ပင်လည်ဘူးမြို့၌ စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူ အနည်းဆုံး ၃ ဦးကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့မှာ ဧပြီ ၅ ရက်က စစ်​ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူအနည်းဆုံး ၃ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရကာ ကျည်ဆန်ပေါင်ထိမှန်သူ ၁ ဦးနဲ့ လက်မောင်းထိမှန်သူ ၁ ဦး အဖမ်းခံရပါတယ်။

မနေ့မနက်က ပင်လည်ဘူး ပင်မသပိတ်စစ်ကြောင်းဟာ ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက သင်တန်းပေးနေတဲ့စာသင်ကျောင်းရှေ့ကနေ ဖြတ်အသွားမှာ ရဲနဲ့စစ်တပ်က သေနတ်နဲ့ စတင်ပစ်ဖောက်ခဲ့တာဖြစ်ပြီး အမျိုးသမီးတစ်ဦးနဲ့  ကျောင်းသား နှစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီအတွက် ပြန်လွှတ်ပေးဖို့ တောင်းဆိုတာကနေ အကြမ်းဖက်အင်အားသုံးဖြိုခွင်းခံရကာ အသက် ၂၀ ဝန်းကျင်လူငယ်အမျိုးသားတစ်ဦး ဆီခုံထိမှန်သေဆုံးခဲ့တဲ့အပြင် မိန်းကလေးငယ်တစ်ဦးမှာ လက်မောင်းထိမှန်ခဲ့ပြီး ယောက်ျားလေးတစ်ဦးမှာတော့ ခြေထောက်ကို ထိမှန်ကာ စိုးရိမ်ဒဏ်ရာရရှိခဲ့ပါတယ်။ 

ညနေပိုင်းမှာတော့  ပြည်သူတွေက တူမီးသေနတ်တွေနဲ့ ပြန်လည်ခုခံခဲ့ရာမှာ ပြည်သူ ၂  ယောက်ကျဆုံးကာ မြို့နယ်မှူးနဲ့ ရဲ ၂ ယောက် သေသွားတယ်လို့ ပင်လည်ဘူးဒေသခံတစ်ဦးက ပြောပါတယ်။ ရဲတွေသေဆုံးမှုနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်ပြုလို့ မရသေးပါဘူး။

ပင်လည်ဘူးမြို့နယ် ထွေအုပ်ရုံး၊ တရားရုံးနဲ့  ရဲစခန်းလည်း မီးရှို့ခံရပြီး အသေးစိပ်မသိရသေးပါဘူး။ 

ပင်လည်ဘူးမြို့မှာ မနေ့ကစပြီး  တူမီးတော်လှန်ရေး စတင်ကြောင်း ဒေသခံပြည်သူတွေက ကြေညာထားပါတယ်။

စစ်အာဏာရှင်တိုက်ပွဲအတွင်း ပင်လည်ဘူးမြို့က ပထမဆုံးအကြိမ်အဖြစ် ထိခိုက်ကျဆုံးတာလည်းဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ်၁၀ မြို့နယ်မှာ အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျဆုံးသူ ၆၁ ဦးရှိပြီလည်းဖြစ်ပါတယ်။

ဧပြီ ၄ ရက်အထိ ကောက်ခံရရှိထားတဲ့ စာရင်းအရ နွေဦးတော်လှန်ရေးအတွင်း  ရဲနဲ့စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့်ကျဆုံးခဲ့ရတဲ့ ပြည်သူစုစုပေါင်း အယောက် ၅၇၀ ရှိခဲ့ပြီး အမှန်တကယ် ကျဆုံးသူအရေအတွက်ဟာ ဒိထက်ပိုများနိုင်တယ်လို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up