"သပိတ်စုံသူပုန်ထ" ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတခုကို ဇွန်လ ၁၄ ရက် ဒီမနက်ပိုင်း ၈ နာရီလောက်က ရန်ကုန်၊ တာမွေမြို့နယ်၊ကျောက်မြောင်း သီတာလမ်းနဲ့ ဗညားဒလလမ်းမကြီးပေါ်မှာ ပြုလုပ်ခဲ့ပါတယ်။
ထင်ရှားတဲ့ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရားရဲ့မွေးနေ့မှာ အခုလို ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ရန်ကုန်မြို့က လူငယ်တွေ၊ မြို့နယ်သပိတ်အဖွဲ့တွေ၊ ကျောင်းသားသမဂ္ဂမတွေ၊ အထွေထွေသပိတ်ကော်မတီ GSC တို့ပူးပေါင်းပြီး ပြုလုပ်ခဲ့ကြတာပါ။
ဆန္ဒပြလူစုခွဲပြီး မကြာခင်မှာ စစ်တပ်တွေရောက်ရှိလာပြီး အခုအချိန်အထိလည်း သီတာလမ်း တစ်ဘက်ခြမ်း ဗညားဒလလမ်းမကြီးပေါ်မှာ စစ်ကားတစ်စီးနဲ့ စစ်သားတွေ စောင့်ကြည့်နေပါတယ်။
ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တနင်္သာရီတိုင်း နေရာ ၄ ခုမှာ ဇွန်လ ၁၄ ရက်နေ့က တပြိုင်နက်တည်း သပိတ်စုံသူပုန်ထ တပ်ဦး သပိတ်စစ်ကြောင်းကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။