မြန်မာ့နွေဦးတော်လှန်ရေးထဲက အမျိုးသမီးသတင်းသမားတွေရဲ့ပုံရိပ် (ဆောင်းပါး)

တတ်သည့်ပညာ မနေသာ 

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လူထုရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို စစ်တပ်က  ဖြုတ်ချပြီး မတရားအာဏာသိမ်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့   ရန်ကုန်မြို့ရဲ့ အထင်ကရ လမ်းတွေပေါ်မှာ လူထုဆန္ဒပြပွဲတွေက အင်နဲ့အားနဲ့ ပေါ်ထွက်လာခဲ့ပါတယ်။ လမ်းမတွေထက်က လူထုလှုပ်ရှားမှုပုံရိပ်တွေကို ဖုန်းကင်မရာလေးနဲ့ ရိုက်ကူးပြီး  သတင်းထောက် ခင်ခင် တစ်ယောက် ပြည်သူတွေဆီကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးခဲ့ပါတယ်။ 

ကိုဗစ်ကာလ စီးပွားရေးအကြပ်အတည်းကြောင့် သတင်းဌာနတချို့ ဝန်ထမ်းလျှော့ချတာ၊ ပိတ်သိမ်းတာတွေကြောင့် ခင်ခင် တစ်ယောက်လည်း သတင်းထောက်အလုပ်နဲ့  ခဏတာ လမ်းခွဲခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က မတရား အာဏာသိမ်းယူလိုက်တဲ့သတင်းက သူ့ကို သတင်း လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖို့ တွန်းအားဖြစ်ခဲ့ပါတယ်။ ခင်ခင် တစ်ယောက် လက်လှမ်းမီတဲ့ သတင်းမီဒီယာတခုနဲ့ ချိတ်ဆက်ပြီး လမ်းမပေါ်ကို ထွက်လာခဲ့ပါတယ်။

"စစ်တပ်က အာဏာသိမ်းပြီး အဲဒီနေ့ ညနေလည်း ကျရော ကိုယ့်အသိ မီဒီယာတိုက်တခုကို ဆက်သွယ်ပြီး ကျမကို လစာ ဒါမှမဟုတ်လည်း စာမူခ မပေးနိုင်ရင်နေပါ။ ဒီလို အခြေအနေမှာ ကျမ တတ်ထားတဲ့ သတင်းပညာနဲ့ ပါဝင်ချင်ပါတယ်။ ဒီတိုက်ပွဲကို အတူတူ တိုက်ခွင့် ရချင်ပါတယ်။ သတင်းတွေကို တင်ဆက်ချင်ပါတယ် ဆိုပြီး ကျမ သတင်းအလုပ်တွေကို ပြန်ပြီးတော့ လုပ်ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေ လမ်းပေါ်ကို ရောက်လာပြီ ဆိုကတည်းက  ကျမလည်း လမ်းပေါ်မှာ ရှိခဲ့တယ်။ သတင်းတွေ စယူခဲ့တယ်" 

မိုဘိုင်း အင်တာနက်တွေကို မဖြတ်တောက် ခင်ကာလ အထိ ခင်ခင်ဟာ ရန်ကုန်မြို့ရဲ့ အကြမ်းဖက် ဖြိုခွင်းခံရတဲ့ မြို့နယ်တွေစီကို သွားရောက်ပြီး အဆက်မပြတ် သတင်းတွေ ထုတ်လွှင့်ပေးခဲ့ပါတယ်။ တချို့ အကြမ်းဖက် ဖြိုခွင်းခံရတဲ့ မြို့နယ်တွေကို သွားရောက် သတင်းယူချိန်မှာတော့ ပိတ်မိပြီး ညအိပ်လိုက်ရတဲ့ နေ့တွေ တောင်ရှိခဲ့ပါတယ်။

