Home
အနုပညာ
အမှုဖွင့်ခံထားရသည့် အနုပညာရှင်အများစုပါဝင်သည့် "လူနှင့် မီးအိမ်သပိတ်”(ဓာတ်ပုံ)
DVB
·
April 7, 2021

စစ်အာဏာရှင် အလိုမရှိကြောင်း မြန်မာပြည်သူတွေက နည်းလမ်းမျိုးစုံနဲ့ ဆန့် ကျင်ဆန္ဒပြနေကြရာမှာ ခုတခါမှာတော့ အာဏာသိမ်းစစ်တပ်က ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံထားရတဲ့ အနုပညာရှင်အများစုက လူနဲ့မီးအိမ်သပိတ်ပြုလုပ် ဆန္ဒပြခဲ့ကြပါတယ်။

အာဏာရှင်အောက်

အမှောင်ခေတ်ရောက်လည်း

ငါတို့မကြောက် ဒူးမထောက်ဘဲ

ဉာဏ်မီးအိမ်အလင်း အမှောင်ခွင်းဖို့

ထွန်းညှိလိုက်သည်

လောကတခွင်လုံး

လင်းစေသတည်း။

          ဒီသပိတ်မှာတော့ အနုပညာရှင်တွေဟာ မီးအိမ်တလုံးကို ကိုင်ဆောင်ကာ အဖြူ ရောင်အင်္ကျီနဲ့ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင် သ‌ေင်္ကတပြတဲ့ ပုံတွေနဲ့အတူ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကတဆင့် မျှဝေထားခဲ့ကြတာ ကို တွေ့ရပါတယ်။

          မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်က ဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲတွေ၊ လူမဲ့သပိတ်၊ လမ်းမပေါ်က ကားဟွန်းတီးသပိတ်စတဲ့ နည်းလမ်းအ မျိုးမျိုး အသုံးပြုကာ အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဆန္ဒပြနေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာတော့ အာဏာသိမ်းစစ်တပ်က နေ့စဉ်ရက်ဆက်ဆိုသလို အဆိုတော်၊ သရုပ်ဆောင်၊ ဒါရိုက်တာစတဲ့ အနုပညာရှင်တွေေအပါအဝင် အွန်လိုင်းပေါ်မှာ လူသိများထင်ရှားကျော်ကြားသူတွေကို ၅၀၅ (က)နဲ့ အမှုဖွင့်ဝရမ်းထုတ်ကြောင်း စစ်တပ် လက်အောက်ခံ မီဒီယာတွေကတဆင့် ထုတ်ပြန်ထားခဲ့တာကို တွေ့ရပါတယ်။

အဆိုပါ ပုဂ္ဂိုလ်တွေဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေကို အသုံးပြုပြီး နိုင်ငံတော် အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်စေရေး လှုံ့ဆော်တာမျိုးတွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စား ပြုကော်မတီ(CRPH)ကို ထောက်ခံတာတွေကြောင့် အမှုဖွင့်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အနုပညာရှင်တွေသာမက ပရဟိတလုပ်နေသူတွေ၊ ခရီး သွားဘလော့ဂ်ဂါတွေ ဂျာနယ်လစ်တွေလည်း ပါဝင်လာခဲ့ပြီး အမှုဖွင့် ဖမ်းဝရမ်းထုတ်ခံ ထားရသူပေါင်း ၁၀၀ ကျော်လောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ သရုပ်ဆောင်မင်းသား ရဲတိုက် ဖမ်းဆီးခံခဲ့ရပြီး ဧပြီ ၆ ရက်နေ့မှာတော့ ဟာသ သရုပ်ဆောင် ဇာဂနာကို ထပ်မံဖမ်းဆီးခံထားရတာ ဖြစ်ပါ တယ်။

ပုဒ်မ ၅၀၅ (က)ကတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပြင်ဆင် ဖြည့်စွက် လိုက်တဲ့ ပုဒ်မတခုဖြစ်ကာ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မတခုလည်း ဖြစ် ပါတယ်။

ပြည်သူတရပ်လုံးက လက်မခံပဲ ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင် နွေဦးတော်လှန်ရေး ကာလဟာ ၂ လကျော်ရှိခဲ့ပြီဖြစ်ကာ လက်ရှိအချိန်ထိ ကျဆုံးသူပေါင်း ၅၈၀ ကျော်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024