Home
မေးမြန်းခန်း
ဒီးမော့ဆိုတိုက်ပွဲနောက်ဆုံးအခြေအနေ - KNDF နှင့်မေးမြန်းချက်
DVB
·
June 7, 2021

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး  ဘုရားကျောင်းတွေနဲ့ လူ နေအိမ်တွေပျက်စီးခဲ့ပါတယ်။  ဒေသခံ ပြည်သူတွေ အများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်  ကုန်ပစ္စည်းတွေလည်း ပြတ်လပ်နေပါတယ်။ 

ဒီးမော့ဆိုတိုက်ပွဲနဲ့ ဒေသတွင်းပြည်သူတွေရဲ့ နောက်ဆုံးအခြေအနေ သိရဖို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူ တစ်ဦးကို ဒီဗွီဘီက  ဆက်သွယ်မေးမြန်းထားပါတယ်။  

မေး - “ဇွန်လ ၆ ရက် မနေ့က ကယားပြည်နယ် ဒီးမော့ဆိုဘက်မှာ  ဘုရားကျောင်းတွေ ပျက်စီးပြီး နေအိမ်တွေ မီးရှို့ခံရတဲ့ပုံတွေ အွန်လိုင်းမှာပြန့်နေတာ တွေ့ရပါတယ်။ အဲဒါ ဘယ်လိုဖြစ်တာလဲ။”

ဖြေ - “အဲဒါက ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်နဲ့ တနန်းဥကွိုင်ရပ်ကွက်ထဲမှာ ဖြစ်သွားတာပါ။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်တဲ့အတွက် ဒေါငံခါးရပ်ကွက်က ငြိမ်းချမ်းရေးသခင်မ ဘုရားရှိခိုးကျောင်းလည်း ပျက်စီးတယ်။ ပြီးတော့ နေအိမ် အတော်တော်များများလည်း ထိခိုက်တယ်ဗျ။ သူတို့ တမင်မီးရှို့တဲ့ဟာရော လက်နက်ကြီးထိလို့ ပျက်စီးတာနဲ့ပါရင် နေအိမ် ၁၀ လုံးကျော်တယ်။ တနေ့ကလည်း ဒီးမော့ဆို ၆ မိုင်ရွာမှာ ဆိုင်ခန်းတွေဖောက်၊ ပစ္စည်းယူပြီး အိမ်မီးရှို့သွားတယ်။ အိမ် ၂ လုံး၊ ၃ လုံး ဆိုင်ဖွင့်ထားတဲ့ အိမ်တွေပေါ့။ တိုက်ပွဲက မနေ့က တနေကုန်လိုဖြစ်တယ်။” 

မေး -  “ပစ်ခတ်မှုတွေကြောင့် လူထိခိုက်ဒဏ်ရာရတာရောရှိပါသလား။”

ဖြေ -  “ရှိတယ်ခင်ဗျ။ စာရင်းအတိအကျတော့ မတက်လာသေးဘူး။”

မေး - “ဒဏ်ရာရတာက စစ်ကောင်စီကို တိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက် ကလား၊ တိုက်ပွဲထဲမပါတဲ့ ရွာသားတွေလား။”

ဖြေ - “နှစ်ဘက်လုံးပါ၊ စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံးတာ ရှိပါတယ်။ ဘယ်လောက်လဲတော့ မသိဘူး။”

မေး - “မနေ့က ဘယ်လိုအခြေအနေတွေကြောင့် အဲလိုပျက်စီးဆုံးရှုံးတာလဲ။”

ဖြေ - “စစ်ကောင်စီက ကျနော်တို့ ကယားပြည်နယ်ထဲကို အင်အားတွေရာနဲ့ချီပြီး ဝင်လာတာ တော်တော်များတယ်။ မနေ့ကဆိုရင် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တယ်လေ။ ဒီးမော့ဆိုဘက် တက်လာတော့ ကျနော်တို့ကလည်း သူတို့မလာနိုင်အောင် တတ်နိုင်သလောက် ပစ်ခတ်ပိတ်ဆို့တယ်။ သူတို့က ရပ်ရွာတွေထဲလည်း ဝင်လာတယ်။ တွေ့ကရာ ရမ်းသန်းပြီး ပစ်တယ်။ အမြာက်တပ်ကလည်း အနောက်ကနေ လက်နက်ကြီးနဲ့ ပစ်ကူတယ်။ တမင်မီးရှို့ ဖျက်ဆီးခံရတဲ့ အိမ်တွေလည်းရှိတယ်။”