နေအိမ် အပြင်ကိုထွက်  သတင်းလိုက်ဖို့ မိသားစုနဲ့ အကြိမ်ကြိမ် အတိုက်အခံ တွေရှိခဲ့ပေမယ့် ခင်ခင် ဟာ သူမွေးထားတဲ့ ကလေးမျက်နှာကို မြင်တိုင်း ကလေးရဲ့ အနာဂတ်အတွက် တတ်ထားတဲ့ သတင်းပညာနဲ့ အာဏာရှင်ကို တော်လှန်ရမယ်ဆိုတဲ့ စိတ်ကပိုလို့ ခိုင်မာလေပါပဲ။ 

ကင်မရာ ကိုင်ရင်း ငိုခဲ့ရ 

ခင်ခင့်လိုပဲ အာဏာရှင်တော်လှန်ရေးမှာ အလွတ်တန်း သတင်းထောက် တစ်ယောက် အနေနဲ့ သတင်းပုံရိပ်တွေကို ဖမ်းယူတင်ဆက်ပေးနေသူ ကတော့ နှင်းနှင်း ဖြစ်ပါတယ်။ လူထုက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ချိန်ကစလို့ အကြမ်းဖက် ဖြိုခွင်းခံရချိန်ထိ သတင်းတွေကို တောက်လျှောက်  တင်ဆက်ပေးခဲ့သူပါ။

သတင်းသမားဘဝမှာ ဆန္ဒပြပွဲတွေကို  အကြိမ်ကြိမ် သွားရောက် သတင်းရိုက်ကူး တင်ဆက်ခဲ့တဲ့ နှင်းနှင်းအတွက်တော့ ဆန္ဒပြပွဲက သိပ်ပြီးတော့ မစိမ်းခဲ့ပါဘူး။ ဒါပေမဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ရဲ့ စစ်အာဏာသိမ်းမှုကို တော်လှန်တဲ့ နုနုငယ်ငယ် Generation Z ဆယ်ကျော်သက်လေးတွေ အကြမ်းဖက် ဖြိုခွင်းခံရပြီး လမ်းပေါ်မှာ သွေးမြေကျမှာ ကိုတော့ သူက စိုးရိမ်ခဲ့ပါတယ်။ 

စစ်တပ်က မျက်ရည်ယိုဗုံး၊ အသံဗုံး၊ သေနတ် ကျည်ဆန်အစစ်နဲ့ ဆန္ဒပြ လူငယ်တွေကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းချိန်မှာတော့ နှင်းနှင်းအတွက် စိတ်အထိခိုက်ဆုံး အချိန်လို့ ပြောလို့ရပါတယ်။ 

"စမ်းချောင်း ပစ်ခတ်မှုမှာ ဆိုရင်လည်း ကိုယ်က တိုက်ပေါ်ကနေ ရိုက်နေတော့ ပစ်တာတွေ၊ ဖမ်းတာတွေ အကုန်မြင် နေရတယ်။ ကင်မရာ ဆက်မကိုင် နိုင်တော့လောက်‌အောင် ထပြီး အော်မိတယ်။ ရှေ့မှာတင် လူတစ်ယောက်ကို သေနတ်နဲ့ ချိန်ပြီး ပစ်တာတွေ။ လူငယ်လေး တစ်ယောက်ကို ကျမ ဘေးတင် ကပ်ဆွဲပြီး ဖမ်းခေါ်သွားတာတွေ  မြင်ရတော့  ကျမ စိုးရိမ်တာတွေက  ဖြစ်လာခဲ့တယ်။ နောက်ပြီး တဘက်မှာလည်း သေဆုံးသူတွေရဲ့ နာရေး သတင်း သွားယူရချိန်မှာလည်း မိဘ ဆုံးရှုံးသွားတဲ့ ကလေးတွေ၊ သားသမီး ဆုံးရှုံးသွားတဲ့ မိဘတွေ ရဲ့ ငိုသံတွေက ပြောပြလို့ မရလောက်အောင် စိတ်ထိခိုက် နာကျင်ရတယ်။ အဲဒါကို ရိုက်ကူး နေရင်းလည်း ငိုခဲ့ရတယ်။ နောက် ရိုက်ကူးလာတဲ့ အရုပ်တွေ ပြန်ပြီး တည်းဖြတ်တော့လည်း ငိုရတယ်။ သတင်းအဖြစ် ထွက်လာတော့လည်း ငိုခဲ့ရတယ်။ တော်တော် နာကျင်ရပါတယ် " 

