ကူရာမဲ့ ပလက်ဝ

သစ်အတိုအစလေးတွေကို စုကာ မီးမွှေးဖို့ မီးညှိစဉ်မှာ ထင်းစိုနေတဲ့အတွက် မီးက မစွဲသဖြင့် တညလုံး တစိမ့်စိမ့် ရွာနေတဲ့ မိုးကို မဆီမဆိုင် အပြစ်တင်ရင်း စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းအရှည်ကြီးချကာ နေရာမှာပဲ ထိုင်ချလိုက်ပါတယ်။

ဒေါ်မယ်ရီ အခုချက်မယ့် ဆန်တဘူးကျော်ကျော်လေးက မိသားစု ၈ ယောက်ရဲ့ နောက်ဆုံးရိက္ခာလေးပါ။ ဒီ ရိက္ခာလေး ကုန်သွားရင်ဖြင့် ဘာဆက်လုပ်ရမယ်ဆိုတာ သူ့အနေနဲ့ မစဉ်းစားတတ်အောင် ဖြစ်နေပါတယ်။

အကြောင်းကတော့ ပလက်ဝမြို့မှာ ဗုံးပေါက်ပြီးနောက် စစ်တပ်က မြို့ဝင်/ထွက်လမ်းအားလုံးကို ကန့်သတ်လိုက်တဲ့အတွက် စားသောက် ကုန်ဈေးနှုန်း အဆမတန် မြင့်သွားတာကြောင့် ဒေသခံတွေအနေနဲ့ အခုလို ဒုက္ခတွေနဲ့ တွေ့ကြုံလာရတာပါ။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်၊ နံနက်ပိုင်းမှာ ချင်းပြည်နယ်၊ ပလက်ဝ အထွေထွေအုပ်ချုပ်ရေးရုံးရှေ့နဲ့ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့သဖြင့် စစ်တပ်က ဒေသခံတချို့ကို ဖမ်းဆီးခဲ့ပြီး အဝင်အထွက်တွေကို ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုကန့်သတ်လိုက်ပြီး အဆင့်ဆင့် စစ်ဆေးသွားလာနေရတာကြောင့် ကုန်သည်တွေဟာ မသွားရဲတော့ဘဲ လက်ကျန်ကုန်ပစ္စည်းကိုသာ မျှတခွဲဝေရောင်းပေးနေရတဲ့အတွက် အခြေခံစားသောက်ကုန်ဈေးဟာ ၃ ဆမြင့် သွားပြီး စက်သုံးဆီနဲ့ တခြားလူသုံးကုန်ပစ္စည်းတွေလည်း ၂ ဆခန့် မြှင့်တက်သွားတာပါ။

ပလက်ဝဒေသခံ ဒေါ်အေးမြိုင်ကတော့ “မိုးကျလာတော့မယ်ဆိုတော့ ရိက္ခာပြတ်တော့မှာပေါ့။ ရိက္ခာပြတ်ရင် ကုန်ဈေးနှုန်းလည်း တက်လာမှာပဲ။ အရင်ကတော့ အစိုးရက ကူညီတယ်။ ဒေသတွင်းလည်း ရှာစားလို့ရတယ်။ အခုက ဘာမှကိုလုပ်မရတော့ ရိက္ခာပြတ်လာရင် အားလုံးငတ်ကုန်မှာ”လို့ ရှင်းပြပါတယ်။

လက်ရှိမှာ စားနပ်ရိက္ခာ လုံးဝပြတ်လပ်သွားတာမျိုး မဟုတ်ပေမယ့် ငွေရှိသူတွေသာ စားဖို့ရှိပြီး ငွေကြေးချို့တဲ့ သူတွေကတော့ ဆန်ကွဲ ဝယ်စားတာ၊ ဆန်ပြုတ်သောက်ရုံလောက်သာ လုပ်နိုင်သူတချို့ရှိပေမယ့် တချို့ကတော့ ဟင်းရွက်ပြုတ်စားနေရတဲ့အထိကို ခက်ခဲကျပ်တည်းနေကြပါတယ်။

