Home
ဆောင်းပါး
မြန်မာပြည်သူတွေကို ဆက်လက်ဖိနှိပ်ဖမ်းဆီးသတ်ဖြတ်ခွင့်ပေးလိုက်တဲ့ အာဆီယံထိပ်သီးတွေရဲ့ ဘုံသဘောတူညီချက် (ဆောင်းပါး)
DVB
·
April 27, 2021

ဧပြီလ ၂၄ ရက်နေ့က  အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တော်မှာ ကျင်းပတဲ့ အာဆီယံခေါင်းဆောင်များအစည်းအဝေးဟာ ထူးခြားတဲ့အစည်းအဝေးတစ်ရပ်ဖြစ်ပေမယ့် ဒီအစည်းအဝေးက ချမှတ်လိုက်တဲ့ ဘုံသဘောတူညီချက်တွေကတော့ ထူးမခြားနားပါပဲ။

ဒီအစည်းအဝေးရဲ့ ထူးခြားချက်တစ်ရပ်ကတော့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးမစွက်ဖက်ဖို့ ဆုံးဖြတ်ထားတဲ့ အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံအရေး ဖြစ်ပေါ်နေတဲ့ မြင်မကောင်းရှုမကောင်းတဲ့ အခြေအနေတွေကို ဆွေးနွေးဖြေရှင်းဖို့ အရေးပေါ် ကျင်းပရတာ ဖြစ်လို့ပါပဲ။ ဒီလိုအခြေအနေ ဖြစ်လာတာကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက် အာဏာသိမ်းမှုနဲ့ ပြည်သူတွေကို ရက်ရက်စက်စက် အကြမ်းဖက်ထင်သလို သတ်ဖြတ်နေမှုကို တရုတ်နဲ့ရုရှားတို့ရဲ့ ဗီတိုအာဏာသုံးကန့်ကွက်နေမှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဖြေရှင်းဆုံးဖြတ်လို့မရတဲ့အတွက် အတွင်းရေးမှူးချုပ် ဂူတာရက်စ်က အာဆီယံကို လွှဲပေးလိုက်တာဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာ့အရေးကို တက်ကြွစွာလှုပ်ရှားခဲ့တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူတို့နဲ့ နိုင်ငံတချို့ကသာ ထိပ်သီးခေါင်းဆောင်တချို့ တက်ရောက်ခဲ့ပေမယ့် မြန်မာ့အရေးပါဝင်ဆွေးနွေးဖို့ ဆန္ဒမရှိလှတဲ့ ထိုင်း၊ ဖိလစ်ပိုင်နဲ့ လာအိုနိုင်ငံတွေက ထိပ်သီးခေါင်းဆောင်တွေကတော့ အကြောင်းအမျိုးမျိုးပြပြီး မတက်ရောက်ခဲ့ကြပါဘူး။ ဒါကြောင့် စစ်မှန်ပြည့်စုံတဲ့ အာဆီယံ ထိပ်သီးအစည်းဝေးလို့ ပြောဖို့ ခက်ပါတယ်။ 

ဒါအပြင် လက်ရှိ အာဆီယံ ဥက္ကဋ္ဌလုပ်နေတဲ့ ဘရူနိုင်းဘုရင်က ဒီအစည်းအဝေးကို တက်ရောက်ဖို့ မြန်မာနိုင်ငံကိုယ်စားပြုသူအဖြစ် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုသာ ရွေးချယ်ဖိတ်ကြားခဲ့ပြီး အမျိုးသားညီညွတ်အစိုးရ (NUG) ကို မဖိတ်ကြားခဲ့ပါဘူး။ ဒါကြောင့်လည်း တိုင်းပြည်မှာတောင် မထွက်ရဲတဲ့မင်းအောင်လှိုင်ဟာ အသိအမှတ်ပြုခံလိုစိတ်နဲ့ ဂျာကာတာအစည်းအဝေးကို အူယားဖားယားအပြေးအလွှားတက်ရောက်ခဲ့ပါတယ်။

ဒီလို အားနည်းချိနဲ့ချက်တွေ ဒင်းကြမ်းပြည့်နေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးက ထွက်လာတဲ့ ဘုံသဘောတူညီချက် ၅ ချက်ဆိုတာကလည်း တရားမမျှတမှုနဲ့ တစ်ဖက်စောင်းနင်းနိုင်တဲ့ ရေပေါ်စီ သဘောတူညီချက်တွေသာ ဖြစ်လို့၊ လက်ရှိ မြန်မာပြည် ပြဿနာကို ဘာမှ ဖြေရှင်းပေးနိုင်စွမ်းမရှိတဲ့အပြင်၊ ပြည်သူတွေကို ပိုမို ဒေါသထွက်စေခဲ့ပါတယ်။

