မြန်မာ ဟစ်ဟော့ဂီတ တခြားနိုင်ငံကပုံစံနဲ့ မတူ ကွဲပြားစေလို
DVB
·
November 19, 2013

မြန်မာ ဟစ်ဟော့ကို တခြားနိုင်ငံကနဲ့ မတူ ထူးခြားကွဲပြားတဲ့ ပုံစံတွေ ဖြစ်စေဖို့ အတွက် ကမ္ဘာဟစ်ဟော့ အနှစ် ၄၀ ပြည့် အထိမ်းအမှတ် အဖြစ်ကျင်းပတဲ့ပွဲမှာ မြန်မာနိုင်ငံက ဟစ်ဟော့ဂီတ ဆွေးနွေးခဲ့ကြပါတယ်။
နိုဝင်ဘာ ၁၈ ရက်နေ့ က ရန်ကုန်မှာ ကျင်းပတဲ့ ကမ္ဘာ ဟစ်ဟော့ အနှစ် ၄၀ ပြည့်အခမ်းအနားမှာ မြန်မာ့ဟစ်ဟော့ကို တခြားနိုင်ငံကနဲ့ မတူကွဲပြားတဲ့ ပုံစံတွေ ဖန်တီးနိုင်ဖို့ ဆွေးနွေးခဲ့ကြတာလို့ ဟစ်ဟော့ အဆိုတော် အနဂ္ဂက ပြောပါတယ်။
“ဟစ်ဟော့ သမိုင်းတည်တန့်ဖို့က ဟစ်ဟော့ လမ်းကြောင်းကို ဆက်သယ်မယ့် ဟစ်ဟော့ အနုပညာရှင်တွေ အပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ အဓိက ပြောကြားဖြစ်တဲ့ အကြောင်းအရာတွေက ဟစ်ဟော့ သီချင်းတွေက ရိုင်းလာတဲ့အကြောင်းတွေ ဆွေးနွေးဖြစ်တယ်။ ပြီးတော့ ဒီပွဲကို နောက်နှစ်တွေမှာ ဆက်လုပ်ဖို့ကို နောက်တက်လာတဲ့ လူငယ်တွေကို အားပေးစကားပြောတဲ့ဟာတွေလည်း ဆွေးနွေးဖြစ်ပါတယ်။ မြန်မာ ဟစ်ဟော့ လို့ ပြောတယ်ဆိုရင် မြန်မာဟစ်ဟော့က နိုင်ငံခြား ဟစ်ဟော့တူနေစရာလိုလား။ မလိုဘူးလား။ မြန်မာ ယဉ်ကျေးမှုနဲ့ ဓလေ့ကို မြန်မာဟစ်ဟော့မှာ ဘယ်လိုပြန်ထည့်မလဲ အဲဒါတွေလည်း ဆွေးနွေးဖြစ်ပါတယ်။”
ဒီလိုဖန်တီးနိုင်ဖို့က နောက်ပိုင်း ဆက်လုပ်မယ့် လူငယ် မျိုးဆက် အနုပညာ သမားတွေ ဂရစ်ဗတီ သမားတွေ၊ ဒီဂျေတွေ အကသမားတွေ ပေါ်မှာ မူတည်နေတယ်လို့လည်း သူကဆိုပါတယ်။
ဒီဆွေးနွေးပွဲကို ဟစ်ဟော့ အဖွဲ့ ၅၀ ၆၀ နီးပါး တက်ရောက်ခဲ့သလို ဩစတြေးလျနဲ့ ဗြိတိန်က ဒီဂျေ ချန်ပီယံရထားတဲ့ မြန်မာနိုင်ငံဖွား ဒီဂျေ ကေစီနဲ့ဒီဂျေ အိန်ဂျယ်လိုတို့လည်း ပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဟစ်ဟော့ဂီတဟာ ၁၉၈၀ နောက်ပိုင်းမှာ ခေတ်စားလာခဲ့ တာဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ ဖြန့်ချိတဲ့ အက်စစ် အဖွဲ့ရဲ့ စတင်ခြင်း သီချင်းခွေက ဟစ်ဟော့ တေးသီချင်းတွေဟာ လူငယ်တွေ အကြား ရေပန်းစားခဲ့ပါတယ်။
ဒီနောက်ပိုင်း ၁၀ စုနှစ် တစုကျော် ကာလတလျောက်လုံး မြန်မာနိုင်ငံမှာ ဟစ်ဟော့ အဖွဲ့တွေ အမြောက် အများပေါ်ထွက်လာပြီး ဟစ်ဟော့ ဂီတ ရေစီးကြောင်းဟာလည်း အားကောင်းကောင်းနဲ့ စီးဆင်းခဲ့တာပါ။
ဒါပေမယ့် မြန်မာ ဟစ်ဟော့ သီချင်းတချို့မှာ ပါတဲ့ စာသားတွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိဘူး၊ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေ ပါဝင်မှု ရှိတယ်လို့ ပရိတ်သတ်တွေအကြားဝေဖန်မှုတွေ လည်းရှိနေတာပါ။
ဟစ်ဟော့သီချင်းစာသားတွေ ရိုင်းစိုင်းလာတဲ့အကြောင်းအရင်းနဲ့ ဟစ်ဟော့ နှစ် ၄၀ ပွဲမှာ ဆွေးနွေးချက်တွေအကြောင်းကိုလည်း အဆိုတော် အနဂ္ဂက အခုလို ပြောပါတယ်။
အနဂ္ဂ က “ရိုင်းသွားတာကို ဘယ်လိုထိန်းသိမ်းမလဲဆိုတော့ ထိန်းသိမ်းတာက ကိုယ်တိုင်လုပ်တာ မဟုတ်တဲ့အတွက် ကျနော်တို့လည်း တာဝန်ယူလို့လည်း မရပါဘူး။ ဆိုတဲ့ သူတွေကိုယ်တိုင်က သူတို့ရဲ့ အသိဥာဏ်ပညာနဲ့ သူတို့က သီချင်းကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆိုမှပဲ ရမယ်ဆိုတဲ့ အသိရှိဖို့ လိုပါတယ်။ အဲဒီလိုမျိုး ဥာဏ်ရဖို့ အသိရှိဖို့လည်း ကျနော်တို့ ဘေးနားကနေ တိုက်တွန်းပြောဆိုတာတွေကို အကြီးပိုင်းတွေ အနေနဲ့ရော အလတ်ပိုင်းတွေ အနေနဲ့ရော အငယ်ပိုင်းတွေ အနေနဲ့ ရော တယောက်နဲ့ တယောက် စကားလေးတွေ ပါးပြီးတော့ ပြောဖြစ်ပါတယ်။” လို့ ပြောသွားပါတယ်။
စစ်အစိုးရ အုပ်ချုပ်မှုကာလအောက်မှာလည်း မြန်မာ ဟစ်ဟော့ သမားတွေက သီချင်းတွေကနေ တဆင့် အစိုးရကို လှောင်ပြောင် သရော်ခဲ့ကြသလို၊ ဒီမိုကရေစီရေးနဲ့ လွတ်မြောက်ရေး တေးတွေ သီဆိုခဲ့ကြလို့ ခုလွှတ်တော်အမတ်ဖြစ်နေတဲ့ ဇေယျာသော် အပါအ၀င် ဟစ်ဟော့ အဆိုတော်တွေ ဟာ ဖမ်းဆီး အကျဉ်းချ ခံရတာတွေလည်း ရှိခဲ့ပါတယ်။