မေး - “အဲဒီလို အလုံးအရင်းနဲ့ဝင်လာတော့ KNDF ဘက်က အခြေအနေဘယ်လိုရှိသလဲ။”

ဖြေ - “အင်အားချင်းမမျှတော့ ကျနော်တို့ဘက်က  ပြောက်ကျားလုပ်ပြီး ပစ်လိုက် ဆုတ်လိုက် လုပ်ရတယ်။ ကျနော်တို့က တူမီးသေနတ်နဲ့ မောင်းပြန်သေနတ်လောက်ပဲ ရှိတယ်လေ။”

မေး - “ဒီကနေ့ အခြေအနေရော ဘယ်လိုလဲ၊ ကယားပြည်နယ်ထဲမှာ ဒီးမော့ဆိုအပြင် တခြားဘယ်နေရာမှာ တိုက်ပွဲဖြစ်သေးလဲ။”

ဖြေ - “ဒီကနေ့မနက် ဒီးမော့ဆိုမှာ ငြိမ်နေတယ်။ မိုးဗြဲဘက်မှာတော့ ပစ်နေတယ်။ ကနေ့မနက် ၇ နာရီလောက်ကတည်းက စပစ်နေကြတာခုထိ (မနက် ၁၁ နာရီ) အသေးစိတ် မသိရသေးဘူး။ နောက်တခု ကျနော်တို့ကြားရတာ စစ်ကောင်စီက ကရင်ပြည်နယ်ဘက်က နေပြီးတော့လည်း အင်အားဖြည့်တက်လာတယ်တဲ့။”

မေး - “အဲဒီတော့ ဘယ်လို ဆက်လုပ်ကြမလဲ၊ အင်အားလည်းမမျှ လက်နက်လည်း မမျှတော့လေ။”

ဖြေ - “အင်အားမမျှပေမယ့် ကျနော်တို့က ရပ်တန့်မှာမဟုတ်ပါဘူး။ ရည်မှန်းချက်အတိုင်း ဆက်သွားမယ်။ သူတို့ တက်လာတဲ့လမ်းတလျှောက်ကို ဖြတ်တောက်နိုင်သလောက် ဖြတ်တောက်သွားမယ်။ သူတို့ လှုပ်ရှားမှု တိုးချဲ့လာမယ်၊ ပြည်သူ့နေအိမ်တွေ ထိပါးလာတယ် ဆိုရင် ရှိတဲ့အင်အားလေးနဲ့ တိုက်မှာပဲခင်ဗျ။ ကျနော်တို့ဆီမှာလည်း အားသာချက်ရှိတယ်။ အဓိကက စစ်ကောင်စီကိုတိုက်ဖို့ တူညီတဲ့ ဦးတည်ချက်ရှိတယ်။ ကျနော်တို့က ဒီနယ်သားဆိုတော့ နယ်မြေကျွမ်းကျင်မှုရှိတယ်၊ ပြည်သူတွေက ပူးပေါင်းမှုရှိတယ်၊ သတင်းအချက်အလက်တွေကို သူတို့ထက် ပိုရတယ်။”

မေး - “လက်ရှိ စစ်ပြေးရှောင်ပြည်သူတွေ အခြေအနေရော ဘယ်လိုရှိပါသလဲ။”

ဖြေ - “ကျနော်တို့လက်ထဲ ရောက်လာတဲ့စာရင်းအရ ၁ သိန်းနီးပါးရှိပြီ။ စာရင်းမရသေးတာတွေနဲ့ ပေါင်းရင် ၁ သိန်းကျော်မယ် ထင်တယ်။”

မေး - “အဲဒီ ၁ သိန်းကျော်က ဘယ်မြို့နယ်တွေကလဲ။”

ဖြေ - “ဒီးမော့ဆိုမြို့နယ်က အများဆုံးပါ။ ဒီးမော့ဆို တခုတည်းတင် လေးသောင်းကျော် ရှိပါတယ်။ ပြီးတော့ လွိုင်ကော်မှာ တချို့ရှိတယ်။ မိုးဗြဲ၊ ဖယ်ခုံနဲ့ ဖရူဆိုမြို့နယ်တွေမှာပါ။”

