
မကွေးတိုင်း၊ မိကျောင်းရဲမြို့က အာဏာဖီဆန် CDM မှာ ပါဝင်တဲ့ ကျောင်းဆရာမတစ်ဦးဟာ ဇွန်လ ၁၅ ရက် နေ့လယ်ပိုင်းက မကွေးမြို့မှာ ဖမ်းဆီးခံရပါတယ်။
ဖမ်းဆီးခံရတဲ့ ကျောင်းဆရာမဟာ မိကျောင်းရဲမြို့၊ အခြေခံပညာအထက်တန်းကျောင်းက အလယ်တန်းပြဆရာမ ဒေါ်ယမင်းထိုက်(ခေါ်)ထိုက်ထိုက် ဖြစ်ပြီး မကွေးမြို့က သူ့ရဲ့ အဒေါ်ဖြစ်သူ နေအိမ်မှာ နေထိုင်ရင်း ဖမ်းဆီးခံရတာလို့ ဆရာမနဲ့ နီးစပ်တဲ့အသိုက်အဝန်းက သိရပါတယ်။
“ဆရာမရဲ့ ခြေထောက်တဖက် မသန်သလို ကျန်းမာရေးကလည်း မကောင်းဘူးလေ။ စိတ်ပူတာပေါ့။ သူ့မိတ်ဆွေဆရာ၊ ဆရာမတွေနဲ့ သူ့တပည့်တွေကလည်း စိတ်ပူလို့ လာမေးကြတယ်။ မကွေးက သူ့အဒေါ်အိမ်ကို ဒလန်က လိုက်ပြတာလို့တော့ သိရတယ်” လို့ ဆရာမနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဆရာမဒေါ်ယမင်းထိုက်ရဲ့ဖခင် နေအိမ်ဟာ မိကျောင်းရဲမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဖွင့်ထားတဲ့ နေအိမ်ဖြစ်တယ်လို့ သိရပါတယ်။