နှင်းနှင်းဟာ သားသမီးရှိတဲ့သူ ဖြစ်တာကြောင့် ဆန္ဒပြပွဲတွေမှာ သတင်းယူရင်း သူ့ရဲ့ လုံခြုံရေးကို အဓိကထား အာရုံစိုက်ရသူလည်းဖြစ်ပါတယ်။ အလုပ်လောဘ မကြီးဖို့နဲ့ အရမ်းနီးကပ် စွန့်စား တာမျိုး မလုပ်ဖို့ သူက အမြဲသတိထားရပါတယ်။

နှင်းနှင်းဟာ သတင်းသမား တစ်ယောက်ရဲ့ ခံယူချက် ၊ ယုံကြည်ချက်တွေနဲ့ အတူ မတရားမှုတွေကို အမှန်ကို အမှန်တိုင်း၊ အရှိကို အရှိအတိုင်း ချပြရမယ်လို့ ဆုံးဖြတ်ထားသူ ဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်ကို တော်လှန်တဲ့ နွေဦးရဲ့တိုက်ပွဲမှာလည်း သူက သတင်းတွေ တင်ဆက်ရင်း အာဏာရှင်ကို တော်လှန် အာခံသူအဖြစ် တစ်ထောင့် တစ်နေရာကနေ ပါဝင်နေသူဖြစ်ပါတယ်။ 

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တဲ့ အာဏာရှင် 

တဘက်မှာလည်း စစ်တပ်က အာဏာသိမ်းမှု စတင်ပြီးနောက်ပိုင်း သတင်းဌာနတွေကို ရုပ်သံ ထုတ်လွှင့်ခွင့် လိုင်စင်ရုပ်သိမ်းတာ၊ ထုတ်ဝေခွင့် လိုင်စင်ပိတ်သိမ်းတာမျိုး ပြုလုပ်ခဲ့ပါတယ်။ ပြည်သူလူထုကို အချိန်နဲ့  တပြေးညီ သတင်းလက်လှမ်းမှီ မရရှိနိုင်အောင်  ပိတ်ပင်တားဆီးခဲ့ပါတယ်။ တချိန်တည်းမှာ အင်တာနက် သုံးစွဲမှုကိုလည်း အချိန်အပိုင်းအခြားနဲ့ ကန့်သတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားက ဆန္ဒပြပွဲတွေမှာ  စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကို ပြည်သူလူထု လက်လှမ်းမှီ မသိရှိ နိုင်စေဖို့ အတွက် မိုဘိုင်းအင်တာနက်သုံးစွဲမှုကိုလည်း မတ်လ ၁၅ ရက်နေ့ နောက်ပိုင်းက စတင်ပြီး ယာယီဖြတ်တောက် တာမျိုး ပြုလုပ်ခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက လမ်းပေါ်က ဆန္ဒပြ ပြည်သူတွေ ၊ (Civil Disobediece Movement) CDM သမားတွေအပြင် သတင်းမီဒီယာအလုပ်ကို လုပ်တဲ့ သတင်းထောက် တွေကိုလည်း ပစ်မှတ်ထားပြီး ဖြိုခွင်းခဲ့ပါတယ်။

လမ်းမတွေပေါ်မှာ  သတင်းယူနေတဲ့ သတင်းထောက်တွေကို ဖမ်းဆီးတာမျိုး၊ နောက်ယောင်ခံ လိုက်ပြီး ညဘက် အချိန်မတော် နေအိမ်ကို သွားဝိုင်းတဲ့ လုပ်ရပ်မျိုး၊  နေအိမ်မှာ သတင်းထောက် မရှိခဲ့ရင် တောင်ရှိတဲ့ ပစ္စည်း သိမ်းယူသွားမျိုး ဒါမှမဟုတ် နေအိမ်မှာ ရှိတဲ့သူကို ဓားစာခံ အဖြစ် ဖမ်းခေါ်သွားတာမျိုးထိ ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပွဲတွေမှာ သတင်း‌တွေ လိုက်ယူရင်း သတင်းထောက်မှန်းသိပြီး  ခြေရာခံမိရာကနေ  နေအိမ်ကိုပါ စစ်တပ်က လာဝိုင်းတဲ့အထိ ကြုံခဲ့ရသူကတော့ ဝေဝေ ဖြစ်ပါတယ်။ ခုတော့ မိသားစု တကွဲတပြားစီ တစ်ယောက်တနေရာစီ ပုန်းရင်း ရှောင်ရင်း ဝေဝေဟာ မြေပြင်သတင်းတွေကို ရသလောက် တင်ဆက်နေဆဲ ဖြစ်ပါတယ်။