မေး - “သူတို့တွေ ဘယ်လို ရှောင်တိမ်းနေရလဲ။ ဘာအခက်အခဲတွေ ရှိနေလဲ။”

ဖြေ - “တောတောင်တွေထဲမှာပါ။ အခက်အခဲကတော့ အများကြီးပါပဲ။ အရေးအကြီးဆုံးဖြစ်တဲ့ ရေအခက်အခဲက ပိုဆိုးတယ်။ ဒီနှစ် မိုးကလည်း နောက်ကျတယ်လေ။ ကျွဲ၊ နွားတွေ သောက်တဲ့ရေကို စစ်ပြီးသုံးနေရတယ်။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကလည်း ခက်ခက်ခဲခဲ လာကူရတယ်။ စစ်ကောင်စီရှိတဲ့ လမ်းကြောင်းတွေကို ရှောင်ရတယ်။ နောက်တခုက ကုန်ပစ္စည်းတွေ ပြတ်နေတဲ့ပြဿနာ။ အခုဆိုရင် ကုန်ပစ္စည်းတွေကို လွိုင်ကော်မှာပဲ ဝယ်လို့ရတော့မယ်။ ဘော်လခဲ၊ မော်ချီး၊ ဖားဆောင်းတို့မှာ  ဘာမှမရှိတော့ဘူး။ မော်ချီးမှာ ဆန် ၁ အိတ်ကို ၁ သိန်းကျော် ပေးဝယ်တောင်မှ ရောင်းမယ့်လူ မရှိတော့ဘူး။”

မေး - “ကုန်ပစ္စည်းပြတ်တာက ဘာကြောင့်ပါလဲ။”

ဖြေ - “ကျနော်တို့ ကယားပြည်နယ်က ကုန်ပစ္စည်းတွေကို အများဆုံး ရှမ်းပြည်ဘက်ကနေ တဆင့် ရောက်လာတာပါ။ အဲဒါ ရှမ်းနဲ့ ကယားဘက်ကို ဝင်လာတဲ့ဂိတ်မှန်သမျှ စစ်ကောင်စီဘက်က ပိတ်ထားတာ ၂ ပတ်ကျော် ၃ ပတ်ထဲ ရောက်နေပြီလေ။ ဂိတ်တွေ ပိတ်ချလိုက်တော့ ကုန်စည်စီးဆင်းမှု မရှိတော့ဘူး။”

မေး -  “ဒီပြဿနာတွေ ဘယ်တော့ပြီးဆုံးမယ်လို့ ထင်လဲ။”

ဖြေ - “တော်တော်နဲ့ ပြီးမယ်လို့မထင်ပါဘူး။ ရေရှည်တိုက်ပွဲဖြစ်မယ်လို့ ထင်တယ်။ ကျနော်တို့ကတော့ ရင်ဆိုင်မှာပါ။ သမိုင်းကြောင်း ပြန်ကြည့်မယ်ဆို ကျနော်တို့ ကရင်နီပြည်က သီးခြားလွတ်လပ်တဲ့ပြည်နယ် ဖြစ်ခဲ့တယ်။ ကျနော်တို့ ဘိုးဘွားတွေ အဖေ အမေ လက်ထက်က သူတို့လည်း အင်အားမမျှပေမယ့် ကာကွယ်တိုက်ခိုက်ခဲ့တယ်။ ကျနော်တို့ခေတ်မှာလည်း ကျနော်တို့ ရအောင်တိုက်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ရင်ဆိုင်သွားမယ်။ ဒီနွေဦးတော်လှန်ရေး စခဲ့တဲ့ချိန်ကစပြီး အခုထိ ကျနော်တို့ ပြည်သူနဲ့ ပြည်သူ့ကာကွယ်ရေးတပ်က အသက်ပေးခဲ့ရတာ ၃၀ ကျော် ၄၀ နီးပါးရှိတယ်။ စစ်ကောင်စီဘက်က ကျသွားတာ ၂၀၀ ကျော် ၃၀၀ လောက်ရှိမယ်။ ကျနော်တို့ ကရင်နီပြည်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေအားလုံးက တချိန်တည်းမှာ တညီတညွတ်တည်း တိုက်ခိုက်ကြမယ်ဆိုရင် မအောင်မြင်စရာအကြောင်းမရှိပါဘူး။”

မေး - “ဟုတ်ကဲ့ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024