တချို့ကလည်း ကျန်းမာရေးလိုမျိုး အရေးပေါ်ကိစ္စတွေဖြစ်လာရင် ကုသဖို့ ခက်ခဲမှာကို စိုးရိမ်လျက်ရှိပါတယ်။

ဆလိုင်းအိုက်ဇက်ခင်ကတော့ “ပြည်သူလူထုကို လွတ်လွတ်လပ်လပ် သွားလာလို့ရအောင် လုပ်ပေးရင်တော့ သူ့ဟာနဲ့သူ ရှာစား ဖွေစားလို့ရတာပေါ့။ အဲဒီလို ရှာစားဖွေစားခွင့်ရှိတယ်ဆိုရင်တော့ လူထုက သက်သာမှာပဲ။ အရင်ဆုံးကတော့ လူထုဒုက္ခမရောက်အောင် အရင်လုပ်ရမှာပေါ့”လို့ အကြံပြုပါတယ်။

ချင်းလူမျိုးအများစု နေထိုင်ကြပြီး လူတစ်သိန်းလောက်ရှိတဲ့ ပလက်ဝဟာ နှစ်နဲ့ချီပြီး ပြဿနာတွေ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၈ ခုနစ်ကတည်းက စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားရာနယ်မြေဖြစ်ပြီး လုံခြုံရေးအရ ကုလားတန်မြစ်ကြောင်းတလျှောက် သွားလာတာကို စစ်တပ်က ကန့်သတ်ထားတာ ခုထိတိုင် ပြန်မဖွင့်သေးပါဘူး။

အကျိုးဆက်အားဖြင့် ရေလမ်းကို အဓိကအားထားရတဲ့ မြို့ငယ်လေးမှာ စားနပ်ရိက္ခာပြတ်တောက်မှုတွေရင်ဆိုင် ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၀ နှစ်ဆန်းပိုင်းလောက်ကစပြီး ပလက်ဝမှာ ဆန်ပြတ်လပ်တာတွေ စတင်ရင်ဆိုင်ခဲ့ရပါတယ်။

၂၀၂၀ မတ်လအတွင်းကဆိုရင် ပလက်ဝမှာ ဆန်တအိတ်ဈေးဟာ ၄ ဆခွဲလောက်အထိ တက်သွားခဲ့ဖူးတယ်လို့ ဒေသခံတွေကို ကိုးကားပြီး မဇ္ဈိမသတင်းဌာနက ရေးသားခဲ့ပါတယ်။ အဲဒီတုန်းက ပလက်ဝမှာ ဆန်ကြမ်းတစ်အိတ် ဈေးက ၂၀၀၀၀ ကျော်သာကနေ ၉၀၀၀၀ အထိ ခုန်တက်သွားခဲ့တာပါ။

ပလက်ဝဟာ ချောင်းတွေ မြောင်းတွေပေါပြီး တောင်ကုန်းတောင်တန်း ထူထပ်တဲ့ဒေသ ဖြစ်တာကြောင့် စိုက်ပျိုးရေးကိုသာ အဓိကလုပ်ကိုင်နေရတဲ့ ဆင်းရဲတဲ့ဒေသတခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပထဝီအနေအထားအရ အရေးပါတဲ့နေရာမှာ ရှိနေတဲ့ဒေသလည်း ဖြစ်ပါတယ်။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေတဲ့အပြင် ချင်းနဲ့ရခိုင် နှစ်ပြည်နယ်လုံးအတွက်လည်း အဓိကကျတဲ့နေရာမှာ ရှိနေတဲ့အတွက် စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပလက်ဝမှာအခြေချနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားခဲ့ကြပါတယ်။

နောက်ဆက်တွဲ အကျိုးဆက်ကတော့ အရပ်သားတွေ စစ်ပွဲရဲ့ မြေစာပင်ဖြစ်ရတာပါပဲ။

ဒီလိုကြားထဲမှာမှ စစ်တပ်က အာဏာသိမ်းလိုက်တော့ ပလက်ဝဒေသခံတွေဟာ ပိတ်လှောင်ခံရပြီး ယခင်ထက် ပိုတဲ့ ဆင်းရဲကျပ်တည်းမှုနဲ့ စတင်ရင်ဆိုင်ရတာ ဖြစ်ပါတယ်။

