ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့ပေါ်နဲ့ လုံးခင်းကျေးရွာ၊ ဆိပ်မူကျေးရွာတွေမှာရှိတဲ့ မော်တော်ဆိုင်ကယ် အရောင်းဆိုင်တွေက ဆိုင်ကယ်အသစ်တွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်ရဲတပ်ဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက မေ ၇ ရက်နေ့ည ၁၀ နာရီချိန်မှာ လိုက်လံ သိမ်းဆည်းခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။
ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်ရှိ ဆိုင်ကယ်အရောင်းဆိုင်လေးဆိုင်မှာ ၁ ဆိုင်ကို ၂ စီးနှုန်းနဲ့ ဖမ်းဆီးသွားတယ်လို့လည်း ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
"ဖမ်းသွားတာတော့ နှစ်စီးပါ။ လူတွေကိုတော့ မဖမ်းပါဘူး။ ခံဝန်ထိုးပေးရတာလည်းမရှိဘူး၊ ဘယ်လိုအရေးယူမယ်ဆိုတာကလည်း အပေါ်က ညွှန်ကြားချက်လာမှလို့ ပြောတယ်ဗျ။"
ဖားကန့်မြို့နဲ့ ဆိပ်မူ၊ လုံးခင်းကျေးရွာတွေမှာ ဆိုင်ကယ်အရောင်းဆိုင် ၆ ဆိုင်ထက်မနည်းရှိနေပြီး အဲဒီနေ့ညက စစ်ကောင်စီက ဆိုင်ကယ် ၁၀ စီးကျော်ကို ဖမ်းဆီးထိန်းသိမ်းသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေ့နေ့ညက ဖားကန့်အပါအဝင် ဗန်းမော်နဲ့ မိုးညှင်းမြို့တွေမှာလည်း အလားတူ ဖမ်းဆီးမှုမျိုးတွေကို တချိန်တည်း လုပ်ဆောင်ခဲ့တယ်လို့ မြို့ခံအသီးသီးဆီက သိရပါတယ်။
ဆိုင်ကယ်ဆိုင်တွေဟာ ရောင်းချနေတာ နှစ်ပေါင်းအတော်ကြာပြီဖြစ်ကာ ဝန်ထမ်း၊ အရာရှိအရာခံတွေပါ လိုင်စင်မဲ့ဆိုင်ကယ်စီးပြီး ရုံးတက်နေချိန်မှာ ဝင်ရောက်ဖမ်းဆီးတာဟာ နားမလည်နိုင်ဘူးလို့ ဖမ်းဆီးခံရတဲ့ ဆိုင်ရှင်တွေက ပြောဆိုနေကြပါတယ်။
အခုလိုမျိုးလုပ်ဆောင်နေတာဟာ ပြည်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်သေးသေးလေးတွေကို အကြပ်ဆိုက်အောင် ရည်ရွယ်ချက်ရှိရှိ စစ်ကောင်စီက လုပ်နေတာလို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။