
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် ကပိုင်၊ သီးကုန်းကျေးရွာအနီးမှာ ဧပြီ ၂၀ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၈ ယောက် ထက်မနည်းကျဆုံးသွားကာ တချို့ဖမ်းဆီးခံခဲ့ရပါတယ်။
မနေ့ညနေ ၄ နာရီလောက်က ကပိုင်၊ သီးကုန်းကျေးရွာအနီး အနားမှာ ကျေးရွာလုံခြုံရေးကင်းစောင့်နေတဲ့ ဒေသခံရွာသားတချို့ကို စစ်တပ်က ကောင်းကင်ကနေ ဒရုမ်းနဲ့ ကြည့်ပြီး အဝေးကနေ လက်နက်ကြီးနဲ့ အကြမ်းဖက်ပစ်ခတ်ခဲ့ရာမှာ ရွာသားတွေ အများအပြား ထိခိုက်သေဆုံး ဒဏ်ရာရခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
သီးကုန်း ရွာသား တစ်ဦးက “ကျေးရွာလုံခြုံရေးအတွက် ကင်းစောင့်နေတဲ့ ဒေသခံတွေကို အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့လာတယ်ပစ်တယ်။ ပထမသူတို့က ဒရုမ်းယာဉ်နဲ့ အမိုးပေါ်ကနေ လှမ်းကြည့်ပြီ ခဏနေကြတော့ လက်နက်ကြီးတွေနဲ့ပါပစ်တယ်။ အဲလိုပစ်လို့ ဒေသခံတွေက တူမီးသေနတ်တွေနဲ့ ပြန်ခုခံပစ်တယ်။ ဒီနေ့အထိနှစ်ဘက်တင်းမာမှုတွေကတော့ ရှိနေတုန်းပဲ။ ရွာသားတွေကတော့ ကြောက်ကြလို့ တောတွေထဲမှာ ပုန်းရှောင်နေကြရတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။
စစ်တပ်က ကနီမြို့နယ် ဝင်းကုန်းရွာဘက်ကနေလာတာဖြစ်ပြီး လမ်းသွားလမ်းလာတွေနဲ့ လမ်းဘေးစျေးဆိုင်က ဒေသခံပြည်သူတွေကို ရိုက်ပုတ်စစ်ဆေးတာတွေရှိခဲ့တဲ့အပြင် ဒေသလုံခြုံရေး ဆောင်ရွက်နေတဲ့ ပြည်တွေကို စတင်ပစ်ခတ်တာလို့ ဒေသခံပြည်သူတစ်ဦးက ဆိုပါတယ်။
သီးကုန်းရွာသားတစ်ဦးက “အခုကျနော်တို့ ပြည်သူတွေကိုစစ်တပ်အရင်ဆုံး လက်နက်ကြီးနဲ့ အရင်ဆုံးလှန်းပစ်ခတ်တယ်။ ဒါကြောင့် ပြည်သူတွေက ပြန်ပစ်ခတ်တာ။ ဒေသခံတွေက တူမီး သေနတ်တွေနဲ့ ပစ်ခတ်တာ” လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ရာကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီဘက်က သလောက်ရွာ၊ ဝင်းကုန်းရွာ၊ ကပိုင်ရွာ၊ သီးကုန်းရွာတွေကနေအိမ်တွေ ဖျက်ဆီးတာတွေရှိနေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ကနီမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူတွေ ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ ၆ ဦးကျဆုံးခဲ့ပါတယ်။ အခုတိုက်ပွဲဖြစ်ပွားရာဟာ ကနီမြို့နဲ့ ယင်းမာပင်မြို့နယ်စပ်နေရာလည်း ဖြစ်ပါတယ်။