နွေဦးတော်လှန်ရေး ကျဆုံးသူရဲကောင်းစာရင်း AAPP ဆက်ပြီး မှတ်တမ်းပြုစုမည်

အကြမ်းဖက်စစ်ကောင်စီက အရေးယူမယ်လို့ကြေညာပေမယ့် နွေဦးတော်လှန်ရေးကာလ ကျဆုံးသူရဲ့ကောင်းစာရင်းကို ဆက်လက်ပြုစုမယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့အတွင်းရေးမှူး ကိုတိတ်နိုင်က ဧပြီ ၂၇ ရက်နေ့မှာ တုံ့ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက AAPP ကို တရားမဝင်အသင်းအဖွဲ့အဖြစ်သတ်မှတ်ပြီး AAPP ရဲ့ထုတ်ပြန်ချက်တွေ၊ စာရင်းတွေဟာ နိုင်ငံတော် တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေတယ်လို့ စစ်ကောင်စီရဲ့ ဧပြီ ၂၆ ရက်နေ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။

"ဒီကာလမှာ အဓိက အေအေပီပီက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို အကြမ်းဖက်ဖြိုခွဲတာ၊ ထိခိုက်ဒဏ်ရာရတာ၊ ဝရမ်းထုတ်ခံထားရတာ၊ အဖမ်းအဆီးနဲ့ သေဆုံးစာရင်းတွေကို အချက်အလက်စုဆောင်းတာနဲ့ မှတ်တမ်းတင်တာတွေ လုပ်နေတာဖြစ်ပါတယ်။ ဒါတွေကိုတော့ အရင်အတိုင်းပဲ ဆက်ပြီး မှတ်တမ်းပြုစုသွားမှာပါ။ ဒီအချိန်မှာ အန္တရာယ်ဆိုတာက မြန်မာနိုင်ငံသား တယောက်ချင်းစီတိုင်းမှာ ကျရောက်နေတာဖြစ်ပါတယ်" လို့ ကိုတိတ်နိုင်က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ဘယ်လိုဖိအားပေးတာပဲဖြစ်ဖြစ် AAPP ဟာ မူလရည်ရွယ်ချက်လမ်းကြောင်းအတိုင်းပဲ ဆက်သွားမယ်လို့ ဆိုပါတယ်။

"အေအေပီပီက စတင်ထူထောင်ကတည်းက နိုင်ငံရေးအကျဉ်းသားအရေးနဲ့ပတ်သက်ပြီး ကူညီစောင့်ရှောက်ရေးကို အဓိကထားလုပ်ဆောင်တာဖြစ်ပါတယ်။ လူ့အခွင့်ရေးနဲ့ဒီမိုကရေစီအရေးအတွက် တတ်စွမ်းတဲ့ဘက်က လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။အသင်းအဖွဲ့မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်နေဆဲမှာပဲ အာဏာသိမ်းလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေ ပြဌာန်းချက်အရ အသင်းအဖွဲ့တခုဟာ မှတ်ပုံတင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာမရှိပါဘူး။ ဒါကြောင့်လည်း ပြည်တွင်းမှာ ရပ်တည်နေတာဖြစ်ပါတယ်" လို့ ကိုတိတ်နိုင်က ရှင်းလင်းပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အခြေပြုတဲ့ အစိုးရမဟုတ်သော လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်ပါတယ်။ AAPP ကို ၂၀၀၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ လုပ်ငန်းလည်ပတ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ မြန်မာနိုင်ငံ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ ရုံးခွဲတွေ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up