Home
မေးမြန်းခန်း
"ခေါင်းငုံ့ခံနေရင် ဒီမိုကရေစီဆိုတာ ကျမတို့နဲ့ အဝေးကြီးဖြစ်သွားပြီ"- ဒေါ်မေသင်္ကြန်ဟိန်
DVB
·
March 12, 2021

DVB

ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထောင်ချထားပြီး အကျဉ်းသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့   ဦးထွန်းထွန်းဟိန်ရဲ့ သမီးဖြစ်သူ ဒေါ်မေသင်္ကြန်ဟိန်ကို  ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေး ။ ။အရင်ဆုံး အန်ကယ်လ်ဦးထွန်းထွန်းဟိန်ကို ဖေဖေါ်ဝါရီ ၁ ရက်နေ့ ကစပြီး ဖမ်းသွားတဲ့အခြေအနေကို ပြောပြပေးပါ။

ဖြေ ။ ။ “ဖေဖော်ဝါရီလ ၁  ရက်နေ့ကနေ ၇ ရက်နေ့အထိကို ကျမဖေဖေကို နေပြည်တော်က လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ အိမ်တော်မှာပဲ ထားတယ်ရှင့် ။ အကျယ်ချုပ်အနေ‌နဲ့ထားပါတယ်။ (၇)ရက်နေ့မနက်ကျတော့ နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်ပြီလို့ပြောတဲ့အတွက် ကျမနဲ့ ကျမမောင်လေးနဲ့ ဖေဖေ့ကိုသွားပြီးတော့ ခေါ်ကြတယ်။ ခေါ်တဲ့အခါကြတော့ ဖေဖေ့ကိုပြောတယ်။ ဖေဖေက ရန်ကုန်လာလို့မရဘူး။ ရန်ကုန်ကိုမသွားပါနဲ့လို့ မှာထားတယ်။ အဲဒါဆိုရင် ဘယ်မှာသွားမလဲပေါ့။ ဖေဖေ့ရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ကျမစိတ်ထဲမှာတော့ ဒါနောင်ချို ပြန်ခိုင်းတယ်ဆိုတော့ ထူးတော့ ထူးခြားတယ်ပေါ့။ သားသမီးတွေအကုန်လုံးက ရန်ကုန်မှာနေကြတာလေ။ နောင်ချိုမှာဆိုလို့ရှိရင် ဖေဖေတို့ မေမေတို့ ငှားနေတဲ့အိမ်ပဲရှိတယ်။ အိမ်ပိုင်မရှိဘူး။ အဲဒိတော့ကျမတို့က  ဖေဖေ့ကို နောင်ချိုကို ၇ ရက်နေ့မှ ခေါ်လာတယ်။ ၇ ရက်နေ့ မနက် ၁၀ နာရီမှာ စလွှတ်ပေးတဲ့အတွက် ခေါ်လာတယ်။ခေါ်လာပြီးတော့ နောင်ချိုမှာနေနေတယ်။”

“၁၀ ရက်နေ့ ညနေပိုင်းမှာ ဖေဖေ့ကို ကျောက်မဲက စအဖ ကနေပြီးတော့ လာခေါ်တယ်။ လာခေါ်တဲ့အခါကြတော့ ၃ ရက်ထဲလို့ပြောပြီးတော့ လာခေါ်တာ။ ကျမဖေဖေက ကျန်းမာရေးမကောင်းဘူး။ ကျန်းမာရေးမကောင်းဘူးဆိုတာ ၂၀၁၆ တုန်းက လေနှစ်ခါဖြတ်ဖူးတယ်။ ဦးနှောက်သွေးကြောကြီးတစ်ခုလုံးက ၁၀၀ ရာခိုင်နှုန်း ပိတ်သွားတယ်။ အဲဒိတော့ ဖေဖေက ဦးနှောက်သွေးကြောမကြီးတစ်ခုတည်းနဲ့ အသက်ရှင်နေတာ။ ကျမတို့က စိတ်ပူတယ်။ အမြဲတမ်းဆေးသောက်နေရတဲ့သူဖြစ်တယ်။ အသက် ၇၂ နှစ်ရှိပြီ။ ဆေးဝါးရော စုံလင်ရဲ့လား။ သူ့ဆေးက သုံးရက်စာပဲရှိတာဆိုတော့။ ပါသွားလည်း သုံးရက်စာလောက်ပဲ ပါသွားမယ်ထင်တယ်။ အနွေးထည်လည်း နှစ်ထည်လောက်ထည့်ပေးလိုက်နိုင်တယ်။ ပြည့်ပြည့်စုံစုံထည့်ပေးလိုက်နိုင်တာမျိုးတော့မဟုတ်ဘူး။ အခုဆိုရင်တော့ ရက် ၃၀  ပြည့်ပြီပေါ့။”

