Home
ဆောင်းပါး
မြန်မာစစ်အာဏာရှင်စနစ် ဘာကြောင့် ပျက်သုဉ်းသင့်သလဲ
DVB
·
June 2, 2021

လူငယ်လေးတွေ၊ တိုင်းပြည်ရဲ့ အနာဂတ်လင်းလက်စေမယ့် ကြယ်ပွင့်လေးတွေ၊ လမ်းမတွေပေါ်ထွက် ကျည်ဆန်အန်တု အားမာန်တွေစုလို့ အာဏာရှင်တွေကို ရွပ်ရွပ်ချွံချွံ တော်လှန်နေကြသည်မှာ အခုဆို ၄ လလောက်ရှိချေပြီ။ 

နေ့မှာဆန္ဒပြ၊ ညမှာ စစ်လောက်ကောင်တွေရဲ့ ဖမ်းဆီးခြင်းကိုခံရ၊ နောက်တစ်နေ့  မိမိအသက်နဲ့ ခန္ဓာအိုးစားကွဲခဲ့ရသူတွေကမနည်းလှ။ ဒါပေမဲ့ သိသိကြီးနဲ့ နောင်နှစ်ရှည် ဘဝသေမယ့်အတူ ခုကတည်းက ဒီမိုကရေစီတိုက်ပွဲဝင်ရင်း အသက်စတေးလိုက်ရတာ သမိုင်းအတွက် မှတ်တမ်းကောင်းဖြစ်ချေမယ်လို့ ခံယူချက်အပြည့်နဲ့ တိုင်းပြည်အနှံ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်  ပြည်သူတွေ ဆန္ဒဖော်ထုတ်နေကြလေရဲ့။  

"တိုင်းပြည်ချောက်ထဲကျမည့်အရေး လက်မတင်လေး ကယ်တင်လိုက်ရလေခြင်း"လို့ ဗိုလ်နေဝင်းနဲ့ ဗိုလ်သန်းရွှေတို့ ပြည်သူတွေကို လှည့်စားခဲ့ရုံမက  တိုင်းပြည်ကို ဒင်းတို့ ကိုယ်ကျိုးအတွက် ဖျက်ဆီးခဲ့သည်မှာ  သမိုင်းသက်သေ။ ခုလည်းပဲ သိုးအရေခြုံတဲ့ ဝံပုလွေ ဗိုလ်မင်းအောင်လှိုင်တစ်ယောက် မိုက်ရူးရဲစွာ ထိုလမ်းကို ဆက်လျှောက်ရင်း ပြည်သူတွေရဲ့ ကံကြမ္မာကို နင်းချေဖို့ ကြိုးစားချေပြီ။ သို့သော်  မိအေး နှစ်ခါနာဘဝမို့ ပြည်သူတွေ မညံ့တော့။ ဒီတစ်ခါ မြန်မာစစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုဉ်းစေရမည်ဆိုတဲ့ ခံယူချက်အပြည့်နဲ့ နည်းမျိူးစုံသုံး တော်လှန်ကြလေပြီ။

စစ်အာဏာရှင်စနစ်ကျဆုံးရေး ….ဒို့ အရေး ဒို့ အရေး….. အိမ်ရှေ့မှ  သံပြိုင်မြည်ဟီးလို  Gen-Z လူငယ်တွေ ဖြတ်သွားနေကြချိန်၊ ဒီအခြေအနေကို  မြင်တွ့ သတိမူဖြစ်နေတဲ့ ကျနော့်သားငယ်လေးက စစ်အာဏာရှင်စနစ်ကို ဘာဖြစ်လို့ ကျဆုံးစေချင်ကြတာလဲ ဖေဖေလို့ တီးတိုးလေး မေးလာတယ်။

ဒီမယ်သားရဲ့ ၁၉၆၂ ခုနှစ်က ဗိုလ်နေဝင်း အာဏာသိမ်းစဉ်ကာစလို့ ဒင်းတို့ ဆွေစဉ်မျိုးဆက် အပေါင်းပါတစ်သိုက် စည်းစိမ်အပြည့်ခံစားဖို့ ပြည်သူ့ဘဝတွေကိုချနင်း၊ နိုင်ငံကို စုတ်ပြတ်တဲ့အထိ  အုပ်ချုပ်ခဲ့ကြတယ်။

