
ရန်ကုန်မြို့၊ တာမွေမြို့နယ် အထက ၁ တာမွေ ကျောင်းဘေးအပြင်ဘက် ကားဂိတ်နားမှာ မေလ ၁၉ ရက် ညပိုင်းက ဗုံး ၂ လုံး အချိန်အနည်းငယ်ခြားပြီး ပေါက်သွားခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ည ၇ နာရီ ၅၅ မိနစ်မှာ တစ်လုံးပေါက်ခဲ့ပြီး ၈ နာရီ ၂မိနစ်လောက်မှာ နောက်တစ်လုံးထပ်ပေါက်တာလို့ အနီးနားနေထိုင်သူတွေက ပြောပါတယ်။ အဲဒီကျောင်းနဲ့ UN ရုံးဟာလည်း မလှမ်းမကမ်းမှာရှိနေတာပါ။ ဗုံးပေါက်ကွဲမှု ပြင်းထန်တာကြောင့် ပေါက်ကွဲသံကို တာမွေကျောက်မြောင်းဘက်အထိ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတချို့ရှိတယ်လို့ သတင်းတွေထွက်နေပေမဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ လက်ရှိမှာ သိရသလောက် အထက ၁ အနီးဝန်းကျင်မှာ စစ်ကား ၃ စီး ထက်မနည်း ရှိနေပါတယ်။
အဝိုင်းထိပ်ဘက်ကိုလည်း စစ်ကောင်စီတပ် ကားကြီး ၁ စီး ရောက်ပြီး စောင့်နေတယ်လို့ တာမွေဒေသခံတွေက ဆိုပါတယ်။
Photo-BEHS 1 Tamwe