မေး ။ ။ အခုဆိုရင် ဒုတိယအကြိမ် ဖမ်းသွားတာက ရက်ပေါင်း ၃၀ လောက် ရှိသွားပြီဆိုတော့  ဦးထွန်းထွန်းဟိန်ကို ဘယ်နေရာမှာ ဖမ်းထားတယ်လို့ သိရပါသလဲ။ အဆက်အသွယ် ရပါသလား။

ဖြေ ။ ။ “ကျမတို့လိုက်ပြီးတော့ စုံစမ်းတာ။ ကျမက သတင်းသမားတစ်ယောက်ဖြစ်တဲ့အတွက် အကုန်လုံးကိုလိုက်ပြီးတော့ စုံစမ်းတယ်။ ပထမတော့ တော်တော်နဲ့ စုံစမ်းလို့မရဘူး။ နောက်တော့ နောက်ကျမှ ကျမတို့သိရတာက လားရှိုးက တပ်မမှာ ထားထားတယ်လို့ သိရတယ်။ အဲလိုသိရတော့ မကြာခင်မှာပဲ စုံစမ်းရင်း စုံစမ်းရင်းနဲ့ ဘာသိလာရလဲ ဆိုတော့ လားရှိုးအကျဉ်းထောင်ကို ပို့လိုက်တယ်လို့ ပြောတယ်။ လားရှိုးအကျဉ်းထောင်ကို ကျမနဲ့ ကျမမောင်လေးက ပြီးခဲ့တဲ့ ၈ ရက်နေ့က တစ်ခါသွားတယ်။ လားရှိုးအကျဉ်းထောင်မှာမှ ဟုတ်ရဲ့လားပေါ့။ ကျမတို့မိ သားစု၀င်တွေနဲ့လည်း ဆက်သွယ်ပြောဆိုခြင်းမရှိဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မေးမြန်းစုံစမ်းပြီးတော့ရောက်သွားတာ။ ရောက်သွားတော့ ဦးထွန်းထွန်းဟိန်ကို ဒီမှာဖမ်းထားတယ်လို့ ကျမတို့ကြားတယ်။ ကျမတို့ ဒီပစ္စည်းလေးတွေပေးချင်လို့။ ပြောမယ်ဆို ထောင်၀င်စာ သွားတွေ့တာပေါ့။ ပစ္စည်းလေးတွေ ပေးချင်လို့ဆိုတော့ တုံကင်နံပါတ်တွေလုပ်ပြီးတော့ ပစ္စည်းတွေဘာတွေစစ်ပြီးတော့ သူတို့ကိုပေးထားလိုက်တယ်။ လက်ခံထားလိုက်တယ်ဆိုတော့ ယူဆလို့ရတာ လားရှိုးအကျဉ်းထောင်မှာ ထားထားတယ်ဆိုတာကို ယူဆမိတာပေါ့။”

မေး ။လားရှိုးထောင်ထဲမှာ ဖမ်းထားတယ်ဆိုတော့ ဘယ်လိုပုဒ်မတွေနဲ့ တရားစွဲထားတာလဲ။

ဖြေ ။ ။ “ အဲဒါ ကျမစုံစမ်းတယ်။စုံစမ်းတော့ ပုဒ်မ ၅၀၅ (က) နဲ့စွဲထားတယ်လို့သိရတယ်။အဲဒါဆို  ကျမက  ၅၀၅ (က) ကို ဘယ်သူက တိုင်တာတုန်း။ ဘယ်သူကနေတိုင်ပြီးတော့ ဘယ်သူ‌တွေကစုံစမ်းစစ်ဆေးတာတွေ လုပ်မှာလဲ။ စုံစမ်းစစ်ဆေးတာတွေလုပ်မယ့် အမှုစစ်အရာရှိက ဘယ်သူလဲလို့မေးတော့ အဲဒိအမှုတွဲတွေ လုံး၀မရှိဘူးတဲ့ ။ ၅၀၅ (က) နဲ့ ဒီအတိုင်းပဲ တိုင်တဲ့လူမရှိဘဲ စွဲထားတယ်လို့သိရတယ်။”