ဒဏ်မခံနိုင်လွန်းလို့ ပြည်သူတွေထကြွ ဆန္ဒပြကြတော့ ၁၉၈၈ မှာ  ဗိုလ်စောမောင်ခေါင်းဆောင်တဲ့ စစ်တပ်ကအာဏာသိမ်းတယ်။ ဒိနောက် စစ်အာဏာရှင်ဗိုလ်သန်းရွှေက ရက်စက်ကြမ်းကြုတ်မှု သရဖူကို ဆက်ဆောင်းပြီး အာဏာပါးကွက်သားတွေမွေး တိုင်းပြည်ကို တရုတ်-ရုရှလက်ထဲ ထိုးကျွေးခဲ့ကြတယ်။ ၂၀၁၅-၂၀၂၀ ဒီမိုကရေစီ အပြောင်းအလဲ ကာလလေးမှာ တိုင်းပြည်တိုးတက်မှု အလင်းတန်းလေး မြင်ကာစရှိသေး  ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ဗိုလ်သန်းရွှေတပည့် သစ္စာခံ တပ်ချုပ်မင်းအောင်လှိုင်က စစ်အာဏာဆက်သိမ်းပြန်တယ်။

စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ နောင်နှစ်ပေါင်းများစွာ အသက်တွေဘဝတွေ ပျက်စီးဦးမယ့် အလားအလာကို မြင်ရတော့ ဒင်းတို့တွေ အပြီးတိုင်ချုပ်ငြိမ်းဖို့ နိုင်ငံတဝန်း ပြည်သူတွေ ထကြွတော်လှန်ကြရပြန်ပြီ။ စစ်အာဏာရှင်တွေကို ရွံမုန်းလွန်းလို့ အဆုံးသတ်တိုက်ပွဲ တရားသောစစ်ပွဲကို ပြည်သူတွေ နွှဲနေကြတာပေါသားရဲ့လို့ဆိုတော့။

ဒီစစ်အာဏာရှင်စနစ်ကို ဘာကြောင့် ဒီလောက် ရွံမုန်းလွန်းရတာလဲ ဖေဖေလို့ သားမေးတော့လည်း ဖေဖေ ဖြေရပေမပေါ့။ ဒီလိုသားရဲ့ ဉာဏ်တစ်ထွာတစ်မိုက်နဲ့ တိုင်းပြည်ရဲ့ အသက်သွေးကြော သယံဇာတတွေ လက်ညိုးထိုးရောင်းစားတဲ့ ဒင်းတို့ စစ်အာဏာရှင်တွေကို ရွံမုန်းလွန်းလို့။ ပြည်သူ့ဘဏ္ဍာရေလိုဖြုန်း၊ မိမိတို့ကိုယ်ကျိုးစီးပွားအင်ပါယာထောင်၊ တိုင်းပြည်ရဲ့ အဖိုးတန် လူ့စွမ်းအင်အရင်းအမြစ်ကိုဖြုတ်၊ ပြည်သူ့ဘဝတွေ စုတ်ပြတ်သတ်အောင်လုပ်ရင်း တရုတ်နဲ့ ရုရှကို မျက်နှာလိုမျက်နှာရ ပုံအောထိုးရောင်း အခွင့်အရေးတွေပေး ဆန်ကောလောက်မှ ဇောက်မနက်တဲ့ ဒင်းစစ်အာဏာရှင်တွေကို ရွံမုန်းလွန်းလို့။

စာသင်ချိန်တွေလျှော့၊ ပညာသင်နှစ် တိုအောင်လုပ်၊ တစ်နှစ်ကို နှစ်တန်းထုတ်၊  Quality မလိုချင်ဘူး Quantity ပဲလိုချင်တယ်ဆိုတဲ့ စစ်အာဏာရှင်တွေကြောင့် ပညာရေးစနစ် နိုင်ငံတကာအဆင်မမီဖြစ်ရ၊ ဘွဲ့ရပြည်သူတွေေ နိုင်ငံတကာမှာ မျက်နှာပန်းမလှ ဖြစ်ချေရတာကို ရွံမုန်းလွန်းလို့။

