
ထိုင်း-မြန်မာနယ်စပ် သော်လယ်ထာ (မဲ့စန်လက်) စစ်ကောင်စီတပ်စခန်းကို ဒီနေ့မနက် အစောပိုင်းမှာ ကရင်အမျိုးသားစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်ယူ/ကေအန်အယ်လ်အေ) တပ်မဟာ ၅ က တက်ရောက်သိမ်းယူခဲ့တယ်လို့ သိရပါတယ်။
နယ်စပ်ဘက်ကို မြန်မာစစ်သားတွေ ထွက်ပြေးလာခဲ့ပြီး ကေအန်အယ်လ်အေကလည်း လိုက်လံပစ်ခတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
ထိုင်းဘက်ခြမ်းက ရွာသားတဦး သေနတ်ထိမှန်သေဆုံးသွားခဲ့ပြီး ထိုင်းစစ်တပ်ကလည်း ဒီမနက်ရောက်ရှိလာကာ နေရာယူထားတယ်လို့ ထိုင်းနိုင်ငံဘက်ခြမ်းမှာနေတဲ့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
“မနက် ၅ နာရီလောက်က မိုးမလင်ခင် မနက်အစောပိုင်းလောက်က စပြီးပစ်နေကြတာ။ အသံတွေ ဆူညံနေတာပဲ။ မိုးလင်းတော့ ဗမာစစ်သားတွေ ထိုင်ဘက်ကမ်း ထွက်ပြေးလာတာ မြင်ရတယ်။ စခန်းတွေလည်း မီးလောင်နေတာ တွေ့ရတယ်။ ထိုင်းဘက်မှာနေတဲ့ ရွာသားတစ်ဦးတော့ သေနတ်မှန်လို့ သေသွားတယ်။ ထိုင်းစစ်တပ်ကလည်း အခုမနက်မှာ ထိုင်းဘက်ခြမ်း စောလယ်ထရွာကို ရောက်လာတယ်။ ထိုင်းရွာသားတွေကို ရွှေ့ပြောင်းပေးနေတယ်။ ထိုင်းစစ်တပ်လုံခြုံရေးယူ ပြင်ဆင်ထားတာလည်း တွေ့တယ်။”
အခု သိမ်းယူခဲ့တဲ့ စစ်ကောင်စီရဲ့ သော်လယ်ထာစခန်းဟာ ပြီးခဲ့တဲ့လက ထိုင်းဘက်ခြမ်းကနေ ရိက္ခာတွေ ပို့ပေးဖို့ ကြိုးစားခဲ့ဖူးတဲ့ စခန်းလည်း ဖြစ်ပါတယ်။
ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့တုန်းကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ ထီးမူထာ စစ်ကောင်စီ စခန်း တစ်ခုကိုလည်း ကေအန်အယ်လ်အေ တပ်မဟာ ၅ က တက်ရောက်သိမ်းယူခဲ့ပြီး ဖြစ်ပါတယ်။