ဆီးရီးယားတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၁၃ ဦး သေဆုံး

photo-Reuters

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အက်ဖ်ရင်မြို့ကို ဇွန် ၁၂ ရက်က လက်နက်ကြီးနဲ့ သီးခြား တိုက်ခိုက်မှု ဖြစ်စဉ် ၂ ခုအတွင်း လူ ၁၃ ယောက်ထက် မနည်းသေဆုံးပြီး လူအတော်များများ ဒဏ်ရာ ရတယ်လို့ ဒေသခံဆေးဘက် သတင်းရင်းမြစ်တွေနဲ့ တူရကီအစိုးရတို့က ပြောပါတယ်။ 

ပထမတိုက်ခိုက်မှုက လူနေ ရပ်ကွက်ကို ထိမှန်ပြီး ဒုတိယ တိုက်ခိုက်မှုကတော့ ဆေးရုံကို ထိမှန်ခဲ့တယ်လို့ အရပ်ဖက်ကာကွယ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အယ်လ်ရှီဖှာဆေးရုံရဲ့ အပျက်အစီးတွေကြားက သေဆုံး ဒဏ်ရာရသူတွေကို ပြထားတဲ့ ရုပ်သံတစ်ခုလည်း လူမှုကွန်ရက် မီဒီယာပေါ်မှာ ပျံ့နေပါတယ်။

ဦးထုပ်ဖြူ ကယ်ဆယ်ရေးသမားတွေလို့ သိကြတဲ့ ဆီးရီးယား အရပ်ဖက်ကာကွယ်ရေး အဖွဲ့ဝင် ၃ ယောက်လည်း ဆေးရုံတိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့တယ်လို့ သူတို့က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

 ဆီးရီးယား ကာဒစ်ရှ် YPG ပြည်သူ့စစ်တွေက ဒုံးကျည်နဲ့ ပစ်ခတ်တာလို့ တူရကီအစိုးရက ပြစ်တင်ရှုတ်ချလိုက်ပြီး ကာဒစ်ရှ် YPG တွေက ဦးဆောင်ပြီး အမေရိကန်က ကျောထောက် နောက်ခံ ပေးထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ် (SDF) ကတော့ သူတို့လုပ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဆီးရီးယားနိုင်ငံအတွင်း စစ်အင်အား အကြီးအကျယ် ချထားတဲ့ တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း တိုက်ခိုက်မှုကြောင့် လူ ၁၃ယောက် သေပြီး ၂၇ ယောက် ဒဏ်ရာရတယ်လို့ ပြောပါတယ်။

ဒုံးကျည်တွေက ဆီးရီးယား အစိုးရ ထိန်းချုပ်ထားတဲ့ တယ်လ်ရီဖတ် ဒေသကနေ လှမ်းပြီး ပစ်ခတ်တာဖြစ်လို့ စုံစမ်းစစ်ဆေးနေတယ်လို့ တူရကီနိုင်ငံ ဟာတေခရိုင် အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up