ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ စစ်အုပ်စုလက်ပါးစေ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ကို ဖျက်သိမ်းကြောင်းနဲ့ တရားမဝင်အသင်းအဖြစ် ကြေညာလိုက်ပြီး ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းလိုက်ကြောင်း မေ ၁၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ဒီကောင်စီကိုတော့ စစ်အာဏာရှင်စနစ်၊ အကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျပြီး ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်မယ့် ပြည်သူ့အစိုးရ တရားဝင်တက်မလာခင် ကြားကာလအတွင်း တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေး၊ ပညာရေးနဲ့ တက္ကသိုလ်နဲ့ သက်ဆိုင်တဲ့ ကိစ္စအဝဝ ကို ဆောင်ရွက်နိုင်ဖို့ ဆရာကိုယ်စားလှယ် ၃ ဦး၊ ကျောင်းသားများသမဂ္ဂကိုယ်စားလှယ် ၃ ဦး၊ ဝန်ထမ်းကိုယ်စားလှယ် ၃ ဦးတို့နဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
ကောင်စီကို ရည်ရွယ်ချက် ၄ ချက်နဲ့ ဖွဲ့စည်းကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ပုန်ကန်တဲ့ ကာလအတွင်းမှာ တက္ကသိုလ်ရဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ရန်ကုန်နဲ့ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ၂ ခုရှိနေပြီး တက္ကသိုလ် ၂ ခုလုံးမှာ CRPH ၊ NUG နဲ့ NUG ရဲ့ပညာရေးဝန်ကြီးဌာနကို ထောက်ခံတဲ့ ယာယီ အုပ်ချုပ်ရေးကောင်စီတွေ ဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်။