"ကျမတို့က အခု မြေပြင်ကို ဆင်းတာမရတဲ့အပြင်ကို တခြားနေရာတခုမှာ သွားပြီးတော့ နေတယ်ဆိုလို့ ရှိရင်လည်း အခုချိန်က ရပ်ကွက်တွေထဲမှာ  မြင်ဖူးတဲ့ မျက်နှာမဟုတ်တဲ့ လူတွေ ဆိုရင် စောင့်ကြည့်တဲ့ အနေအထားတွေ ရှိနေတဲ့ အခါကျတော့ ကျမတို့က နေရတာ အဆင်ပြေရင်တောင်မှ အပြင်ထွက်လို့မရဘူး။ ပုန်းနေရတဲ့ အခြေအနေမျိုး ဖြစ်နေတော့ ဘယ်လိုပြောရမလဲ သတင်းယူဖို့ဆိုတာ ပိုဆိုးသွားတာပေါ့နော် " 

"သတင်းအလုပ်ကို လုပ်ဖို့အတွက် မြေပြင်မှာရှိဦးမှ ဖြစ်မယ်ဆိုတဲ့စိတ်နဲ့ ခုချိန်ထိတော့ မြေပြင်မှာ‌ နေနေတယ်၊ ကိုယ့်အနီးနားမှာပဲ သတင်းယူလို့ ရသလောက် ယူတယ်။ လုံးဝမရတော့တဲ့ အခြေနေမှာ အပြင်မထွက်တော့ဘဲ ဖုန်းနဲ့ အင်တာဗျုးတာမျိုး နောက်ပြီးတော့ အင်တာနက် ရတဲ့ နေရာလေးတွေ သွားပြီး သတင်းတင်တာမျိုးတွေလုပ်ပါတယ် " 

သတင်းလုပ်ငန်းသည် ရာဇဝတ်မှု မဟုတ်ပါ 

 ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက် ၃ လ နီးပါး ကြာမြင့်ချိန် ဧပြီ ၂၅ ရက်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းမီဒီယာသမား စုစုပေါင်း ၇၅ ဦးထိ ရှိနေဖြစ်ပါတယ်။

အဲဒီထဲက  ၃၂ ဦးက ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ၄၃ ဦးမှာ ဆက်လက် ဖမ်းဆီးခံထားရပြီး တရားရင်ဆိုင် နေရဆဲဖြစ်ပါတယ်။ အများစုမှာ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားကြရပါတယ်။ ဒါ့အပြင် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သတင်းသမား ၂၂ ဦး ထိ ရှိနေဖြစ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ ရုပ်ပိုင်း ဆိုင်ရာလုံခြုံမှုနဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိဖို့ အတွက်လည်း အရေးကြီးပါတယ်။

ဒါ့အပြင် လုံလောက်တဲ့ အကူအညီပေးမှုတွေ လိုအပ်နေပြီး မြေပြင်မှာ ဆက်လက် လုပ်ကိုင်နေတဲ့ သတင်းသမားတွေအတွက် လုံခြုံစွာ နေထိုင်နိုင်ရေးကလည်း အင်မတန်မှ အရေးကြီးပါတယ်။ 

သတင်းရေးသားမှုက ရာဇဝတ်မှု မဟုတ်တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမား တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လိုအပ်တယ်လို့ သတင်းအယ်ဒီတာ တစ်ဦးကပြောပါတယ်။ 

