Home
ဆောင်းပါး
ဘဏ်တွေပြိုလဲသောအခါ
DVB
·
May 8, 2021

မြန်မာငွေကြေးစနစ်က အားလုံးသိတဲ့အတိုင်း အွန်လိုင်းတို့၊ ကတ်တို့၊ ဒစ်ဂျစ်တယ်လ် မန်းနီးတို့အစား ငွေသားနဲ့ ရောင်းဝယ် ပေးချေတာက များတယ်။ အာဏာသိမ်းပြီး ဘဏ်တွေမှာ ငွေထုတ်ရခက်တဲ့အတွက် လူတွေလက်ထဲ ငွေနည်းသွားတယ်။ ဒါပေမဲ့ အေတီအမ်လို ငွေထုတ်စက်တွေ ရှိနေပြီး ဘဏ်တွေကလည်း ငွေအတန်အသင့် ဖြည့်ပေးနိုင်တာမို့ ငွေလုံးလုံးထုတ်မရတာမျိုး မဖြစ်ခဲ့ဘဲ အထိုက်အလျောက် ပြေလျော့မှုရခဲ့တယ်။ တဖက်မှာ ဘဏ်တွေရဲ့ K Pay Yoma Smart AYA Pay တို့ Mobile Money တို့လို အွန်လိုင်းစနစ်တွေလည်း ရှိနေပြီးဖြစ်ကာ ပြင်ပက Wave Money တို့ True Money တို့လို ဒစ်ဂျစ်တယ်ပေးမန့် ပလက်ဖောင်းများကနေ ငွေလွှဲနိုင်ရုံမက Agent တွေဆီမှာ ငွေသားပါ အတန်အသင့်ထုတ်ယူနိုင်လို့ ဒါတွေကလည်း ထွက်ပေါက်တွေ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ငွေ သိန်းသန်းချီအပ်ထားတဲ့ငွေတွေကတော့ ဘဏ်တွေမှာ ပိတ်မိနေဆဲပါ။ ဒီထဲမှာ စီးပွားရေးလုပ်ငန်းကြီးတွေရော ပုဂ္ဂလိကအပ်ငွေတွေပါ ပါဝင်ပါတယ်။ CDM ထဲမှာ ပုဂ္ဂလိကဘဏ်တွေ ပါလာလို့ ဘဏ်လုပ်ငန်းတွေ ရပ်တန့်နေတော့ ATM မှာ တန်းစီထုတ်ရာကနေ အစိုးရက ဖိအားပေးလို့ ဘဏ်တွေ ပြန်ဖွင့်တဲ့တိုင် ထုတ်ယူခွင့် ကန့်သတ်ထားတဲ့အတွက် ငွေထုတ်ဖို့ ဘဏ်မှာ တန်းစီကြရတုန်းပါပဲ။ ဘဏ်တွေမှာလည်း CDM ပြန်မတက်သူတွေ ရှိနေလို့ ပိုကြန့်ကြာတာလည်း ပါတယ်။ ဒါပေမဲ့ ဘဏ်တွေ ဘယ်လောက်ဖွင့်ဖွင့် ငွေသွင်းသူ မရှိ၊ ငွေထုတ်သူချည်းပဲ ရှိပါတယ်။ ဒါကလည်း သုံးလကြာ စီးပွားရေးစနစ် ယိုယွင်းသွားလို့ လူတိုင်း လက်ထဲမှာ ငွေနည်းနေတာ၊ လက်ရှိဘဏ်စနစ်အပေါ် မယုံကြည်တော့ဘဲ ဘဏ်မှာ ငွေမထားလိုတော့တာ၊ လက်ရှိအနေအထားကနေ ဆက်သွားမယ့် အနာဂတ်ကို မယုံကြည်တာတွေကြောင့် ဖြစ်ပါတယ်။ ငွေလိုလို့ ထုတ်သူထက် အပ်ငွေဆုံးသွားနိုင်တယ်လို့ မယုံကြည်လို့ ထုတ်သူက ပိုများနေတာလည်း တွေ့ရပါတယ်။