ပလက်ဝက အခြေခံ စားသောက်ကုန်တွေနဲ့ လူသုံးကုန်တွေအပြင် မီးစက်နဲ့ စက်လှေတွေအတွက် စက်သုံးဆီကိုပါ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ကုလားတန်မြစ်ကြောင်းအတိုင်း သယ်ယူကာ ဝယ်ယူသုံးစွဲနေရတဲ့ မြို့လေးပါ။ ပလက်ဝရဲ့ထွက်ကုန်တွေဖြစ်တဲ့ မြေပဲ၊နှမ်းနဲ့ ဂျင်း စတာတွေကို ရခိုင်နဲ့ မန္တလေးကို အဓိကတင်ပို့တာလည်းဖြစ်ပါတယ်။

ယခုတော့ ကျောက်တော်လမ်းကြောင်းက ကန့်သတ်ခံထားရသလို မန္တလေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မှ မင်းတပ်၊ မတူပီဘက်ကနေ ရိက္ခာသယ်ယူတဲ့လမ်းကြောင်းကလည်း မင်းတပ် တိုက်ပွဲကြောင့် သယ်ဖို့ မလွယ်တဲ့ အနေအထားပါ။

ယခင် ဆန်ပြတ်လပ်သွားတဲ့ကာလတုန်းက ကျောက်တော်ကို ၃ ညအိပ် လမ်းလျှောက်ကာ သွားရောက်ဝယ်ယူတာတွေ ရှိတယ်။ အဲဒီလမ်းကြောင်းက ကိုဗစ်ကာလမှာ ရခိုင်က ကိုဗစ် ဖြစ်လာပြီး AA ကလည်း လမ်းမှာ ဖမ်းဆီးတာတွေ လုပ်တာကြောင့် မသွားကြတော့တာပါ။

လက်ရှိ ပလက်ဝမှာ တိုက်ပွဲမရှိပေမယ့် စစ်တပ်နဲ့ AA က တပ်ဆုတ်မသွားဘဲ ကုန်းလမ်း၊ ရေလမ်းတလျှောက် တောင်ကုန်းတွေမှာ တပ်စွဲထားတာကြောင့်လည်း မသွားတော့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး ကန့်သတ်မှုတွေ ရက်ရှည်လာပြီး မိုးကျလာရင်တော့ အမှန်တကယ် ရိက္ခာပြတ်လပ်တော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေတုန်းက ပလက်ဝမှာ စစ်တပ်နဲ့ AA ကြား တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ စားနပ်ရိက္ခာပြတ်လပ် သွားတာဖြစ်ခဲ့ပေမယ့် NLD အစိုးရက ပလက်ဝကို ဆန်အိတ်တွေရောက်အောင် အကူအညီတွေ ပေးခဲ့ပါတယ်။

ဒါ့အပြင် အစိုးရက စစ်ဘေးရှောင်တွေအတွက် ဆန်ပို့ရင်း ဒေသခံတွေအတွက်ပါ တပါတည်း ဆန်အိတ်တွေ သယ်လာပြီး ဈေးမတင်ဘဲ ပုံမှန်ဈေးအတိုင်း တအိမ်ထောင်လျှင် ဆန် ၄ ပြည် ရောင်းချပေးခဲ့တာကြောင့် အခုလောက်ထိတော့ ဒုက္ခမရောက်ခဲ့ပါဘူး။

အသက် ၅၃ နှစ်အရွယ် ဒေါ်မယ်ရီက“ကုန်တွေ သယ်မရတော့ စစ်ပွဲကာလလိုပဲ ဈေးနှုန်းတက်လာတယ်။ ကြက်ဥတောင် တထောင်ဖိုး သုံးလုံးပဲရ တော့တယ်။ အရင် နှစ်သောင်းခွဲတန် ဆန်အိတ်က အခု ခြောက်သောင်း၊ အဆင်ပြေတဲ့မိသားစုကတော့ ဝယ်ထားနိုင်တာပေါ့။ ကျမတို့က မဝယ်နိုင်ဘူး”လို့ ပြောပါတယ်။