ပထမဆုံး သဘောတူညီချက်ဖြစ်တဲ့ ပါဝင်တဲ့ဘက်အသီးသီးအားလုံးအနေနဲ့ အကြမ်းဖက်မှု အလုံးစုံကို ချက်ချင်း ရပ်တန့်ပေးရန်ဆိုတာ စစ်ကောင်စီသာမက ဆန္ဒပြ ပြည်သူတွေဘက်က လည်းအကြမ်းဖက်မှုတွေ ရပ်ဆိုင်းပေးရမယ်လို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီတောင်းဆိုမှုဟာ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ မြန်မာပြည်သူ သန်းပေါင်းများစွာကို အာဆီယံအဖွဲ့က စော်ကားလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လုံခြုံရေတပ်ဖွဲ့တွေက စစ်မြေပြင်သုံး ဗုံးတွေ ၊ အမြောက်လက်နက်ကြီး လက်နက်ငယ်သုံးပြီး ပစ်ခတ်သတ်ဖြတ်လို့ ပြည်သူ ၇၅၀ နီးပါး အသက်ဆုံးရှုံးပြီး ထောင်ချီဒဏ်ရာရနေခဲ့တဲ့ အဖြစ်ဆိုးကြီးကို အာဆီယံထိပ်သီးတွေက မျက်စေ့မှိတ်ကျော ခိုင်းထားလိုက်ကြတာ ဖြစ်ပါတယ်။ ဥပဒေမဲ့တရားလက်လွတ် လူမဆန်စွာဖဖမ်းဆီးထောင်ချတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြောင့် ထိန်းသိမ်းနှိပ်စက်ခံနေရတဲ့ မီဒီယာသမားနဲ့ ပြည်သူ ၃၅၀၀ ကျော်ရဲ့ ဘဝကို စာနာခြင်းကင်းစွာ အာဆီယံက ပစ်ပယ်လျစ်လျူရူထားတာ ဖြစ်ပါတယ်။

နောက်ထပ်ဘုံသဘောတူညီချက်တစ်ရပ်က တစ်ရပ်က ဘက်အသီးသီးပါဝင် ညှိနှိုင်းဖြေရှင်းရေးဖြစ်ပါတယ်။ ဘုံသဘောတူညီချက်ထဲမှာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူတွေ ချက်ချင်းလွှတ်ပေးရေးတောင်းဆိုချက် မပါဘဲနဲ့ ဘယ်သူတွေနဲ့ ဘယ်လိုထိုင်ပြီး ဆွေးနွေးညှိနှိုင်းကြမှာလဲ။ ဒါလည်း လက်ရှိ မြန်မာပြည်အခြေအနေနဲ့ ဘယ်လိုမှ ဖြစ်လာနိုင်စရာမရှိပါဘူး။

အလွတ်သဘော သဘောထားဖော်ပြကြရာမှာတော့ အင်ဒိုနီးရှားသမ္မတ၊ စင်ကာပူဝန်ကြီးချုပ်နဲ့ မလေးရှားဝန်ကြီးချုပ်တို့က ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ လွှတ်ပေးဖို့ တောင်းဆိုချက်တွေ ပါဝင်ပေမယ့် ဘုံသဘောတူညီချက်မှာတော့ မပါဝင်ခဲ့ပါဘူး။ ဒီတော့လည်း တွေ့ဆုံဆွေးနွေးဖြေရှင်းရေး ဘုံသဘောတူညီချက်ဟာ သင်္ကြန်အမြောက်သာ ဖြစ်ပါတယ်။ လက်တွေ့ဘာမှ မဖြစ်နိုင်ပါဘူး။ မြန်မာ့အရေးမှာ အာဆီယံ ကိုယ်စားလှယ်စေလွှတ်ရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုတဲ့ သဘောတူညီချက်တွေကလည်း ပြဿနာဖြေရှင်းရာမှာ ဘာမှ အရေးမပါပါဘူး။

အကြမ်းဖက် စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်အတွက်တော့ နိုင်ငံရေးအမြတ်ထွက်နိုင်လို့ သူကိုယ်တိုင် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ခဲ့တာပါ။ သူသာ အစည်းအဝေးတက်ခွင့်ရပြီး NUG အစိုးရကိုယ်စားလှယ် ပါဝင်ခွင့်မရတဲ့အတွက် အာဆီယံ ထိပ်သီးတွေက စစ်ကောင်စီအစိုးရကို အသိအမှတ်ပြုလိုက်တဲ့ သဘောလို့ယူဆစရာရှိလာပါတယ်။ ဘာမှ မထူးခြား အရေးမပါတဲ့ ဘုံသဘောတူညီချက်တွေ ချမှတ်လိုက်တဲ့အတွက် စစ်ကောင်စီအနေနဲ့ ဆက်ထင်ရာစိုင်းဖို့ အချိန်ရသွားပါပြီ။ အစည်းအဝေးကျင်းပတဲ့နေ့မှာတင် လုံခြုံရေးတပ်ဖွဲ့တွေက ပြည်သူ ၃  ယောက် သတ်ဖြတ်ပြီး တစ်ဒါဇင်လောက်ဖမ်းဆီးသွားခဲ့ပါပြီ။

အာဆီယံ ဘုံသဘောတူညီချက်ဆိုတာတွေက ဘာမှ အရေးမပါလို့ စစ်ကောင်စီရဲ့ ရုပ်သံ၊ စာနယ်ဇင်းတောင် ထည့်မကြေညာခဲ့ပါဘူး။ NUG အစိုးရအနေနဲ့လည်း ကိုယ့်အစီအစဉ်အတိုင်း ဖက်ဒရယ် ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်ထူထောင်ပြီး စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးကို ဆက်လက်အကောင်အထည်ဖော်သွားဖို့ပဲ လိုပါလိမ့်မယ်။ အရေးတော်ပုံအောင်ရမည်။

ဆောင်းပါးရှင်- မင်းရဲကျော်စွာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024