ဒီလို မယုံကြည်ရတဲ့အကြောင်းတစ်ခုက ဘဏ်လို့ နာမည်ခံပြီး တကယ် တရားဝင် မှတ်ပုံတင်ထားတာ မဟုတ်တဲ့ ဧရာမြေ၊ ငွေဇုံ စတဲ့ အကျိုးဆောင်ကုမ္ပဏီတွေမှာ အပ်ငွေတွေဆုံးပြီး တပြားမှ ပြန်မရခဲ့တာကို ကြုံခဲ့ဖူးတာကြောင့် ဘဏ်ဆိုတာ ဒီလိုဆုံးတတ်တယ်လို့ မှတ်ယူထားတာက အဓိက ဖြစ်ပါတယ်။ အများပြည်သူက ဒီလို အကျိုးဆောင်နဲ့ ဘဏ်တွေ မတူဘူးဆိုတာ သိတာမဟုတ်ဘဲ ဘဏ်ပျက်ပြီဆိုပြီး ငါတို့ငွေတွေကို ဘဏ်ပိုင်ရှင်တွေ အပိုင်သိန်းသွားရင်ဆိုပြီး ကာဖျူးတောင်မကြောက်ဘဲ မနက် ၄ နာရီ တိုကင်ပေးမှာကို ည ၉ နာရီကတည်းက အိပ်ပျက်ပင်ပန်းခံ လာတန်းစီကြပြီး တစ်ခါထုတ်မှ ၁၀ သိန်းသာရတာ ဖြစ်ပါတယ်။

ဒီလိုနဲ့ဘဏ်တွေမှာ လူတွေ တန်းစီထုတ်နေပြီး အပ်ငွေအပ်သူ မရှိသလောက်ဆိုရင် ကာလအတိုင်းအတာတစ်ခုအတွင်းမှာ ဘဏ်က ငွေလက်ကျန်ကုန်သွားပါလိမ့်မယ်။ ပုံမှန်ဆိုရင် ဗဟိုဘဏ်က ကူညီရပေမယ့် အခုအနေအထားက ဘဏ်တွေရဲ့အပ်ငွေကိုတောင် ဗဟိုဘဏ်က အနိုင်နိုင်ပေးနေရတဲ့သဘော ဖြစ်နေပုံပေါ်ပါတယ်။ ဒီလိုဖြစ်ရင် အနှေးနဲ့အမြန် ဘဏ်တွေပြိုကျ (run out) ဖြစ်နိုင်ပါတယ်။

အဲဒီလိုဖြစ်ရင် နိုင်ငံတကာမှာဆို ဘဏ်က လူမွဲခံယူလိုက်ရင် ငွေရဖို့ ခက်သွားပါပြီ၊ ဒီလိုမဟုတ်ရင်တောင် ပြိုကျသွားတဲ့ဘဏ်ကို စာရင်းရှင်းတဲ့အခါ ဘဏ်က ရစရာရှိတဲ့ ချေးငွေတွေကို ပြန်တောင်းဖို့ မလွယ်တော့ဘဲ ပေးစရာရှိတာတွေကို ဘဏ်က ပြန်ပေးဖို့လည်း အကန့်အသတ်ဖြစ်သွားပါတယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံတကာနဲ့ မတူတဲ့အခြေအနေတချို့ ရှိပါတယ်။ အားသာချက်လို့ ပြောလို့ရပေမယ့် အပြည့်အ၀ အားသာချက်မရနိုင်တဲ့ အားနည်းချက်လည်း ရှိပါတယ်။

