အကြမ်းဖက်စစ်ခေါင်းဆောင် မသေမချင်း ကာချုပ်လုပ်ရန် စီစဉ်နေသည့်အပေါ် တပ်မတော်အရာရှိ ဝေဖန်

ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ တာဝန်ထမ်းဆောင်ခွင့်သက်တမ်း အသက် ၆၅ နှစ်အထိဆိုတဲ့ သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်တာဟာ အာဏာယစ်မူးနေတာကို ပြသတာဖြစ်တယ်လို့  CDM ဝင်ထားတဲ့ တပ်မတော်အရာရှိတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုဦးစီးချုပ်တို့ အသက် ၆၅ အထိပဲ တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို အာဏာသိမ်းပြီး မကြာခင်မှာဘဲ စစ်ကောင်စီက ပယ်ဖျက်ခဲ့ပါတယ်။

အသက် ၆၅ နှစ်အထိပဲ တာဝန်ထမ်းဆောင်ခွင့်ရှိတယ်ဆိုတဲ့ကန့်သတ်ချက်ကို ပယ်ဖျက်ကြောင်း စစ်ကောင်စီရဲ့ညွှန်ကြားလွှာကို မတ်လ ၅ ရက်နေ့ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းမှာ အတည်ပြု ထည့်သွင်းဖော်ပြခဲ့ပါတယ်။

တပ်မတော်သားတွေရဲ့ စစ်မှုထမ်းသက်ကိုကန့်သတ်ဖို့ ၂၀၁၄ခုနှစ်မှာ ညွန်ကြားလွှာထုတ်ပြန်ခဲ့ပြီး တပ်ချုပ်နဲ့ ဒုတပ်ချုပ်တို့ဟာ အသက် ၆၅နှစ်ထက် မပိုတဲ့ကာလအထိသာ တာဝန်ထမ်းဆောင်ခွင့်ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး  CDMဝင်ထားတဲ့ တပ်မတော်အရာရှိတစ်ဦးက “ ဦးသန်းရွှေဆိုလည်း ကာချုပ်လုပ်ခဲ့တာနှစ်ပေါင်းမနည်း။ မင်းအောင်လှိုင်လည်း ကာချုပ်လုပ်ခဲ့တာ ဆယ်နှစ်ကျော်ခဲ့ပြီ။ ကျန်တဲ့သူတွေသာရာထူးတွေပြောင်းသွားတယ် အငြိမ်းစားယူသွားတယ် သူတို့နှစ်ယောက်ကတော့ လက်ရှိနေရာမှာကာချုပ် ဒုကာချုပ်ရာထူးတွေက အချိန်အကန့်အသတ်မရှိဘူး ဖြစ်နေတာ။ နောက်လူတွေအတွက်က အဲ့ဒီရာထူးတွေကိုမျှော်လင့်ဖို့က အခက်အခဲဖြစ်နေတာပေါ့။ တပ်မတော်ရဲ့ ဆုံးဖြတ်နိုင်တဲ့ ထိပ်ပိုင်းနေရာတွေကို ယူထားပြီးတော့ ပြန်မဆင်းတော့ဘူးဖြစ်နေတာပေါ့။ အာဏာယစ်မူးနေကြတာပေါ့။”

တပ်ချုပ်နဲ့ ဒုတပ်ချုပ်တို့ တာဝန်ထမ်းဆောင်မယ့်ကာလသက်တမ်းတိုးဖို့ ကြိုးစားတာဟာ သူတို့အာဏာစသိမ်းတုန်းက ရွေးကောက်ပွဲပြန်ကျင်းပပေးမယ်ဆိုတဲ့ အာမခံချက်ကို ဆောင်ရွက်နိုင်ဖို့လည်း ဖြစ်နိုင်တယ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ကသုံးသပ်ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး အချိန်သုံးလကျော်ကြာတဲ့အထိ တိုင်းပြည်ကိုစီမံခန့်ခွဲအုပ်ချုပ်ဖို့ မဆောင်ရွက်နိုင်သေးတဲ့အတွက် တပ်ချုပ်ဟာ သူ့ရဲ့တာဝန်ထမ်း ဆောင်ခွင့်သက်တမ်းကိုတိုးပြီး စီမံခန့်ခွဲနိုင်အောင် ကြိုးစားတာလို့လည်းဆိုပါတယ်။

နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့  တပ်ချုပ်က သက်တမ်းတိုးဖို့ကြိုးစားတာဟာ အာဏာသိမ်းတုန်းကကတိ အတိုင်းရွေးကောက်ပွဲပြန်ကျင်းပပေးဖို့ဆိုတာထက် အာဏာကို ချုပ်ကိုင်ပြီး ရေရှည်အုပ်ချုပ်ဖို့ စီစဉ်တာလို့ သုံးသပ်ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး ပြည်သူကိုအကြမ်းဖက်အုပ်ချုပ်ဖို့ကြိုးစားနေတာတွေဟာ အောင်မြင်လာမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

၂၀၁၀ မတိုင်ခင် စစ်အာဏာရှင်လက်ထက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အနှစ် ၂၀ကျော် တပ်ချုပ်ရာထူးနဲ့ကာလရှည်အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ထဲမှာ အရာရှိကြီးငယ်တွေဟာ ရာထူးတိုးဖို့ အခက်အခဲတွေရှိနေပြီး ထိပ်ပိုင်းခေါင်းဆောင်တွေအပြောင်းအလဲမဖြစ်သလို အောက်ခြေမှာလည်း ရာထူးနေရာ အတွက် စိတ်သဘောထားကွဲလွဲတာတွေရှိနေပါတယ်။

စစ်အာဏာသိမ်းပြီးချိန်မှာတော့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေဆောင်ရွက်ချက်ဟာ မတရားဘူးလို့မြင်တဲ့သူတွေနဲ့ အကြောက်တရားကြောင့်မလွန်ဆန်နိုင်သူတွေဆိုပြီး တပ်တွင်းမှာ သဘောထားကွဲနေကြတယ်လို့ CDM ဝင်ထားတဲ့ တပ်မတော်အရာရှိတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up