Home
မြန်မာသတင်း
ထိုင်းဘက်မှပို့လာသော ပိုင်ရှင်မဲ့ ဆန်အိတ် ၇၀၀ ကို ထိုင်းရွာသားများ အမြန်ဖယ်ရှားပေးစေလို
DVB
·
March 23, 2021

ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းဘက်ကနေ မြန်မာဘက်ခြမ်းကို တင်ပို့မယ့် ဆန်အိတ် ၇၀၀ နဲ့ ဆီပုံး ၅၀ ကျော်ကို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)  တပ်မဟာ ၅ က  မြန်မာစစ်တပ်ရိက္ခာတွေလို့ ပြောဆိုပြီး သူတို့နယ်မြေထဲ အဖြတ်မခံဘဲ ဟန့်တားခဲ့ပါတယ်။ 

တချိန်တည်းမှာ အဆိုပါရိက္ခာတွေဟာ ထိုင်းအစိုးရက မြန်မာစစ်တပ်ကို ကူညီထောက်ပံ့ ပေးတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး  စစ်အာဏာရှင်အားပေးတဲ့ ထိုင်းအစိုးရအဖြစ် ပြစ်တင်ဝေဖန်နေကြပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ပရာယုတ်ကျန်အိုးချားကတော့ အဆိုပါဆန်တွေဟာ ပုံမှန်အရောင်းအဝယ်လုပ်နေတဲ့ဆန်တွေသာဖြစ်ကြောင်း၊ ဆန်အိတ်တွေ့တဲ့နေရာနားက တောင်ပေါ်မှာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က မြန်မာနိုင်ငံဘက်ခြမ်းကစစ်တပ်နဲ့ရွာသားတွေ လာရောက်စခန်းချပြီး ထိုင်းဘက်မှာ ကုန်ပစ္စည်းလာဝယ်လေ့ရှိကြောင်း၊  ဒါပေမဲ့ အဲဒီနေရာဟာ နှစ်နိုင်ငံနယ်နိမိတ်မသဲကွဲတာကြောင့် နယ်စပ်လုံခြုံရေးအရ သူတို့ကို နေခွင့်မပြုဘဲ တောင်အောက်ကို ရွှေ့ပြောင်းစေခဲ့ကြောင်း၊ ဒါပေမဲ့ လူသားချင်းစာနာမှုအရ ကုန်ပစ္စည်းတွေတော့ တင်သွင်း ခွင့်ပြုထားလို့ ပုံမှန်ရောင်းဝယ်နေတာဖြစ်ပြီး  မဆီမဆိုင်ကိစ္စတွေဆွဲထည့်တာ စွပ်စွဲတာတွေ မလုပ်ဖို့  သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

အဆိုပါ ဆန်အိတ်တွေဟာ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက် မနက် ၄ နာရီလောက်ကတည်းက မယ်ဟောင်ဆောင်ခရိုင် ဆွပ်မွေးမြို့နယ် မယ့်ဆမ်လက်ပ်ကျေးရွာအုပ်စုကနေဖြတ်ပြီး ကရင်ပြည်နယ် တဘက်ကမ်း သံလွင်မြစ်နားကို ရောက်ရှိနေတာဖြစ်ပါတယ်။  

အဲဒီနေရာကို  ချန်နယ်လ် ၃ ထိုင်းတီဗွီဘီသတင်းဌာနက ယမန်နေ့က ကွင်းဆင်းပြီး သတင်းသွားယူရာမှာတော့ အမည်မသိလူတစ်စုက  ဆန်အိတ်နဲ့ရိက္ခာတွေကို တာလပတ်နဲ့ သွား အုပ်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ 

မယ့်ဆမ်လက်ပ်ရွာသားတွေကတော့ အဲဒီနယ်စပ်လမ်းကြောင်းဟာ ကိုဗစ်-၁၉ ကူးစက်ရော ဂါကြောင့်  ပြီးခဲ့တဲ့နှစ် မတ်လ ၂၀ ရက်နေ့ကတည်းက ထိုင်းအာဏာပိုင်တွေက စာထုတ်ပြီး တရား ဝင်ပိတ်ထားကြောင်း၊ ဇူလိုင်လမှာ ခဏပြန်ဖွင့်ပြီး ကိုဗစ်-၁၉ ဒုတိယလှိုင်းပြန်လာတော့ တခါ ပြန်ပိတ်ထားတာမို့ အရောင်းအဝယ်မရှိတာ ၁ နှစ်လောက်ရှိပြီဖြစ်ကြောင်း ၊ ဒါပေမဲ့ ဒီလ ၂၀ ရက်နေ့က ဆန်အိတ် ၇၀၀ နဲ့ ဆီပုံး ၅၀ ကျော်ဝင်သွားတာဟာ အလွန်အံ့ဩဖို့ကောင်းတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဟိုဘက်ကမ်းမှာလည်း ပြည်သူတွေနေထိုင်တဲ့ကျေးရွာမရှိဘဲ ၄၀ ကီလိုမီတာ အကွာက  မြန်မာစစ်စခန်းဘဲရှိတယ်လို့ ရွာသားတွေက ပြောပါတယ်။ 

ရွာသားတွေအနေနဲ့ အဆိုပါ ဆန်အိတ်တွေကို သက်ဆိုင်သူတွေအနေနဲ့ အမြန်လာသ ယ်သွားဖို့ လိုလားနေကြကြောင်း၊ ဆန်အိတ်တွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကြားရောက်နေတာ ကြောင့် ထိတွေ့ပစ်ခတ်မှုရှိလာရင် သူတို့အတွက် လုံခြုံမှုမရှိမှာကို စိုးရိမ်နေကြတယ်လို့ သတင်း ထောက်ကို ပြောပါတယ်။

ဒီကနေ့ နေ့လည် ၁၂ နာရီလောက်မှာတော့ မယ့်ဆမ်လက်ပ်ရွာ မျက်နှာချင်းဆိုင်  မြန်မာဘက်ခြမ်းမှာ သေနတ်ဖောက်သံ ၅ ချက်ကြားရလို့ ထိုင်းရွာသားတွေက စိုးရိမ်စိတ်တွေပိုလာတယ်လို့ ချနယ်လ် ၃ ထိုင်းတီဗွီ ကြားဖြတ်သတင်းမှာ ကြေညာသွားပါတယ်။ 

ကေအန်ယူဟာ သူတို့ပိုင်နက်ထဲကို ရောက်ရှိနေတဲ့ မြန်မာစစ်အာဏာရှင်စစ်သည်တွေ အတွက်တာဝန်ယူပြီး ရိက္ခာပံ့ပိုးကူညီသယ်ဆောင်ပေးခြင်းပြုလုပ်နေမှုကို လုံးဝလက်ခံမှာမဟုတ်ကြောင်း မတ်လ ၂၁ ရက်နေ့ နေ့စွဲနဲ့ ကြေညာထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024