အားသာချက်က မြန်မာဘဏ်လောကက နိုင်ငံတကာ ဘဏ်တွေနဲ့ မတူကွဲပြားစွာ အာမခံမဲ့ ငွေချေးပေးခြင်း လုပ်လေ့မရှိပါဘူး။ ဗဟိုဘဏ်ကလည်း အာမခံပစ္စည်းနဲ့ ငွေချေးတာကိုပဲ ခွင့်ပြုတာ အားပေးတာ ဖြစ်ပါတယ်။ ဒါကလည်း မြန်မာနိုင်ငံမှာ ဘဏ်ချေးငွေလာလျှောက်သူရဲ့ ချေးငွေသုံးစွဲမှု ပေးဆပ်မှုရာဇဝင် (Credit History) ကို စိစစ်တဲ့စနစ်၊ ဒါကို မှတ်တမ်းပြုတဲ့ Credit Union တို့ မရှိတဲ့အတွက် ဘဏ်ချေးငွေလျှောက်ထားသူကို အာမခံပစ္စည်း အလွတ်ငွေချေးဖို့ဆိုတာ အတော်အန္တရာယ်များလို့ ဖြစ်ပါတယ်။ ဒါကြောင့် ဘဏ်တွေက ထုတ်ချေးထားတဲ့ ၉၀ ရာခိုင်နှုန်းက အာမခံပစ္စည်းနဲ့ ဖြစ်ပါတယ်။ ဒါဟာ မျက်မှောက်နိုင်ငံတကာစံအရ အတော်ခေတ်နောက်ကျနေပြီး ဘဏ်တွေက ငွေချေးသူတွေအတွက် အခက်အခဲဖြစ်စေပေမယ့် ဘဏ်ပြိုကျတဲ့အခါကျ ဒါက အားသာချက် ဖြစ်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပ်ငွေသမားတွေ ထုတ်မရခဲ့တဲ့ငွေတွေဟာ အာမခံခိုင်မာတဲ့ချေးငွေများအဖြစ် ကျန်ရှိနေလို့ ဖြစ်ပါတယ်။

ဘဏ်လုံးဝပြိုပျက်သွားလို့ ဗဟိုဘဏ်က တာဝန်ယူပြီး စာရင်းရှင်းဖျက်သိမ်းမှု (liquidation) လုပ်တဲ့အခါ ဘဏ်က ရစရာရှိသူများ (အပ်ငွေရှင်များ) က အထောက်အထားပြ တောင်းဆိုရပါတယ်။ ဒီအခါ ဘဏ်ကိုပေးရန်ရှိသူများ (ချေးငွေရှင်) များကို ချေးငွေများ လာဆပ်ရန်၊ မဆပ်က အာမခံပစ္စည်းများကို ရောင်းချပြီး ချေးငွေနဲ့ အတိုးကို ရယူမှာ ဖြစ်ကြောင်း အကြောင်းကြားပါတယ်။ ဒီအခါမှာ ငွေချေးစဉ်က အာမခံပစ္စည်းကို တကယ့်ပေါက်ဈေးထက် ဘဏ်က ဈေးလျှော့ဖြတ်ခဲ့ပြီး အဲဒီတန်ဖိုးဖြတ်ဈေးရဲ့ ၇၀ ရာခိုင်နှုန်းကိုသာ ချေးငွေပေးခဲ့တဲ့အတွက် ချေးငွေ+အတိုးဟာ အိမ်တန်ဖိုးထက် နည်းနေစမြဲမို့ အာမခံပစ္စည်းကို ပြန်လာရွေးကြပါတယ်။ မရွေးနိုင်တာတွေကို လေလံပစ်ပြီး ငွေဖော်လိုက်ပါတယ်။ ဒီနည်းနဲ့ ချေးငွေအများစုကို ပြန်ရယူနိုင်ပြီး အပ်ငွေတွေကို ပြန်ပေးနိုင်ပါတယ်။ ဒီလိုနည်းနဲ့ မြန်မာနိုင်ငံမှာ ဖျက်သိမ်းခံ တရားဝင်ဘဏ်တွေဖြစ်တဲ့ အာရှဓန၊ မေဖလားဝါး၊ ပရိုင်းကော်မာရှယ်လ်၊ ယူနီဗာဆယ် စတဲ့ဘဏ်တွေမှာ အပ်ငွေသမားတွေထဲက ပြန်တောင်းလို့ရတယ်ဆိုတာ မသိလို့ မတောင်းသူမျိုးကလွဲရင် ကျန်သူအားလုံးရဲ့ အပ်ငွေတွေအားလုံး ပြန်ရကြပါတယ်။ ရှုံးသူမရှိပါဘူး။ ဒါဆိုရင် လက်ရှိအနေအထားမှာ ဘဏ်တွေ ပျက်ခဲ့ရင် အပ်ငွေတွေ အားလုံး ပြန်ရမလား ဆိုရင်တော့ ရနိုင်၊ မရနိုင် စဉ်းစားစရာအချက်တချို့  ရှိနေပြန်ပါတယ်။

