မြန်မာအလှမယ် ထားထက်ထက်ဒေသတွင်းမီဒီယာများနှင့် ထိုင်းလူမှုကွန်ရက်တွင် ရေပန်းစားနေ

စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ဖို့ တိုင်းရင်းသားတော်လှန်ရေးနယ်မြေမှာ သွားရောက် စစ်ရေးလေ့ကျင့်နေတဲ့ မြန်မာပြည်က အလှမယ် ထားထက်ထက်အကြောင်းကို ထိုင်း၊ ကိုရီးယား၊ ဟောင်ကောင်နဲ့ စင်ကာပူစတဲ့ ဒေသတွင်းသတင်း မီဒီယာတွေမှာ အသားပေး ဖော်ပြပြီးနေပြီး ထိုင်းလူမှုကွန်ရက်တွေမှာလည်း ရေပန်း စားနေပါတယ်။

အလှမယ်ထားထက်ထက်ဟာ တော်လှန်ရေးနယ်မြေထဲရောက်နေတာ ၁ လနဲ့ ၁၁ ရက်ရှိသွားပြီဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ သေနတ်လွယ်ထားတဲ့ ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့ရာက ထိုင်းသတင်းတွေကလည်း သူ့ အကြောင်းကို ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ 

.komchadluek. သတင်းမှာဆိုရင် ခေါင်းကြီးပိုင်းမှာ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ချေဂွေးဗားရားရဲ့ ခြေလှမ်းနောက်လိုက်မယ့် မြန်မာအလှမယ်၊ အာဏာရှင်ကျဆုံးရေးအတွက် လက်နက်ကို လက်နက်ချင်းယှဉ်ပြိုင်ဖို့ တောခိုခဲ့တဲ့  မြန်မာအလှမယ် ဆိုပြီး  ဖော်ပြထားပါတယ်။

သူမဟာ စစ်အာဏာရှင်ကျဆုံးရေးအတွက် အသက်ကိုစွန့်ပြီး တော်လှန်သွားမယ့်အကြောင်း၊ တော်လှန်ရေးမှာ လက်နက်အားဖြင့်သော်လည်းကောင်း၊ ကလောင်သွားဖြင့်သော်လည်းကောင်း၊   ကီးဘုတ်ဖြင့်လည်းကောင်း၊ ငွေကြေးထောက်ပံ့ခြင်းဖြင့်လည်းကောင်း  တတ်နိုင်တဲ့ဘက်က ဝိုင်း လုပ်မှ အောင်မြင်မယ့်အကြောင်း အလှမယ်ထားထက်ထက်က သူ့ ကိုယ်ပိုင်လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။ 

News 1 Live သတင်းမှာတော့ အာဏာရှင်အစိုးရကို လက်နက်ကိုင်တော်လှန်ဖို့တော ခိုသွားတဲ့ မြန်မာအလှမယ် ထားထက်ထက် ဆိုတဲ့ခေါင်းစဉ်နဲ့ ဖော်ပြပါတယ်။ 

အဆိုပါသတင်းမှာတော့ ထားထက်ထက်ဟာ အသက် ၂၄ နှစ်ရွယ် လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Grand International အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ထိုစဉ်က သူမဟာ ပထမဆုမရခဲ့ပေမယ့် ဆန်ကာတင်အလှမယ် ၂၀ ဦးမှာပါဝင်ခဲ့သလို အမျိုးသားဝတ်စုံပြိုင်ပွဲ ဆန်ကာတင် ၁၀ ဦးထဲ ပါဝင်ပြီး vote အများဆုံးနဲ့ Miss Popular ဆုကိုရခဲ့တယ်လို့ ဖော်ပြပါတယ်။ 

အဲဒီပြိုင်ပွဲမှာ ဆုငွေ ဒေါ်လာ ၃၀၀၀ ရခဲ့ပြီး  သူကအဆိုပါဆုငွေကို ပရဟိတလုပ်ငန်းအတွက် သုံးစွဲသွားမယ်လို့ ပြောဆိုခဲ့တာမို့ သူမရဲ့မွန်မြတ်တဲ့စိတ်ထား ပေါ်လွင်ခဲ့ကြောင်း၊ ဒါ့အပြင် သူဟာ လူငယ်တွေကိုကာယလေ့ကျင့်ခန်းသင်တန်းပေးနေတဲ့ စေတနာ့ဝန်ထမ်းဆရာမ၊  သက်ကြီးရွယ်အိုနဲ့ ဝေဒနာရှင်တွေ စောင့်ရှောက်ကူညီရေးလုပ်ငန်း ဆောင်ရွက်သူဖြစ်ကြောင်း၊ အခုချိန်မှာတော့ သူဟာ စစ်အာဏာရှင် အစိုးရကို တော်လှန်ဖို့ သေနတ်ကိုင်ဆောင်နေတဲ့ တော်လှန်ရေး သမားဖြစ်နေပြီလို့ ရေးသားဖော်ပြပါတယ်။ 

The voice TV သတင်းမှာတော့ လက်ရှိမြန်မာနိုင်ငံရဲ့ ဆန္ဒပြပွဲ ၊ အဖမ်းအဆီးသတင်း၊ တိုက်ပွဲသတင်းတွေကြား ရေပန်းစားနေတာကတော့ အလှမယ်တစ်ဦး တောခိုသွားတဲ့ အကြောင်း ဖြစ်တယ်၊ လူမှုကွန်ရက်မှာ ဖော်လိုဝါ ၃ သိန်းကျော်ရှိတဲ့  Miss Grand Myanmar ထားထက်ထက်ဟာ နှစ်ပေါင်း ၆၀ ကျော် မြန်မာပြည်သူပြည်သားတိုင်းရင်းသားတွေပေါ် ဖိနှိပ်လာတဲ့ စစ်အာဏာရှင် အဆုံးသတ်ဖို့ အသက်နဲ့ရင်းပြီး လက်နက်ကိုင်တိုက်ပွဲဝင်သွားမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးထားတယ်လို့ဖော်ပြပါတယ်။ 

အဆိုပါသတင်းဌာနတွေရဲ့ လူမှုကွန်ရက်ပို့စ်တွေမှာတော့  ထိုင်းလူမျိုးအများစုက ထားထက်ထက်ကို အားပေးတဲ့အကြောင်း မှတ်ချက်တွေ ရေးသားထားကြပါတယ်။

ထိုင်းပြည်သူ တချို့ကလည်း “  တို့ဆီကအလှမယ်တွေနဲ့တော့ကွာပ” ။  “  တို့ဆီကအလှမယ်တွေကသူများကိုမြူဆွယ်ဖို့ပဲတတ်တယ်”။  “ထိုင်းအလှမယ်တွေ စံနမူနာကြည့်ထားကြ”။   “  သူဟာ ကမ္ဘာ့အလှမယ်သရဖူမဆောင်းရပေမယ့် ကမ္ဘာကလူတွေရဲ့နှလုံးသားကိုတော့ရလိုက်တယ်”။  “ ဘေးကင်းပါစေ”။ “ မြန်မာစစ်အာဏာရှင်ကို အပြုတ်တိုက်နိုင်ပါစေ”။ “ မွန်မြတ်လှပါတယ် ”။ “ အောင်မြင်ပါစေ ”စသဖြင့် မှတ်ချက်တွေ ရေးသားထားကြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up