ဒေါ်မယ်ရီတို့ မိသားစုဟာ ကုလားတန်မြစ်တဖက်ကမ်းမှာရှိတဲ့ ဝက်မကျေးရွာကနေ စစ်ပြေးလာသူတွေဖြစ်ပြီး ပလက်ဝမြို့ပေါ်မှာ စစ်ရှောင်အနေနဲ့ နေထိုင်နေတာ ၃ နှစ်ကျော်ရှိပါပြီ။

စစ်တပ်နဲ့ AA ရဲ့ တိုက်ပွဲတွေကြောင့် လက်ရှိပလက်ဝမြို့ပေါ်မှာ စစ်ရှောင် ၈၀၀၀ နီးပါး ခိုလှုံနေရဆဲ ဖြစ်ပါတယ်။ အခုလို စစ်တပ်ရဲ့ ကန့်သတ်မှုကြောင့် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းဟာ စစ်ရှောင်တွေအပေါ်မှာ အတိုင်းအဆမရှိ ရိုက်ခတ်ခဲ့ပါတယ်။

“အရင်ကလို အလှူရှင်တွေ မလာကြတော့ လိုအပ်တာတွေက အားလုံးပဲ။ တဲတွေကလည်း ယိုင်နဲ့နေပြီ။ မိုးကျရင် နေစရာမရှိတော့ဘူး။ စားဖို့ကလည်း မရှိ၊ အရင်လို တောထဲ မျှစ်ချိုးလို့လည်းမရတော့ ရှိတဲ့အရွက် ပြုတ်စားရမှာပေါ့”လို့ ဒေါ်မယ်ရီက ဆိုပါတယ်။

ငွေကြေးအဆင်ပြေတဲ့သူတွေက စုဆောင်းထားနိုင်ပေမယ့် ဝင်ငွေနည်းသူတွေနဲ့ စစ်ရှောင်တွေအတွက်ကတော့ ဘယ်လိုမှ မတတ်နိုင်တဲ့အခြေအနေမျိုးပါ။ ဒါပေမဲ့ ပလက်ဝမှာက ငွေကြေးအဆင်ပြေသူဆိုတာက လက်ချိုး ရေမှ ၁၀ ယောက်တောင် မရှိပါဘူး။

ဒေသခံတွေဟာ နှစ်ဘက်လက်နက်တွေရဲ့ နည်းမျိုးစုံနဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရတာကြောင့် သူတို့ရဲ့ စီးပွားရေး၊ လူမူရေးစတာတွေဟာ အကုန်လုံး ကသောင်းကနင်းနဲ့ ဒုက္ခရောက်ကြရတယ်။ ကိုဗစ်ကပ်ရောဂါဝင်လာတော့လည်း ရောဂါကြောင့် ဆင်းရဲကျပ်တည်းမှုကို ထပ်ဆင့်ခံစားရပြန်ပါတယ်။

ယခင်က ဒီလိုရိက္ခာပြတ်လပ်မှုတွေ ကြုံလာတိုင်း NLD အစိုးရ၊ ချင်းပြည်နယ်အစိုးရနဲ့ နယ်မြေခံဝန်ကြီးတွေရဲ့ လုပ်ဆောင်ပေးမှုတွေကြောင့် ဆင်းရဲကျပ်တည်းနေတဲ့ ပလက်ဝလေးဟာ ပြန်လည်ထူထောင်စပြုလာခဲ့တယ်။

ဒီထဲမှာ အစိုးရက စစ်ရှောင်တွေ ဝင်ငွေရအောင်လို့ လက်မှုလုပ်ငန်းတွေ ထူထောင်ပံ့ပိုးပေးနိုင်ခဲ့သလို ဒေသခံတွေအတွက်လည်း အချိန်အကြာကြီးပိတ်ဆို့ထားတဲ့ ရေကြောင်းသွားလာမှုကို ပြန်ဖွင့်ဖို့ ပြင်ဆင်နေခဲ့တာပါ။

အဲဒီလိုအချိန်မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်ပြီး အစိုးရအဖွဲ့အားလုံးကို ဖမ်းဆီးခဲ့တာကြောင့် ပလက်ဝမြို့ လေးဟာ ကူသူမရှိ၊ ကယ်သူမရှိတဲ့ကြားမှာ အတိဒုက္ခဝေကြရပြန်ပါတယ်။

