မန္တလေးနည်းပညာတက္ကသိုလ်များ၌ စစ်ကျွန်ပညာရေးယန္တရား ရပ်တန့်လုဖြစ်နေ

မန္တလေးရှိ နည်းပညာတက္ကသိုလ်တွေဖြစ်တဲ့ MTU နဲ့ TUM တို့မှာ ဝန်ထမ်းတွေ CDM မှာ ပါဝင် နုတ်ထွက်သူတွေရှိနေပြီး နောက်ဆုံးနှစ်ကျောင်းသားတွေ ကျောင်းတက်မှု သုညရာခိုင်နှုန်းကြောင့် စစ်အာဏာရှင်ရဲ့ စစ်ကျွန်ပညာရေးယန္တရား လည်ပတ်နိုင်မှာမဟုတ်ဘဲ ရပ်တန့်သွားလိမ့်မယ်လို့ MTU ကျောင်းသားသမဂ္ဂဝင်ကျောင်းသားတဦး ပြောပါတယ်။

“ကျနော်တို့ကျောင်းက CDM အားကောင်းပါတယ်ခင်ဗျ။ အဲ့တာကို ကျောင်းပြန်တက်သွားတဲ့သူတွေက CDM လုပ်နေတဲ့သူတွေကို ဖုန်းလိုက်ဆက် ခြိမ်းခြောက်ပြီး ပြန်တက်ဖို့ဆွယ်နေတာတွေရှိပါတယ်။ CDM လုပ်နေတဲ့ ဌာနမှူးတွေကိုယ်တိုင် ပြန်ဝင်သလိုပြောပြီး ဆွယ်နေတာတွေလည်း ရှိပါတယ်။ မန္တလေးတိုင်းမှူးလည်း မနေ့က မနက်ပိုင်း ကျောင်းကိုလာပြီး လုပ်ဖော်ကိုင်ဖက်တွေကို ပြန်ခေါ်ဖို့ပြောတာရှိပါတယ်။ အခု ကျောင်းကို ပြန်ဝင်တဲ့သူတွေဟာ ကိုယ်တိုင် အဓမ္မဘက်ကိုသွားရုံသာမကပဲ CDM ပျက်ပြားအောင် လုပ်နေကြတာကို အသိပေးချင်ပါတယ်။ ကျောင်းမှာ ကျောင်းပြန်တက်မယ့် နောက်ဆုံးနှစ်ကျောင်းသားရာခိုင်နှုန်း သုညရာခိုင်နှုန်း ဖြစ်ပါတယ်။ “

ကျောင်းသားတွေကိုလည်း ကျောင်းသားရေးရာက ကျောင်းသားမိဘတွေရဲ့ဖုန်းကို ဆက်ပြီး ကျောင်းပြန်တက်ဖို့ ဖိအားပေးနေပေမယ့် ကျောင်းသားတွေက ကျောင်းပြန်တက်ဖို့ စိတ်ကူးလုံးဝမရှိဘူးလို့ ဆိုပါတယ်။

MTU ကျောင်းသား/သူ ၁၂ ယောက်ကိုလည်း အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီးထားတာ ၂ လလောက်ရှိပြီဖြစ်ပြီး အများစုက အိုးဘိုထောင်မှာလို့  MTU ကျောင်းသားသမဂ္ဂဝင်ကျောင်းသားက ပြောပါတယ်။

ကျောင်းပြန်ဖွင့်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီနဲ့ လက်အောက်ခံ စစ်ကျွန်ဆရာဆရာမတို့ကို ရာသက်ပန်လုံးဝဖယ်ကျဉ်သွားမယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် မေ ၄ ရက်နေ့အထိ မန္တလေးနည်းပညာတက္ကသိုလ်ရှိ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) မှာ မပါဝင်တဲ့ အမှုထမ်း၊ အရာထမ်းတွေ စုစုပေါင်း ၅၃၆ ဦးရှိပါတယ်။

ရုံးပြန်တက်ကြတဲ့ အမှုထမ်း၊ အရာထမ်းအရေအတွက် ၁၅၂ ဦး၊ ရာနှုန်းအားဖြင့် ၂၈ ဒသမ ၃၆ ရာခိုင်နှုန်း၊ CDM မှာ ဆက်လက်ပါဝင်ကြတဲ့ အမှုထမ်း၊ အရာထမ်းအရေအတွက် ၃၈၄ ဦး ရာခိုင်နှုန်း ၇၁ ဒသမ ၆၄ ရှိတာကြောင့် စစ်အာဏာရှင်ရဲ့ စစ်ကျွန်ပညာရေးယန္တရား လည်ပတ်နိုင်မှာမဟုတ်ဘူးလို့ မန္တလေးနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up