
အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရုပ်ရှင်ထုတ်လုပ်ရိုက်ကူးသူ ဒါရိုက်တာ မအိမ့်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေနဲ့ ရုပ်ရှင်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
ဖမ်းဆီးခံနေရတဲ့ မအိမ့်အတွက် အရမ်းကိုစိုးရိမ်နေကြောင်းနဲ့ သူ့ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ မြန်မာစစ်ကောင်စီကို တောင်းဆိုရာမှာ ကမ္ဘာတဝန်းရှိ ရုပ်ရှင်နဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းအားလုံး ဝိုင်းဝန်းပူးပေါင်းပေးဖို့ တိုက်တွန်းပါကြောင်း နယ်သာလန်အခြေစိုက် အန္တရာယ်ရှိ ရုပ်ရှင်ရိုက်ကူးသူတွေအတွက် နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ (ICFR) က ကြေညာပါတယ်
ဒီထုတ်ပြန်ချက်ကို Berlin, Cannes, Locarno, Rotterdam, Sundance နဲ့ Venice ရုပ်ရှင်ပွဲတော်တွေနဲ့အတူ ဘရပ်ဆဲလ် အခြေစိုက် ဥရောပရုပ်ရှင်ဒါရိုက်တာများအဖွဲ့ချုပ် (FERA) အပါအ၀င် နိုင်ငံတကာရုပ်ရှင်အဖွဲ့ ၂၀ လောက်က လက်မှတ်ရေးထိုး တောင်းဆိုထားတာပါ။
ဒါရိုက်တာမအိမ့်ကို စွဲချက်တင်မယ် ဆိုရင်လည်း ရှင်းရှင်းလင်းလင်း ရှိရမှာဖြစ်ပြီး အရင်ဆုံး သူ့ရဲ့လုံခြုံရေးကို အာမခံရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
မိသားစုဝင်တွေအပြောအရ မအိမ့်ကို ဇွန်လ ၅ ရက်က နေအိမ်ကနေ အပြင်ထွက်ချိန် ရန်ကုန်မြို့မှာ စစ်အုပ်စုက ဖမ်းဆီးခဲ့တာဖြစ်ပြီး ခုထိ ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားမှန်း မသိရသလို ဘယ်အာဏာပိုင်တွေကမှ လာရောက်အကြောင်းကြားတာလဲ မရှိပါဘူး။
ဒါရိုက်တာ မအိမ့်ဟာ Busan 2020 ရုပ်ရှင်ပြပွဲမှာ New Currents ကဏ္ဍအတွက် Money Has Four Legs ခေါင်းစဉ်နဲ့ ဇာတ်လမ်း ဆန်ကာတင်စာရင်းထဲ ပါဝင်နေတာကြောင့် နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ လူသိများတဲ့ မြန်မာဒါရိုက်တာ တစ်ဦး ဖြစ်ပါတယ်။
ICFR ကို ၂၀၁၁ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး နိုင်ငံရေးဖိနှိပ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ရုပ်ရှင်ရိုက်ကူးသူတွေကို ကူညီဖို့ ဖွဲ့စည်းထားတာပါ။ အဖွဲ့တည်ထောင်သူတွေထဲမှာ ဥရောပရုပ်ရှင်အကယ်ဒမီ (EFA)၊ နိုင်ငံတကာမှတ်တမ်းရုပ်ရှင်ပွဲတော် အမ်စတာဒမ် (IDFA) နဲ့ အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော် Rotterdam (IFFR) တို့ပါဝင်ပါတယ်။