မတရားတဲ့ ဥပဒေစိုးမိုး၊ တရားတဲ့ဥပဒေပျက်သုဉ်း၊ သားရေကွင်းလို လျော့ကြိုးဥပဒေ ကျင့်သုံးမှုအောက်  ပြည်သူ့ဘဝတွေ ပြားပြားမှောက် မတရား ညှဉ်းပန်းနှိပ်စက် ဖျက်ဆီး ပေးဆပ်ရတာကို ရွံမုန်းလွန်းလို့။

အမျိုးဘာသာသနာအရောင်ပြတွေ ကြီးစိုး၊ အမုန်းအမှောင်တိုက်သွတ်သွင်း၊ ပဋိပက္ခမျိုးစုံခင်း၊ ပြည်သူတွေညီညွတ်မှုကို ယိုယွင်းအောင်လုပ်နေတဲ့ ဒင်းတို့ရဲ့ ရက်စက်ယုတ်မာမှုတွေကို ရွံမုန်းလွန်းလို့ ။ တရုတ်အစိုးရ ကျွန်ဘဝအောက်မှာ ဒင်းတို့ ပြုသမျှ မြန်မာပြည်သူပြည်သားတွေ နုရတဲ့ဘဝ အခြေအနေကို ရွံမုန်းလွန်းလို့။

မုဒိမ်းကျင့်၊ လူသတ်၊ မတရားဖမ်းဆီး၊ ပေါ်တာပြန်ပေးဆွဲ၊ ဗုံးကြဲ၊ မီးရှို့၊ လုယက်၊ ရမ်းကား၊ စစ် ရဲ ယူနီဖောင်းဝတ်ပြီး ထင်တိုင်းကြဲ၊ ပြည်တွင်းစစ်မီးလျှံအောက်မှာ ပြည်သူကို အသက်လု စစ်ပြေးရှောင်ဘဝအဖြစ် ဆယ်စုနှစ်များစွာ အလိုကျ ကစားနေတဲ့ ဒင်းစစ်အာဏာရှင်တွေကို  ရွံမုန်းလွန်းလို့။

"Weather (ရာသီဥတု မကောင်းဘူး) ဆရာ" လို့ ဝန်ထမ်းရဲ့ အပြောကို "ဝယ်သာမကောင်းရင် ဝယ်ထည့်ပေါ့ကွ"လို့ ပြန်တိုက်တွန်းတဲ့  လဒူဗိုလ်ချုပ်၊ "ရေသန့် ကောင်းဖို့  pH-7 ဖြစ်အောင် သန့်စင်နေတယ် ဆရာ"လို့ ဝန်ထမ်းရဲ့ အပြောကို "ရေသန့် quality ပိုကောင်းအောင် pH-10 လုပ်ပေါ့ကွ"လို့ ပြန်အားပေးရှာတဲ့ ဂထူဗိုလ်ချုပ်၊ ရှေ့ထွက်ခါးထောက် လိုအပ်သည်များကို မှာစား ညွန်ကြားလုပ်လေဦးမယ့် ဗိုလ်သောက်ပလုတ်တုတ်တွေအောက် ပြည်သူ့ဝန်ထမ်းတွေ ခေါင်းခါသက်ပြင်းချရင်း အလုပ်လုပ်ကြရဦးမှာကို  ရွံမုန်းလွန်းလို့။

ပြည်သူတွေရဲ့ ဘုရားတရားကြည်ညိုမှုကို ခုတုံးလုပ်၊ သဒ္ဓါတရား ထက်သန်မှုကို အခွင့်ကောင်းယူ အလွဲသုံးစားပြု၊ ရက်ရောအလှူများကို မတရားခိုး၊ ဘုရားရွှေနဲ့ ဌာပနာပါမကျန် ထုတ်ရောင်းစားတဲ့ လောဘဇောကပ် စစ်အာဏာရှင်တွေကို ရွံမုန်းလွန်းလို့။