“အရင်ကတော့ အလှူရှင်တွေရှိတော့ ငတ်တဲ့အဆင့် မရောက်ဘူး။ စစ်ဖြစ်လည်း တောထဲသွားလို့ရတယ်။ စိုက်ပျိုးလို့ရတယ်။ အခုက ဟိုဟာကန့်သတ်၊ ဒီဟာကန့်သတ်နဲ့ အလုပ်မရှိတဲ့ကြားကဆိုတော့ ငွေမရှိတော့ ဝယ်မစားနိုင်တော့ဘူးလေ”လို့ ဒေါ်အေးမြိုင်က ရှင်းပြပါတယ်။

စစ်တပ်ဟာ ပလက်ဝဒေသခံတွေကို အဝင်အထွက် ကန့်သတ်ရာမှာ ဝန်ထမ်းတွေနဲ့ ကျောင်းတက်ကြမယ့် ကျောင်းသားတွေကလွဲလို့ တခြားဘယ်သူကိုမှ အဝင်အထွက်ပေးမလုပ်ပါဘူး။

ဒါ့အပြင် ဒေသခံတွေကို ပလက်ဝမြို့အကျော် တောထဲကို ထင်းရှာခွင့်၊ တောကောင်လိုက်ခွင့်၊ မျှစ်ချိုးခွင့် စတာ တွေလည်း ပိတ်ပင်ထားပြီး ကုလားတန်မြစ်အတွင်း လွတ်လပ်စွာ ငါးရှာခွင့်လည်း ပိတ်ထားပြန်ပါတယ်။

မိရိုးဖလာ တောင်ယာလုပ်ကိုင်ဖို့ကျတော့လည်း စစ်ဒဏ်နဲ့ ကိုဗစ်ရောဂါကြောင့် ရပ်ထားတာ ကြာလာတဲ့အခါမှာ မြေသားတွေ မာလာပြီး လုပ်ကိုင်စားသောက်လို့ မရသလို တချို့နေရာတွေမှာ သစ်ပင်ရိုင်းတွေပေါက်နေတာ ကြောင့် စိုက်ပျိုးလို့မရပါဘူး။

အဆိုးတွေကြားထဲမှာ ပလက်ဝအတွက် နောက်ထပ်တိုးလာတဲ့ ပြဿနာတခုရှိလာပြန်ပါတယ်။ အိန္ဒိယနယ်စပ်၊ မြစ်ဝကျေးရွာကနေ ပလက်ဝကို ဇွန်လ ၈ ရက်နေ့က ရောက်လာသူ ၇ ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ခဲ့တာကြောင့် ပလက်ဝမှာ ကျောင်းတွေကို ပိတ်လိုက်ပြီး ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းတွေ စတင်နေပါတယ်။

စစ်ပွဲ၊ စားနပ်ရိက္ခာပြတ်တောက်မှု၊ ကိုဗစ်နဲ့ စစ်အုပ်ချုပ်မှုအောက်မှာ ကန့်သတ်ဖိနှိပ်ခံနေရတဲ့ ပလက်ဝဒေသခံတွေဟာ ကျီးလန့်စာစားဘဝနဲ့ ရိက္ခာတွေ အမြန်သယ်ခွင့်ရဖို့ ဆုတောင်းနေရုံမှတပါး အားကိုးရာမရှိသလို ဖြစ်နေရပါတယ်။

ဒေါ်မယ်ရီကတော့ “စစ်မဖြစ်ခင်ကလို အေးအေးချမ်းချမ်းနဲ့ ရွာမှာပြန်ပြီး လုပ်ကိုင်စားချင်တော့တယ်။ အခုလို စားစရာမရှိ၊ နေစရာမရှိ ပူနေရတဲ့အပူမီးတွေလည်း ဒီလောက်နဲ့ ငြိမ်းစေချင်ပြီ”လို့ ညည်းညူရင်း မီးမွှေးဖို့ ထင်းရှာ ထွက်သွားပါတော့တယ်။

ရှင်ငြိမ်း

hiburma.net ဝက်ဘ်ဆိုက်မှ ကူးယူပြန်လည်ဖော်ပြသည်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up