Home
မေးမြန်းခန်း
“ရွာသားတွေက ဘန်ကာတွေလုပ်ပြီး ကာကွယ်နေကြတယ်” တလုပ်မြို့တိုက်ပွဲ မေးမြန်းချက်
DVB
·
May 12, 2021

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တလုပ်မြို့မှာ  မေလ ၁၁ ရက်က အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် အင်အား ၂၀၀ လောက်က ရွာတွေကိုဝိုင်းထားပြီး ဒေသခံ ၇၀၀ လောက်က ခုခံကာကွယ်နေကြပါတယ်။ လက်ရှိ တလုပ်မြို့မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံတဦးကို ဒီဗွီဘီက  ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ တလုပ်မြို့ကို စစ်တပ်က လာဝိုင်းတယ်ပြောတယ်။ ဘာကြောင့် လာဝိုင်းတာလဲဗျ။

ဖြေ- “ ဘာကြောင့်လာဝိုင်းတယ်ဆိုတာ မသိဘူး။ ဒီလိုလာဝိုင်းနည်းမျိုးက သုံးခါရှိပြီ။ တတိယအကြိမ်လာဝိုင်းတာ ဘာကြောင့်ဝိုင်းမှန်း အခုအချိန်ထိ ကျနော်တို့ မသိရသေးဘူး။”

မေး။ ။ မေလ ၁၁ ရက် ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ကို ပြောပြပါဦး။

“ ဒီနေ့ (မေလ ၁၁ရက်)  ၂နာရီလောက်မှာ စစ်ကား ၉ စီး စရောက်လာတယ်။ စစ်ကား ၉စီးရောက်လာပြီး ကျနော်တို့ရွာ တောင်တံခါးနဲ့အရှေ့တံခါးကို သူတို့ဝိုင်းတယ်။ ဝိုင်းပြီးတော့ ပစ်တယ်၊ ပစ်ခတ်တဲ့အချက်ရေပေါင်းက ရာဂဏန်းရောက်သွားတယ်။ ပစ်ခတ်နေတာ၊ ကျနော်တို့ ပြည်သူထဲက လက်မောင်းကို တယောက် ထိတယ်။ ထိပြီးတော့ နောက်ထပ်စစ်ကားလေးငါးစီး ထပ်ရောက်လာတယ်။ ထပ်ရောက်လာပြီးတော့ အခုအချိန်အထိ အပြန်အလှန်ပစ်ခတ်နေတုန်းရှိသေးတယ်။”

မေး။ ။ အဲ့ဒီတော့ အပြန်အလှန်ပစ်ခတ်မှုအတွင်းမှာ လူသေဆုံးမှု ဒဏ်ရာရရှိမှုတို့ ပြောပြပေးပါ။

ဖြေ- “လူသေဆုံးမှုက စစ်ကောင်စီဘက်က တယောက်သေပြီးတော့ နှစ်ယောက် ဒဏ်ရာရတယ်။ ပြည်သူဘက်ကကျတော့ အစောက ကျနော်ပြောသလို လက်မောင်းကို တယောက်ထိတယ်၊ စစ်တပ်အင်အားက ညနေပိုင်းအထိဆို ၂၀၀ ကျော်သွားပြီ။”

မေး။ ။  မေလ ၁၁ရက် ညနေပိုင်းအခြေအနေပြောပြပေးပါ။

ဖြေ။ “အခုအချိန်အထိ ပစ်ခတ်နေတုန်းပဲ၊ သေနတ်သံတွေကြားနေရတုန်းပဲ၊ ဘရင်းဂန်းတွေနဲ့ တောက်လျှောက်ဆွဲပစ်နေတယ်။ သူတို့ရွာထဲဝင်ဖို့ ပစ်ခတ်နေတာကို ရွာသားတွေက ရွာအဝင်တွေ ကနေ ဘန်ကာတွေလုပ်ပြီးတော့ ကာကွယ်နေကြတာ၊ လောလောဆယ်တော့ ဘာလက်နက်နဲ့လည်း ဆိုတော့ တူမီးတို့၊ လေးခွ ဂျင်ကလိပေါ့ ဒါပါပဲ။ ဘာမှဟိုလိုမျိုး မရှိပါဘူး။ ရွာက အကုန်လုံးဆိုလို့ရှိရင် ခုနှစ်ရာ ရှစ်ရာလောက်ရှိတယ်။”

မေး။ ။ အရင်ရက်တွေတုန်းက  ဖြစ်ခဲ့တာတွေ ပြောပြပါဦး။

ဖြေ။ “ ပထမတခေါက် လာတယ်။ ရွာအဝင်မှာ အခုလိုပဲ သူတို့ ပစ်ခတ်တယ်။ အရင်တုန်းက ပစ်တာကတော့ ရာဘာကျည်တွေနဲ့ ပစ်တာပေါ့နော်၊ ထိခိုက်မှု မရှိဘူး။ သူတို့ နှစ်ဘက်စလုံး ထိခိုက်မှု မရှိဘူး၊ သူတို့ပြန်သွားတယ်။ နောက် ဒုတိယတခေါက်မှာလည်း ထပ်ပြီးတော့ လာတယ်။ အဲ့လိုပဲ ပထမတခေါက်ပုံစံမျိုးပဲ လာတယ်။”

“အခုတခေါက်ကျတော့ ကျည်အစစ်နဲ့ ပစ်တယ်။ လောလောဆယ်အနေအထားကတော့ တောင့်မြဲတောင့်ထားတာပေါ့။ အစောပိုင်းတုန်းကလိုပဲ တောင့်တောင့်တင်းတင်းနဲ့ ခုခံထားနိုင်တယ်။ စစ်တပ်ကလာတယ်ဆိုတာကလည်း ကျနော်တို့ရွာမှာ သုံးခေါက်ရှိပြီ၊ အကြောင်းပြချက် ဘာလိုချင်တယ်၊ ဘာလုပ်ချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာ အကြောင်းပြချက် မပေးဘဲနဲ့ သုံးခေါက်တောင်လာပြီးတော့ ရွာထဲကို ဝင်ဖို့ကြိုးစားနေတာက ဘယ်လိုပြောရမလဲဆိုတော့ ကျနော်တို့က ဘယ်လိုတောင်တွက်ဆလို့ တွက်ဆရမှန်းမသိတဲ့ အနေအထားဖြစ်နေတာပေါ့။ အဲ့လိုမျိုး ၊ ဥပမာ သူတို့လိုချင်တဲ့ လူ၊ ဥပမာ ခေါင်းဆောင်ပိုင်းတွေတို့ နောက် CDM တွေတို့ အဲ့လိုမျိုး ဘာမှမပြောသေးဘူး၊ မကြားရဘူး၊ ကျနော်တို့ မသိရသေးဘူး။ ဘာဖြစ်ချင်လို့ရွာထဲဝင် ဘာလုပ်ချင်လို့ရွာထဲဝင်ချင်မှန်းကို ကျနော်တို့ မသိသေးဘူးဗျ၊”။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024