နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အတွက် ကိုယ်စားလှယ်မရှိသဖြင့် ရှေ့နေစိုးရိမ်

photo-Reuters

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုတွေထဲက နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်မှုနဲ့ စွပ်စွဲထားတဲ့ အမှုကို ချေပဖို့ ‌ဒေါ်အောင်ဆန်းစုကြည်အတွက် တရားဝင်ကိုယ်စားလှယ်မရှိလို့ စိုးရိမ်တယ်လို့ သူ့ရဲ့ တရားဝင်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဩစတြေးလျနိုင်ငံသား စီးပွားရေးအကြံပေးပုဂ္ဂိုလ် ရှောင်တာနဲလ် အပါအဝင် ၄ ဦးကို စွဲဆိုထားတဲ့အမှုတွေကို ဇွန်လ ၂၃ ရက်မှာ ကြားနာမှာဖြစ်ပြီး သူတို့အားလုံးဟာ သူတို့ကိုယ်တိုင် ကိုယ်စားပြုရမယ်လို့ တရားရုံးချုပ်က ကြေညာထားတယ်လို့ ဆိုပါတယ်။

သူတို့မှာ တရားဝင်ကိုယ်စားလှယ်လည်း မရှိလို့ ကြားနာမှုမှာ ပွင့်လင်းမြင်သာမှုမရှိမှာကို စိုးရိမ်တယ်လို့  ဦးခင်မောင်ဇော်က ရိုက်တာစ်သတင်းဌာနကို ပြောပြပါတယ်။

ပုံမှန်အားဖြင့် သူတို့ဟာ တရားပြိုင်တွေကို ဆက်သွယ်သင့်ပြီး အမှုကို မကြေညာခင်မှာ သူတို့ရဲ့ရှေ့နေတွေနဲ့ ဆက်သွယ်ဖို့ အခွင့်အရေးပေးဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။ 

ရိုက်တာသတင်းဌာနအနေနဲ့ တရားရုံးချုပ်ကိုရော စစ်တပ်ပြောခွင့်ရကိုရော မှတ်ချက်တောင်းခံဖို့ ဆက်သွယ်လို့မရပါဘူး။ ဒီလျှို့ဝှက်ချက်ဥပဒေဟာ အသက် ၇၅ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၄ နှစ် ချမှတ်နိုင်တဲ့ အပြင်းထန်ဆုံး စွဲဆိုချက်တခု ဖြစ်ပါတယ်။

ခုလိုအယူခံဝင်လို့မရတဲ့ လျှို့ဝှက်ချက်အမှုကို တရားရုံးချုပ်ဆီ တိုက်ရိုက်တင်ပြစွဲဆိုခြင်းနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေကိုချိုးဖောက်မှု၊ ပို့ကုန်သွင်းကုန်ဥပဒေချိုးဖောက်မှုတွေနဲ့လည်း တရားစွဲခံထားရပြီး မေလ ၂၄ ရက်က နေပြည်တော်ကောင်စီရုံးဝင်းအတွင်းရှိ သီးသန့်တရားရုံးမှာ ရုံးထုတ်စဉ် ပထမဆုံးအကြိမ် လူကိုယ်တိုင်လာရောက်ခဲ့ပါတယ်။

ဒီမှုတွေဆက်လက်ကြားနာဖို့ ဇွန်လ ၁၇ ရက်ကို ရွှေ့ဆိုင်းခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကြံပေးအဖွဲ့က ပြောကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up