လက်ရှိအနေအထားမှာ ဘဏ်တွေ ပျက်ခဲ့ရင် အရင်လို အပ်ငွေတွေ မဆုံးရှုံးဘဲ ပြန်ရနိုင်သလားဆိုတာကို အာမမခံနိုင်ဖြစ်ရတဲ့အချက်ကတော့ မြန်မာဘဏ်လောကဟာ ဗဟိုဘဏ် သတ်မှတ်ချက် စည်းမျဥ်းများကနေ သွေဖည်မှုတွေ ဖောက်ဖျက်ကျူးလွန်မှုတွေ ရှိလာနေခဲ့လို့ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တာကာလများက ဘဏ်လောကရဲ့ ပျက်ယွင်းမှုက မသိသာသေးတာမို့ အာမခံနဲ့သာ ငွေချေးရမယ်ဆိုတဲ့အချက် ခိုင်မာနေသေးတဲ့အတွက် ဒီအကျိုးကို အပ်ငွေပိုင်ရှင်များ ခံစားခွင့်ရပြီး ငွေတွေ မဆုံးရှုံးတာ ဖြစ်ပါတယ်။ အခုကာလမှာတော့ တတိတိ ပျက်ယွင်းလာတဲ့ ဘဏ်လောကက အတော်ဆိုးသွားပါပြီ။ ဒီလို တစတစ ပျက်ယွင်းလာမှု လမ်းကြောင်းဟာ စိတ်ဝင်စားဖွယ် ဖြစ်ပေမယ့် ဒါကို ရှင်းပြဖို့က အတော်လေး ရှည်လျားမှာမို့ နောက်မှ သီးခြားတင်ပြပါမယ်။ လက်ရှိမှာက ဘယ်လောက်ပျက်သွားပြီဆိုတာကိုပဲ ပြောရပါမယ်။

၁၉၉၀ နောက်ပိုင်း ပုဂ္ဂလိကဘဏ်တွေ ပေါ်ပေါက်စမှာ ဘဏ်ပိုင်ရှင်နဲ့ အစုရှယ်ယာရှင်များကိုယ်တိုင် ဘဏ်ကချေးငွေယူရင် အာမခံပစ္စည်းတင်ပြီး အများနည်းတူ စည်းကမ်းတကျ ယူရတာပေမယ့် အခုကာလမှာ ဘဏ်ပိုင်ရှင်တွေက ဘဏ်ထဲဝင်လာတဲ့ ငွေ သူ့ငွေလို့ ထင်နေတယ်။ သူ သုံးချင်ရာ သုံး၊ ချေးချင်ရာချေး အချိန်တန်လို့ ငွေ ပြန်လာထုတ်ချိန်မှာ တနည်းနည်းနဲ့ ငွေ ပြန်ပေးလို့ရရင် ပြီးတာပဲလို့ ထင်လာတယ်။ ဒီနည်းနဲ့ သူကိုယ်တိုင် သုံးတာ ဒါ မှမဟုတ် ယုံကြည်သူတွေကို ချေးပေးတာက အာမခံမဲ့ သို့မဟုတ် အာမခံတန်ဖိုးထက် ၂ ဆ၊ ၃ ဆ ပိုများတာတွေ များလာတယ်။ တဖက်မှာလည်း အာမခံမဲ့ ချေးငွေစနစ်တွေ ဖြစ်တဲ့ Hire Purchase လို ငှားဝယ်စနစ်မျိုးတွေမှာ သတ်မှတ်ချက်တွေကို တိတိကျကျ မလိုက်နာဘဲ ဖြစ်သလို လုပ်တာတွေ၊ စိစစ်မှုကို ဝတ္တရားကျေလုပ်တာတွေ ဖြစ်လာပြီး ရောင်းသူနဲ့ ဘဏ်အကြား မရိုးမသား ပူးပေါင်းတာမျိုးတွေ ဖြစ်လာတယ်။

