အကြမ်းဖက်စစ်အုပ်စုကို တရုတ်အစိုးရက အသိအမှတ်ပြုလိုက်သည့်အပေါ် ကန့်ကွက်ရှုတ်ချ

ပုံစာ-တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဇန်နဝါရီ ၁၂ ရက်က နေပြည်တော်၌ တွေ့ဆုံစဉ်

တရုတ်အစိုးရက အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  အာဏာသိမ်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့ကို အသိအမှတ်ပြုလိုက်တဲ့ လုပ်ရပ်ကို အရပ်ဘက်အဖွဲ့အစည်း ၄၂၆ ဖွဲ့က ပြင်းထန်စွာ ပူးပေါင်း ပြစ်တင် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ ဇွန်လ ၅ ရက် ထုတ်ပြန်ကြေညာချက်မှာ မင်းအောင်လှိုင်အား “မြန်မာ့ခေါင်းဆောင်”အဖြစ် ရည်ညွှန်းဖော်ပြတာ၊ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကို တရုတ်-အာဆီယံ အထူးအစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်အဖြစ်တက်ရောက်ဖို့ ဖိတ်ကြားတာနဲ့ စစ်ကောင်စီအား စီးပွားရေးဆိုင်ရာပံ့ပိုးပေးဖို့ အဆိုပြုတာစတဲ့ လုပ်ရပ်တွေဟာ မြန်မာ့ပြည်တွင်းရေးကို တရုတ်နိုင်ငံမှ အလွန်အကျွံ ဝင်ရောက်စွက်ဖက်တာဖြစ်ပြီး  ‌ဒေသတွင်းတည်ငြိမ်ရေးကိုလည်း ခြိမ်းခြောက်နေတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံ၏ အမျိုးသားညီညွတ်ရေးအစိုးရက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီအား ဇွန်လ ၇ ရက်က  ပေးပို့လိုက်တဲ့စာမှာ ဖော်ပြထားသလို  မင်းအောင်လှိုင်ဟာ  တရားဝင်ခေါင်းဆောင်မဟုတ်၊ စစ်အာဏာသိမ်းမှု မအောင်မြင်လို့ လက်တွေ့အရ တရားဝင်မှု (de facto) အာဏာကို အကြမ်းဖက်နည်းလမ်းနဲ့ ရယူဖို့ကြိုးပမ်းခဲ့ပြီး ထောင်ချီတဲ့ မြန်မာပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရကာ လူပေါင်း ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

စစ်တပ်ကို ထောက်ခံတဲ့လုပ်ရပ်ဟာ မြန်မာပြည်သူတွေအပေါ် စစ်တပ်မှ စစ်ပွဲဆင်နွှဲဖို့ နေရာဖန်တီးပေးတာဖြစ်သလို စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အကြား တိုက်ပွဲ ပိုမိုဖြစ်ပွားစေကာ ပြည်တွင်းစစ်မီးကို ပိုတောက်လောင်စေမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။

တရုတ်နိုင်ငံရဲ့ အခုလုပ်ရပ်ကြောင့် ပြည်တွင်းမငြိမ်မသက်မှုတွေဟာ အာရှ တောင်ပိုင်းနဲ့ အရှေ့တောင်အာရှအထိ ပျံ့နှံ့နေပြီးဖြစ်တာကြောင့်  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးရွားစေတာနဲ့ ရှိနှင့်ပြီးသား နယ်ခြားဖြတ်ကျော် ဒုစရိုက်လုပ်ငန်းတွေကိုလည်း  ပိုမိုအားကောင်းစေမယ်လို့ ဆိုပါတယ်။

ယခုအကျပ်အတည်းအား ဖြေရှင်းဖို့ တစ်ခုတည်းသောနည်းလမ်းကတော့  မြန်မာလူထုရဲ့ သဘောဆန္ဒအား လေးစားဖို့၊ ဒီမိုကရေစီအစိုးရအား ပြန်လည်ထူထောင်ပေးဖို့ဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ မင်းအောင်လှိုင်အား အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးစေဖို့နဲ့ နိုင်ငံ့အနာဂတ်အတွက် နိုင်ငံရေးဆွေးနွေးဝိုင်းမှာ ပါဝင်ကာ ရေရှည်တည်တံ့တဲ့ နည်းလမ်းရှာဖွေဖို့ တိုက်တွန်းသင့်တယ်လို့လည်း အရပ်ဖက်အဖွဲ့တွေရဲ့ ကြေညာချက်မှာ အကြံပြုထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up