ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မန်ပျဥ်ကျေးရွာအုပ်စု၊ မိုင်းမောရွာသစ်ရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့တို့ ဧပြီ ၁၀ ရက်မနက် ၁၀ နာရီကျော်ခန့်ကနေ ၁၂ နာရီခွဲခန့်အထိတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မိုင်းမောရွာသစ်နဲ့ နီးနီးလေးပဲ။ ဆိုင်ကယ်နဲ့ ၅ မိနစ်လောက်ပဲ သွားရတယ်။ ခြံတွေရှိတယ်။" လို့ တိုက်ပွဲနေရာကို ဒေသခံ တစ်ဦးက ရှင်းပြပါတယ်။
လက်နက်ကြီးအသံပါကြားရပြီး ရဟတ်ယာဥ်နဲ့ပါပစ်တာတွေ့တယ်လို့ မိုင်းမောရွာခံ တစ်ဦးက ပြောပါတယ်။တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအခြေအနေတော့ မသိရသေးပါဘူး။ ဒီမနက် အစောပိုင်းက လားရှိုးမြို့ နောင်မွန်ရဲကင်းစခန်းကို တိုက်ခိုက်ခံခဲ့ရတာကြောင့် စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေသေဆုံးဒဏ်ရာ ရသူတွေလည်း ရှိခဲ့ပါတယ်။