ရာသီဥတုဖောက်ပြန် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပြည်သူသိန်းချီ သေကျေပျက်စီး အိုးမဲ့အိမ်မဲ့ ဖြစ်နေရတာတောင် အသက်ကယ်ပစ္စည်းစုံ လှူဒါန်းသူတွေကိုဖမ်း၊ လှူဖွယ်ပစ္စည်းတွေကို မျက်နှာပြောင်တိုက် သိမ်းဆည်းရောင်းစားကြသည်သာမက ပြည်ပအကူအညီမလိုသယောင် ငြင်းဆိုခဲ့ကြ။ အသက်ဘေးမှမကယ်၊ လက်ဘွေရာတွေ အတင်းလုယူလို့ ပြည်သူကို ကုပ်သွေးစုတ်မယ့် ၂၀၀၈ ခြေဥကို  အဓမ္မ အတည်ပြုခံ့ကြ။ ရွံ့မြေခြေမထိ ဟန်ထုတ်မာန်လုပ်ပြီး  ခန့်ခန့်ကြီးကန်တော့ခံ ကြွမြန်းလာတော်မူတဲ့  စစ်ဗိုလ်ရှုပ်တွေကို မုန်တိုင်းဒဏ်ခံ ပြည်သူတွေက ကျုံ့ကျုံ့လေးထိုင် ဦးညွှတ်ခဲ့ကြရ။ ဒီလိုအခြေအနေမျိုတွေ ရှေ့ဆက်ကြုံရပြန်ဦးမှာကို တွေးရင်း ခံပြင်းနာကြည်း ရွံမုန်းလွန်းလို့။

ဘုရားဒါယကာ အသွင်ဆောင်၊ သံဃာဂိုဏ်းခွဲ၊ အက်ဆစ်မီးလောင်ဗုံးတွေနဲ့ ရဟန်းသံဃာထုအပေါ် ရက်စက်သတ်ဖြတ်၊ တရားဓမ္မဟောကြားတဲ့ ရဟန်းကို ဖမ်းဆီးလူဝတ်လဲ၊ မတရား အဓမ္မဟောကြားတဲ့ ရဟန်းကို ဦးထိပ်ပန်ဆင်၊ ဓမ္မနဲ့ အဓမ္မကိ မိမိတို့ အလိုကျ အသုံးချ ကစားနေတဲ့ သာသနာဖျက်တွေကို ရွံမုန်းလွန်းလို့။

တိုင်းပြည်စီမံခန့်ခွဲမှုညံ့ဖျင်း၊ ငွေကြေးဖောင်းပွ၊ ပြည်သူစီးပွားပျက်၊ နစ္စဓူဝလုပ်အားနဲ့ ရပ်တည်ရတဲ့ အခြေခံလူတန်းစားဘဝ နလန်မထူနိုင်၊ နိုင်ငံခြားကုမ္ပဏီကြီးများ လာရောက်စီးပွား မြှုပ်နှံမှု အားနည်း၊ တရုတ်အစိုးရသာ အမြတ်ထုတ်၊ ပေါင်းရိုက်ပေါင်းစား အဂတိလိုက်စားမှု မြင့်တက်၊ အထက်ဖားအောက်ဖိ ခရိုနီကြီးများ ကောင်းစားတဲ့ခေတ်၊ ပြည်သူ့ ဘဝတွေ ပျက်စီ စတေးသွားခဲ့ရတာကိ နာကြည်းဖွယ်  ဖြည်မဆည်နိုင်တွေးရင်း အတွေးအခေါ်တိမ်တဲ့ စစ်အာဏာရှင်ကို ရွံမုန်းလွန်းလို့။

