ပဲခူးမြို့မှာ ဧပြီ ၉ ရက် ဒီနေ့ မနက် အစောပိုင်း ၅ နာရီလောက်ကတည်းက ရဲနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ အနည်းဆုံး အယောက် ၂၀ ကျော်ကျဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိကာ သေဆုံးသူ အရေအတွက် ဒီထက်ပိုများနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးမြို့က မဂ္ဂတစ်၊ ဆံတော်တွင်း၊ မှော်ကန်နဲ့ လိပ်ပြာကန်စတဲ့ နေရာတွေရှိ သပိတ်ခံတပ်တွေကို စစ်ကောင်စီရဲ လက်နက်ကိုင်တပ်တွေက စိန်ပြောင်းတွေ၊ စက်သေနတ်တွေနဲ့ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့ တာဖြစ်ပါတယ်။
ဒဏ်ရာရသူတွေ သွေးသွင်းဖို့နဲ့ ဆေးကုသဖို့ လိုပေမယ့် ပြည်သူတွေ အပြင်ထွက်မရအောင် ရဲနဲ့ စစ်တပ်က ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေခံတဦးက ပြောပါတယ်။ မှော်ကန်မှာ ထိခိုက်သေဆုံး ဒဏ်ရာရသူတွေရှိသလို ဆံတော်တွင်းမှာလည်း အလောင်းတွေပုံထားကာ အရေအတွက်အတိအကျ မသိရသေးပါဘူး။
ကျဆုံးသွားသူတွေရဲ့ အလောင်းတွေနဲ့ သေနတ်ကျည်ဆန်ထိမှန် ဒဏ်ရာရသူတွေ စုစုပေါင်း ၆၀ လောက်ကို စစ်ကားတွေနဲ့ သယ်ဆောင်သွားတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီကနေ့ပစ်ခတ်မှုမှာ သေဆုံး ဒဏ်ရာရသူ အရေအတွက် အတိအကျကိုတော့ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဒါ့အပြင် ပစ်ခတ်မှုတွေကြောင့် နေအိမ်တွေကို သေနတ် ကျည်ဆန်ထိမှန်တာတွေရှိခဲ့သလို အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်ရမ်းကားမှုတွေကြောင့် မြို့မှာမနေရဲတော့တဲ့ မိသားစုတချို့လည်း ဘေးလွတ်ရာကိုထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။