
မေလ ၂၈ ရက်နေ့ နေ့လယ်လောက်က ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ အစစ်ဆေးမခံဘဲ ထွက်ပြေးတဲ့ ဆိုင်ကယ်သမားကို စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့က ပစ်ခတ်ရာက ပတ်ဝန်းကျင်ရှိ အမျိုးသမီးတဦးကို သေနတ်ကျည် ထိမှန်ပစ်သွားတယ်လို့ သိရပါတယ်။
မေ ၂၈ ရက်နေ့လယ်လောက်က မဲ့ထော်သလေးနဲ့ မြဝတီကြားမှာ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူစစ်တပ်ဖွဲ့ ပူးပေါင်းဂိတ်က ဆိုင်ကယ်တစီးကို စစ်ဆေးဖို့လုပ်ရာ မရပ်ပေးဘဲ အရှိန်ပြင်းစွာ မောင်းနှင်ပြီး ရဲတပ်သား တစ်ဦးကိုလည်း ဝင်တိုက် ထွက်ပြေးသွားခဲ့ပါတယ်။
ဒါကြောင့် ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ရာ အနီးအနားရှိ မြဝတီမြို့တွင်း အိမ်ဆောက်ပစ္စည်း လာဝယ်ပြီး ပြန်လာတဲ့ ကားတစ်စီးပေါ်ရှိ အမျိုးသမီးရဲ့ ယာဘက်ပခုံး ကျည်ထိမှန်သွားပြီး ယာဉ်မောင်းကတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။
ဖြစ်စဉ်ကြောင့် ကားအနည်းငယ်ပျက်စီးမှု ဖြစ်ပွားပြီး ပစ်ခတ်ခံထိတဲ့ လူနာကို မော်လမြိုင်ဈေးရုံကို ဆက်လက်ပို့ဆောင်သွားပါတယ်။
လက်ရှိမှာတော့ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသူကို ဖမ်းဆီးနိုင်ဖို့ မြဝတီလုံခြုံရေးတပ်ဖွဲ့က ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။