ဖမ်းဆီးခံထားရတဲ့ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ဦးနေသန်မောင် အင်းစိန်ထောင်ကနေ ဒီကနေ့ ဇွန်လ ၁၄ ရက်မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ကမာရွတ်မီဒီယာက တာဝန်ခံတစ်ဦးဆီက သိရပါတယ်။
ဒီနေ့မနက်ပိုင်း အင်းစိန်ထောင်အတွင်းက အထူးတရားရုံးမှာ စွဲချက်မတင်မှီ အပြီးလွှတ်လိုက်တယ်လို့ သိရပါတယ်။
ကိုနေသန်မောင်ဟာ အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ပြီး သူ့ကို စွဲဆိုထားတဲ့အမှုကို အကြမ်းဖက်စစ်ကောင်စီဘက်က ပြန်ရုပ်သိမ်းလိုက်တာမို့ လွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ သူ့ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဒေါ်တင်ဇာဦးက ပြောပါတယ်။
သူနဲ့အတူ ဖမ်းဆီးခံရတဲ့ ကမာရွတ်မီဒီယာ တွဲဖက်တည်ထောင်သူ ကိုဟန်သာငြိမ်းကတော့ မလွတ်မြောက်သေးပါဘူး။ ကိုနေသန်မောင်ဟာ မနက်ဖန်မှာ မြန်မာပြည်ကနေ ထွက်ခွာပြီး နေရပ်ကို ပြန်ရမှာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ မတ်လ ၉ ရက်နေ့က ကမာရွတ်မီဒီယာရုံးကို ဝင်ရောင်စီးနင်းပြီး ရုံးမှာ ရှိနေတဲ့ ဦးနေသန်မောင်နဲ့ ဦးဟန်သာငြိမ်းတို့ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာ ဖြစ်ပါတယ်။
မြန်မာပြည်မှာ ဖမ်းဆီးခံနေရတဲ့ အမေရိကန် နိုင်ငံသား ဂျာနယ်လစ်တွေဖြစ်တဲ့ ကမာရွတ်မီဒီယာက အယ်ဒီတာချုပ် ကိုနေသန်မောင်နဲ့ Frontier Myanmar မဂ္ဂဇင်းရဲ့ မန်နေဂျင်းအယ်ဒီတာ ဒန်နီဖှန်စတာနဲ့ ချက်ချင်းပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဝန်ဒီရှာမန်က သူ့ရဲ့ အာရှခရီးစဉ်မှာ တောင်းဆိုထားပါတယ်။