ဒီနည်းနဲ့ တကယ် HP လုပ်တာမဟုတ်ပဲ HP ဝယ်သူအတုကို ရောင်းသူက ဖန်တီးပြီး ဘဏ်ကငွေကို လှည့်သုံးတာမျိုးအထိ ဖြစ်လာပါတယ်။ ချေးငွေမဆပ်လို့ ဘဏ်က လိုက်တော့မှ ဝယ်သူက အတု ဖြစ်နေတာ (များသောအားဖြင့် ရောင်းသူက သူ့ဝန်ထမ်းကို နာမည်ခံခိုင်းတာ)မျိုးတွေအထိ ဖြစ်ပါတယ်။ တခြား အာမခံမဲ့ ချေးငွေတစ်မျိုးဖြစ်တဲ့ ခရက်ဒစ်ကတ်မှာလည်း အလားတူ အကွက်လှည့်တာမျိုးတွေ ရှိလာပါတယ်။ တိုတိုပြောရရင်တော့ ဒီလို ဖောက်ဖျက်မှုတွေကို ဗဟိုဘဏ်က မထိန်းနိုင်ဖြစ်.. ဗဟိုဘဏ်ကလည်း ပိုင်ရှင်ကို မလွန်ဆန်နိုင်တာတို့ မကင်းရာမကင်းကြောင်းတို့ ဖြစ်လာပြီး အမှားတွေကြာ အမှန်တွေလိုလို ဖြစ်လာပါတယ်။ ဒီအခြေအနေမှာ ဘဏ်ပျက်ရင် စာရင်းရှင်းဖျက်သိမ်းတော့ ချေးငွေတချို့က အာမခံမဲ့မို့ ပြန်မရ၊ ချေးငွေတချို့က အာမခံထက် မတန်တဆ ကျော်လို့ ပိုင်ရှင်က မရွေး၊ HPတို့ Credit Card တို့က စည်းကမ်းမဲ့ငွေတွေကဆုံး.. ဖြစ်တဲ့အပြင် အာမခံနဲ့ စနစ်တကျ ချေးထားတဲ့ငွေတွေကိုလည်း ဒီကာလမျိုးမှာ ပိုင်ရှင်တွေက ပြန်ရွေးရခက်ပြီး အဆုံးခံရမလို ဖြစ်မယ်။ တခြား လေလံဆွဲဝယ်သူလည်း နည်းတဲ့အတွက် စျေးနှိမ်ခံရပြီး ငွေအပြည့်အဝ ပြန်မရ ဖြစ်မယ်။ ဒီနည်းနဲ့ ဘဏ်အပ်ငွေတွေ အရင်လိုပဲ ပြန်ရနိုင်ပါတယ်လို့ ပြောရခက်သွားတယ်။ တဖက်မှာလည်း ဘဏ်အများစု တပြိုင်နက် ပျက်တဲ့အခါ စနစ်တကျ ရှင်းလင်းဖျက်သိမ်းဖို့ ဗဟိုဘဏ်က ဆောင်ရွက်နိုင်စွမ်း ရှိပါ့မလား ဆိုတာကလည်း သံသယဖြစ်ဖွယ် ကောင်းတဲ့အချက် ဖြစ်ပါလိမ့်မယ်။

အမှန်တော့ ဘဏ်တွေအကျပ်အတည်း ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းက အာဏာသိမ်းလိုက်ပြီး စီးပွားဆက်ဆံမှုတွေ ပျက်ယွင်းသွားတာက အဓိကအချက်ဖြစ်ပြီး လုံခြုံရေးနဲ့ CDM လုပ်ရှားမှုကြောင့် ဘဏ်တွေ ကာလတစ်ခုအထိ ပိတ်နေခဲ့ခြင်းကလည်း ရောဂါကို ပိုဆိုးသွားစေပါတယ်။ ဒါပေမဲ့ အေတီအမ်က ငွေထုတ်လို့ရနေပြီး ဒီလိုရအောင်လည်း ဘဏ်တွေက ငွေဖြည့်ပေးနေခြင်းကြောင့် အရေးပေါ်လိုသူများက ATM မှာ တန်းစီထုတ်ခွင့် ရနေသေးတာမို့ ထွက်ပေါက်မဲ့ မဟုတ်ပဲ ပြေလျော့မှုတစ်ခု ရနေခဲ့ပါတယ်။ ဒီအခြေအနေအတိုင်း ပုဂ္ဂလိကဘဏ်အများစုက CDM ကြောင့် မဖွ့င်နိုင်သလောက်ရှိပြီး ATM ကသာ ငွေနည်းနည်းစီ ထုတ်ခွင့်ပေးတဲ့စနစ်နဲ့ ဆက်သွားမယ်ဆိုရင် လူတွေ အခက်အခဲရှိနေမှာပေမယ့် ATM ကသာ လာထုတ်ခွင့်ရမှာမို့ ဘဏ်တွေမှာ ငွေလုံးဝကုန်ခန်းသွားတာ မဖြစ်သေးဘဲ ပိုရှည်ကြာတဲ့ ကာလတစ်ခုအထိ ဆွဲဆန့်ထားနိုင်ပါလိမ့်မယ်။