"ဒီမိုကရေစီ ဆိတ်သုဉ်းသွားတဲ့အပေါ်မှာ သတင်းလွတ်လပ်ခွင့်လည်း ပါသွားပါပြီ။ စိတ်မကောင်းစရာပါပဲ။ တစ်ခုပါပဲ သတင်းအလုပ်က ရာဇဝတ်မှု မဟုတ်ပါဘူး။ မီဒီယာသမားတွေ အတွက် အန္တရာယ်ပိုကြီးလာပြီ။ ဒါပေမဲ့ မီဒီယာသမားတွေက အကောင်းဆုံး ကိုယ့်တာဝန် ကိုယ်ကျေဖို့ ကြိုးစားနေကြတယ်။ သတင်းခန်းတွေက အတတ်နိုင်ဆုံး ရရာ နေရာကနေ လုပ်ကိုင်နေကြတယ်။ စိတ်မကောင်းစရာတွေရှိတဲ့ ကြားကပဲ သတင်းခန်းတွေ အတွက် ဂုဏ်ယူနေရတယ်"

လက်ရှိအချိန်မှာတော့ သတင်းအလုပ်နဲ့ အသက်မွေးကြတဲ့ သတင်းသမားအများစုဟာ  စစ်ကောင်စီရဲ့ အဖမ်းဆီးမခံရဖို့ လုံခြုံရေးအတွက် ဦးစားပေး လုပ်ဆောင်နေကြရပါတယ်။ မီဒီယာ တိုက်တချို့ ပိတ်သိမ်းခံရတဲ့အတွက် သတင်းသမားအများစု အလုပ်လက်မဲ့ ဖြစ်ပြီး ငွေကြေး အခက်ခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။ သတင်းအလုပ် ဆက်လုပ်နေကြတဲ့ သတင်းသမားတွေ အနေနဲ့လည်း ဆက်လက် ရပ်တည်ပြီး လုပ်ကိုင်နိုင်ဖို့အတွက် ကူညီထောက်ပံ့မှုတွေလည်း  လိုအပ်နေပါတယ်။

အမှောင်တိ ဖုံးသွားတဲ့ အခြေအနေ အချိန်ကာလတခုဖြစ်တာကြောင့် ခင်ခင်၊ နှင်းနှင်းနဲ့ ဝေဝေ တို့လို သားသည်မိခင်သတင်းသမားတွေဟာ သတင်းအလုပ်ကို တတ်စွမ်းသလောက် ပီပီပြင်ပြင် လုပ်ကိုင်ရင်း အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကလောင်စွမ်းနဲ့ အာခံဖီဆန် တော်လှန်နေကြဦးမှာ ဖြစ်ပါတယ်။

စစ်တပ်က နေအိမ်ကို စစ်သားအင်အားအများအပြားနဲ့ လာရောက်ရှာဖွေတဲ့အတွက် လုံခြုံတဲ့ တနေရာမှာ ပုန်းရှောင်နေရတဲ့ ခင်ခင် တစ်ယောက် သမီးကို လွမ်းဆွတ်တဲ့ ဒဏ်ကို ကြိတ်မှိတ်ခံစားရင်း အာဏာရှင်ကို တော်လှန်မယ့် သူ့ရဲ့ခံယူချက်၊ ယုံကြည်ချက်တွေက ပိုပြီး ခိုင်မာလို့နေပါတော့တယ်။

" ကျမ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ သတင်းလိုက်နေတဲ့ သတင်းသမားတွေ၊ နောက်ပြီးတော့ Citizen Journalist ( CJ)  တွေ လုံးဝ သတင်းတွေမရပ်ပါနဲ့လို့ ပြောချင်ပါတယ်။ ရပ်လိုက်တာနဲ့ ကျမတို့ရဲ့ သတင်းအချက်အလက်တွေ လုံးဝ ပြတ်တောက်သွားမှာပါ။ ကျမတို့တွေ စိတ်တခုနဲ့အတူတူ ကလောင်လက်နဲ့ တိုက်ပွဲဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျမ တောင်းဆိုချင်ပါတယ်" ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up