မန္တလေးမြို့မှာ မေ ၇ ရက်နေ့က လက်လုပ်ဗုံး ပေါက်တဲ့နေရာ ၁၀ နေရာလောက်ရှိပြီး ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ သိရပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်မှာ ကျွဲဆည်ကန်နားက လဝကရုံး၊ ချမ်းအေးသာစံမြို့နယ်မှာ ၆၃ လမ်း၊ ၃၄ လမ်းနဲ့ ၃၅လမ်းကြားက မြန်မာ့အာမခံလုပ်ငန်း မန္တလေးတိုင်းဒေသကြီးရုံး၊ လမ်း ၃၀၊ ၆၇ လမ်းနဲ့ ၆၈ လမ်းကြားရှိ မန္တလေးတိုင်းပညာရေးမှူးရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
အမရပူရမြို့နယ်မှာလည်း ရွှေဂွမ်းထုပ်ရပ်ကွက်ရုံး၊ တောင်သမာန် အုပ်ချုပ်ရေးမှူးရုံး၊ မဟာအောင်မြေမြို့နယ်မှာ မစိုးရိမ်တိုက်သစ် မြောက်ဘက်နား၊ ချမ်းမြသာစည်မြို့နယ်မှာ မြို့နယ်မှူးရုံး၊ တမ္ပဝတီရဲစခန်း၊ မြန်မာ့ သတင်းအချက်အလက်နည်းပညာ တက္ကသိုလ် အမျိုးသားအဆောင်၊ အောင်မြေသာစံမြို့နယ်မှာ ၂၂ လမ်း ၈၆ နဲ့ ၈၇ ကြား ရေမီတာရုံးနား စတဲ့ နေရာတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။
လက်လုပ်ဗုံးခွဲခံရတဲ့နေရာတွေဟာ အစိုးရဌာနဆိုင်ရာရုံးတွေ အများဆုံးဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့သူတွေနေထိုင်ရာ နေရာတွေဖြစ်ကြပါတယ်။
အရင်က လက်လုပ်ဗုံးပစ်ခံရတဲ့ မြန်မာ့အာမခံလုပ်ငန်း မန္တလေးတိုင်းဒေသကြီးရုံးကိုလည်း ဒီကနေ့မှာ ဒုတိယအကြိမ် ဗုံးပစ်ခံခဲ့ရပါတယ်။