ဒါပေမဲ့ မြန်မာဘဏ်တွေရဲ့ သဘာဝကို နားမလည်ဘဲ CDM ဆိုတာ ငါတို့ကို အာခံတာပဲ၊ ဘဏ်တွေ အားလုံးပြန်ဖွင့်ရင်တော့ ငွေစီးဆင်းမှု ကောင်းသွားမှာပဲ စသဖြင့် တလွဲတွေတွေးပြီး စစ်အုပ်စုက ဘဏ်တွေကို ဖိအားပေး ဖွင့်ခိုင်းခဲ့ပါတယ်။ ဒီလို ဘဏ်တွေ ပြန်ဖွင့်ပေးလိုက်တော့ ငွေလာသွင်းသူ မရှိ၊ ငွေထုတ်သူချည်း ဖြစ်နေပါတယ်။ ဘဏ်တွေအနေနဲ့ အေတီအမ်ကလို ၂ သိန်းပဲ ပေးတယ်ဆိုတာမျိုးလည်း လုပ်လို့မရဘဲ ၁၀ သိန်းတို့ သိန်း ၂၀ တို့ ပေးရပါတယ်။ ဒီတော့ ငွေကုန်မသွားအောင် တနေ့ကို လူ ၂၀၊ ၃၀ စသဖြင့် ကန့်သတ်ရပါတယ်။ ဒီလို ကန့်သတ်လိုက်ခြင်းဟာ ဘဏ်မှာ အပ်ငွေအပ်ထားသူတွေကို ပိုပူပန်စရာ ဖြစ်စေပါတယ်။ ဒီနေရာမှာ စာရင်းသစ်တွေဖွင့်ရင် အကန့်အသတ်မရှိ ထုတ်ခွင့်ပြုမယ်လို့ အမိန့်ထုတ်ပြီး ကုစားဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ လက်ထဲ ငွေနည်းကြတာရယ်၊ ဘဏ်တွေကိုရော လက်ရှိအစိုးရကိုပါ မယုံတာကြောင့် စာရင်းသစ်ဖွင့်သူက မရှိသလောက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအမိန့်က လက်ရှိ စာရင်းဟောင်းတွေကတော့ ငွေထုတ်ခွင့်ရဖို့ မသေချာဘူးဆိုတဲ့ သတင်းစကားမျိုးကို ကြားလိုက်ရသလို ရှိတာမို့ ငွေအပ်ထားသူတွေ ပိုပူပန်ကြ၊ ငွေတွေကို ပိုမြန်မြန်ထုတ်ယူချင်ကြ ဖြစ်ကြပါတယ်။

