မြန်မာအသင်း ကာဂျစ္စတန်ကို (၁-၈) ဂိုးဖြင့် ရှုံးနိမ့်

ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ် မြန်မာလက်ရွေးစင်အသင်းနဲ့ ကာဂျစ္စတန် အသင်းတို့ ဇွန်လ ၁၁ ရက်က ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ယှဉ်ပြိုင်ကစားကြရာမှာ မြန်မာအသင်းက (၁-၈) ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။

မြန်မာအသင်းဟာ ပထမပိုင်းပွဲချိန် ၂၄ မိနစ်မှာတင် ရန်နိုင်ဦး   အထုတ်ခံခဲ့ရလို့ ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ပထမပိုင်းမှာတင် ၅ ဂိုးသွင်းခံရပြီး  ဒုတိယပိုင်းမှာ ၃   ဂိုးထပ်သွင်းခံရကာ  ချေပဂိုး ၁ ဂိုး ပြန်သွင်းနိုင်ခဲ့လို့  ပွဲအပြီးမှာ စုစုပေါင်း ၁ ဂိုး ၈ ဂိုးနဲ့ ရှုံးနိမ့်သွားတာပါ။ မြန်မာအသင်းတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၆၉ မိနစ်မှာ အလယ်တန်းလူ လှိုင်းဘိုဘိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

မြန်မာအသင်းဟာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်က အိမ်ရှင် ဂျပန်အသင်းနဲ့ ပွဲစဉ်မှာလည်း ၁၀ ဂိုးပြတ် စံချိန်တင်ရှုံးနိမ့် ခဲ့ပါတယ်။

မြန်မာ၊ ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ မွန်ဂိုလီးယားတို့ ပါဝင်တဲ့ အုပ်စု F မှာ  ဂျပန်အသင်းက လက်ကျန်ပွဲတွေရှိနေပေမဲ့ လက်ရှိ ၇ ပွဲကစား ရမှတ် ၂၁ မှတ် အုပ်စုပထမနဲ့ ခြေစစ်ပွဲ အောင်သွားခဲ့ပြီဖြစ်ပါတယ်။

မြန်မာအသင်းကတော့ ၇ ပွဲကစား ရမှတ် ၆ မှတ်နဲ့ အုပ်စုနောက်ဆုံး အသင်း ၂ နေရာမှာ ရှိနေပြီး ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက် ဝေးသွားပြီဖြစ်ပါတယ်။ 

PHOTO- AFC

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up