါဝင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ယင်းမာပင်နဲ့ ဆားလင်းကြီး ပူးပေါင်းသပိတ်စစ်ကြောင်းဟာ နေ့စဉ် အင်အားကောင်းကောင်းနဲ့ စစ်အာဏာရှင်ကို တော်လှန်ဆန္ဒပြနေတာဖြစ်ပြီး ဒီကနေ့ဆိုရင် ရက်ပေါင်း ၉၉ ရက်မြောက်ရှိပြီ ဖြစ်ပါတယ်။