အထူးသဖြင့် ဘဏ်ကို ငွေလာထုတ်နေသူများဟာ ငွေလိုလို့ ထုတ်တာထက် ယခင် အကျိုးဆောင်တွေမှာ ငွေဆုံးဖူးတဲ့ အိပ်မက်ဆိုးအရ ဘဏ်ဆိုတာ ငွေဆုံးတတ်တယ်ဆိုတဲ့ သင်ခန်းစာနဲ့ အလုအယက်လာထုတ်နေသူတွေက များတာမို့ ပိုပူပန်ကြတာပါ။ ဒါကြောင့် ကိုဗစ်မပြောပါနဲ့၊ သေနတ်ကိုင် ရမ်းကားနေသူတွေတဲ့ ကာဖျူးဆိုတာကြီးကိုတောင် မကြောက်နိုင်ဘဲ ညလုံးပေါက် တန်းစီစောင့်ကြတာပါ။ ဒါတောင်မှ လူအတော်များများက လုံခြုံရေးအရ စိုးရိမ်ပြီး ဘဏ်မှာ ညနက်သန်းခေါင် သွားတန်းမစီတဲ့အပြင် အများစုက လူတွေ ဒီလောက်တောင် သေနေမှတော့ ငါက ငွေဆုံးတာ ဆုံးပစေတော့လို့ စိတ်လျှော့ထားကြတာလည်းရှိ၊ တချို့က ငွေထက် ပိုအရေးကြီးတယ် ထင်ရာမှာ အာရုံစိုက် အချိန်ပေးနေကြသေးတာလည်း ရှိလို့သာ ငွေထုတ်သူက ယခုထက် များသင့်သလောက် မများတာလို့ ဆိုနိုင်ပါသေးတယ်။ အခုတော့ ဘဏ်အတော်များများဟာ ဖုန်းနဲ့ ဘွတ်ကင်အရင်တင်ပြီး ဘဏ်ကထုတ်ပေးမယ်လို့ ချိန်းတဲ့နေ့မှ လာထုတ်စေတဲ့စနစ်ကို ကျင့်သုံးလာကြပါပြီ။ ဘဏ်တွေက သူတို့အပ်ထားတဲ့ငွေတွေ တပြိုင်နက် လာထုတ်နေလို့ ဗဟိုဘဏ်ကလည်း ဘဏ်တွေ ထုတ်သလောက် မပေးနိုင်တဲ့အပြင် ရှိသမျှငွေစက္ကူ ကြံဖန်ထုတ်ပေးရတော့ ဗိုလ်ချုပ်ငွေစက္ကူအသစ် ရိုက်ခဲ့တာတွေကို ထုတ်ပေးနေတာလည်း တွေ့ရပါတယ်။ တစ်ယောက်ကို ဆယ်သိန်းပဲ ပေးတဲ့ဘဏ်တစ်ခုမှာ လစာ ၁၅ သိန်း၊ သိန်း ၂၀ ရပုံပေါ်တဲ့ အဲဒီဘဏ်ရဲ့ DGM လုပ်နေသူ.. မိတ်ဆွေတစ်ယောက်က သူ့လစာ သွားထုတ်တာ ၁၀ သိန်းပဲပေးလို့ ဒါက စာရင်းထဲက ထုတ်တာမဟုတ်ဘူး၊ ငါ့လခလေ..လို့ ပြောတာမရဘဲ ၁၀ သိန်းပဲ ရကြောင်း ပြောတာလည်း ကြားရပါတယ်။

ကာလတစ်ခုအကြာ ဗဟိုဘဏ်မှာ ပေးစရာမရှိအောင် အခြေအနေဆိုးလာရင်တော့ ဇာတ်ညွှန်းဟောင်းကြီးအတိုင်း ငွေစက္ကူအသစ်ရိုက်ပြီး ဘဏ်တွေအားလုံး တပြိုင်နက်တည်း မပျက်ရအောင် ကယ်တင်ဖို့ စီစဥ်နေကြောင်းတော့ သတင်းသဲ့သဲ့ ကြားရကြောင်း တင်ပြလိုက်ရပါတယ်။

(ဆက်လက်ပြီးတော့ ဒီနေ့ကာလမှာ အကျိုးဆက်အဖြစ် ကြုံနေရတဲ့ မြန်မာဘဏ်လောက တစတစ အဆင့်ဆင့် ပျက်ယွင်းလာပုံကို ရှင်းပြချင်ပါတယ်။ ဒါမှလည်း နောင်မှာ ဘဏ္ဍာရေးလောကတစ်ခုလုံး ပြန်ပြုပြင်မှု (Refound) လုပ်ခွင့်ရခဲ့ရင် ဝိုင်းစဥ်းစားဖို့ အချက်အလက်တွေ အကြံဉာဏ်တွေ ရနိုင်မှာမို့ ဖြစ်ပါတယ်။)

ကောင်းကင်လဝန်း

(စာရေးသူသည် ရန်ကုန်မြို့တွင် နေထိုင်သော ဘဏ်အငြိမ်းစားအရာရှိတစ်ဦး ဖြစ်ပါသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024