ဒီဗွီဘီ
ရှမ်းပြည်နယ်မြို့တော်တောင်ကြီးမှာ မနေ့ ညနေပိုင်းက ပြည်သူ ၄ ယောက်ကို အကြမ်းဖက် စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
စစ်တပ်၊ ရဲနဲ့ အရပ်ဝတ်တွေပါတဲ့ စစ်ကောင်စီလုံခြုံရေးအဖွဲ့ဝင်တွေဟာ မတ်လ ၁၆ ရက် ညနေ ၅ နာရီလောက်က ပြည်တော်သာရပ်ကွက် ကြံ့ခိုင်ရေးလမ်းပေါ်ရှိ ဟတ်လော့ခ်ကော်ဖီဆိုင်ပိုင်ရှင် ဦးသန်းဦး၊ ညောင်ရွှေဟော်ကုန်းရပ်ကွက် မင်းလမ်းပေါ်ရှိ ချိုမိတ္တူကော်ပီဆိုင်က လင်မယား ၂ ယောက်နဲ့ ညပိုင်းမှာ စိန်ပန်းရပ်ကွက် နယ်မြေ ၄ က ကင်းစောင့်သမား ၁ ယောက်ကို ဖမ်းခေါ်သွားတယ်လို့ တောင်ကြီးဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့တုန်းက ၄ ယောက်အဖမ်းခံရတယ်။ သိရသလောက်ပေါ့နော်၊ ကော်ဖီဆိုင်က ဦးလေးကို သူ့ဆိုင်ထဲဝင်ဖမ်းသွားတာ၊ ဘာကြောင့်လဲတော့မသိဘူး။ နောက်မိတ္တူကူးဆိုင်က လင်မယား၊ သူတို့ကျတော့ ဆန္ဒပြသူတွေ ဆိုင်းဘုတ်စာတမ်းတွေ ပရင့်ထုတ်ပေးလို့ ဖမ်းသွားတာနေမှာ၊ ည ၉ နာရီလောက်ခါကျတော့ စိန်ပန်းရပ်ကွက်ထဲမှာ သေနတ်ဖောက်သံကြားတယ်။ အသံသေနတ်လား၊ ရာဘာကျည်လားတော့မသိဘူး။ အသိကိုမေးကြည့်တော့ ညသပိတ်လုပ်ဖို့ လူစုတယ်ကြားလို့ လာဖမ်းတာတဲ့၊ ကင်းစောင့်တဲ့ ကောင်လေးတစ်ယောက် ပါသွားတယ်။ ၈ လေးလုံးဆရာတော် အရှင်ခေမာနန္ဒက လိုက်ပြောပေးတာ မရဘူး။”
ဆန္ဒပြသူတွေဟာ ဒီနေ့မွန်းလွဲပိုင်းမှာတော့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးနားမှာ သွားရောက်ပြီး ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
တောင်ကြီးမှာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ဆန္ဒပြသူတွေကို အကြမ်းဖက် စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ရာဘာကျည်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းပြီး ဆန္ဒပြသူ ၃၀ ကျော်လောက်ကို လိုက်လံဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
မတ်လ ၈ ရက်နေ့ကလည်း တောင်ကြီးအခြေစိုက် အရှေ့ပိုင်းရီဗျူးသတင်းဌာန အယ်ဒီတာကို ဖမ်းဆီးပြီး ခံဝန်ချက်တွေနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
မတ်လ ၂ ရက်နေ့က ဖမ်းသွားတဲ့လူတွေထဲမှာ အသက် ၂၀ နှစ်အောက် လူငယ် ၃ ယောက်ကိုတော့ မတ်လ ၁၆ ရက် ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ တောင်ကြီးဒေသခံက ပြောသွားပါတယ်။