တောင်ကိုကတုံး၊ တောတွေပြုန်း၊ သယံဇာတစုံတူးထုတ်၊ ရေသောက်မြစ်ကြီးများမှရေကို ဆည်တွေဖောက်၊ သဘာဝပတ်ဝန်းကျင်ဖျက်ဆီး၊ တရုတ်အစိုးရအလိုကျ အကုန်ထိုးရောင်း၊ မိုးပျောက် နွေရောက် ရာသီဥတုဖောက်ပြန်၊ လယ်ယာမြေသိမ်း၊ တပ်ပိုင်မြေလုပ်၊ ဦးပိုင်စီးပွားရေးအဖြစ် ချုပ်ကိုင်မောင်ပိုင်စီး ထိုထို ယုတ်မာပက်စက်မှုတွေ ဒင်းတို့ရှေ့ ဆက်မည်ကို ရွံမုန်းလွန်းလို့ ။

တိုင်းပြည်နဲ့ပြည်သူကို ချစ်မြတ်နိုး အသက်ပေးကာကွယ်လိုတဲ့ စစ်သားကောင်း ပြည်သူ့ရဲ ဝန်ထမ်းကောင်းတွေ မမွေးထုတ်၊ ကိုယ်ကျိုးစီးပွားသာကာကွယ် ပြည်သူကို ကုပ်သွေးစုတ် အမြတ်ထုတ်၊ အထက်အမိန့်ဆိုသည် အောက်တာဝန်ကိုဉာဏ်မစောင့်ဘဲ ထင်ရာစိုင်းကြတဲ့ ရဲလောက်ကောင် စစ်လောက်ကောင် အာဏာရှင်သန္ဓေသားတွေသာ မွေးထုတ်နေတာကို ရွံမုန်းလွန်းလို့ ။

လက်နက်ပြခြိမ်းခြောက်၊ အာဏာပြဟိန်းဟောက်၊ ဒလန်တွေမွေး၊ ပြည်သူကို ခွေးဘဝရောက်အောင်လုပ်၊ ဥပဒေအထက်မှာ အာဏာရှင်တို့ပျော်စံ၊ တရားကို နတ်မစောင့်နိုင် ဖြစ်နေရတာကို  ရွံမုန်းလွန်းလို့။

မတရားတာကို ထုတ်ဖော်ပြောဆိုရင်း၊ အမှန်တရားအပေါ် ရဲဝံ့စွာရပ်တည်ရင်း အာဏာပါးကွက်သားတွေ လက်ချက်အောက် ဘဝတွေ အသက်တွေ ဆက်လက်ပေးဆပ်ရဦးမှာကို ခံပြင်း ရွံမုန်းလွန်းလို့။

လူမျိုးတုံးသတ်ဖြတ်မှုတွေ သမိုင်းတစ်လျှောက်ကျူးလွန်၊ တိုင်းပြည်တိုးတက်မှု အရွေ့ကိုမနာလို၊ တရားသဖြင့် အုပ်ချုပ်လိုသူတွေကို ခြေထိုး၊ ပြည်သူ့ ဆန္ဒမဲတွေကို လျစ်လျူရှု၊ မိမိကိုယ်ကျိုးစီးပွားသာ  ရှေ့တန်းတင် အမြတ်ထုတ်လိုတဲ့ အာဏာရူး စစ်ကောင်စီတစ်သိုက်ကို ခါးသီးရွံမုန်းကြလွန်းလို့။ 

ဒီစက်ဆုပ်ရွံရှာဖွယ် မြန်မာစစ်အာဏာရှင်စနစ်ဆိုးကြီး အပြီးတိုင် ပျက်သုဉ်းနိုင်မှ သားတို့ အနာဂတ်လှပမှာမို့ ဟိုမှာ ဆန္ဒပြနေတဲ့သူတွေကော ဖေဖေတို့ ပြည်သူတွေ တစ်ရပ်လုံးကပါ အခုဆို အားမာန်အပြည့်နဲ့ တိုက်ထုတ်နေကြတာ ပေါ့သားရယ်။ ဒါကြောင့် ဒီစစ်အာဏာရှင်တွေကို ဖေဖေတို့ ပြည်သူတွေ ရွံမုန်းသလို သားလည်း ရွံမုန်းရမယ်နော်သား။ 

ဒေါက်တာ သိန်းမိုးဝင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024