“လားရှိုးကရှေ့နေတစ်ယောက်နဲ့ ကျမသွားတယ်။ နောက်တော့ ပါဝါတင်ဖို့အတွက် အဲဒိရှေ့နေကပဲ အဲဒိအကျဉ်းထောင်ကိုသွားတယ်။ ကျနော် ပါဝါတင်ချင်လို့လို့ပြောတော့ အကျဉ်းဦးစီးဌာနက ခွင့်ပြုချက်မရှိသေးဘူးလို့ပြောတယ်။ ဖေဖေတို့ကို ပါဝါတင်ချင်တယ်ဆိုရင် အကျဉ်းဦးစီးဌာနက ခွင့်ပြုချက်ရမှပဲဖြစ်မယ်။ ပါဝါစာရွက်ကို ထားချင်ရင်လည်း ထားခဲ့ပါတဲ့။ မထားရင်လည်းပြန်ယူသွားပါတဲ့‌ ပြောတယ်။ ပြောတော့ ကျမကတော့ ရှေ့နေကြီးရယ် ပါဝါတင်ချင်လို့ဆိုပြီးတော့ ထားခဲ့လိုက်တယ်။ နောက် ဒီကြားထဲမှာ ကျမစုံ စမ်းထားတာက NLD က CEC အားလုံး‌ ၁၈ ယောက်ရှိတယ်။ အဲဒိအထဲမှာ ၁၄ ယောက်ကို ဖမ်းထားပြီးသားပဲ။ အဲဒိ ၁၄ ယောက်ကရော ပါဝါတင်လို့ရသလား။ ရှေ့နေငှားလို့ရသလား။ မိသားစုတွေနဲ့ အဆက်အသွယ်လုပ်လို့ရသလား။ ဒါတွေကို ကျမလိုက်ပြီး စုံစမ်းမေးမြန်းတယ်။ တစ်ယောက်မှ မရဘူး။”

 “ကျမတို့ဖြစ်စဉ်လိုပဲ ဦးသိန်းဦးဆိုလို့ရှိရင်လည်း လုံး၀ ဆက်သွယ်လို့မရဘူး။ နောက် ဦးဟံသာမြင့် ဆိုလို့ရှိရင်လည်း အင်းစိန်အကျဉ်းထောင်ကို ဘယ်ကတည်းကပို့လဲဆိုတော့ မတ်လ (၂)ရက်နေ့ကတည်းက ပို့လိုက်တာ။ ဖေဖေ့ကို ရမန်နှစ်ပတ်‌ပြည့်တာ မတ်လ (၁၉) ရက်နေ့လို့ ပြောတယ်။ ဒါတော့ ဟုတ်ပါပြီ တစ်ခြား CEC တွေ အတွက်ရော ဘယ်နေ့ကို ချိန်းထားတာလဲ ။ ရုံးချိန်းဘယ်နေ့လဲလို့ လိုက်စုံစမ်းလိုက်တဲ့အခါ အားလုံးက (၁၉)ရက်နေ့ ဖြစ်နေတယ်။  ဖမ်းတဲ့ရက်မတူကြဘူး။ ထောင်တွေကို ပြောင်းလိုက်တဲ့ရက်တွေလည်းမတူကြဘူး။ ဒါပေမဲ့ ရုံးချိန်းရက်က မတ်လ (၁၉) ရက်နေ့ အတူတူပဲဆိုတော့ ဒါကထူးခြားတယ်။ နောက်တစ်ခုက ဘယ်သူမှ ရှေ့နေပါဝါတင်လို့မရဘူး။ ဒေါက်တာမျိုးအောင်တို့ ၊ ဦးသိန်းဦးတို့ ၊ ဦးဟံသာမြင့်တို့လည်း ရှေ့နေပါဝါတင်ဖို့ ကြိုးစားတယ်။ အထက်ကအမိန့်ရမှ အကြောင်းပြန်ပေးမယ်ဆိုတဲ့အတွက် ရှေ့နေပါဝါမတင်ရဘူး။ ပါဝါတင်ခွင့်မပေးတာက ခုခံကာကွယ်ပိုင်ခွင့်ကိုလုံး၀မပေးဘူးဆိုတဲ့ သဘောပဲ။ နောက်တစ်ချက်က အကျဉ်းသားဆိုရင်တောင်မှ အကျဉ်းသားအခွင့်အရေးဆိုတာရှိတယ်။ ခုလက်ရှိဖြစ်နေတာက အကျဉ်းသားအခွင့်အရေး ဘာတစ်ခုမှမရပါဘူး။ အကျဉ်းသားအခွင့်အရေး မရတဲ့အပြင် မိသားတစ်စုလုံး လူ့အခွင့်အရေး ချိုးဖောက်ခံရတာဖြစ်တယ်။”

မေး။ ။ အခုရက်ပိုင်းမှာ သိသိသာသာပဲ NLD ရဲ့ မြို့နယ်အလုပ်အမှုဆောင်တွေကိုလိုက်ပြီး ဖမ်းဆီးနေတာတွေရှိတယ်။ တချို့ဆို ညမှာ ဖမ်းသွားတယ်။ နောက်နေ့ကျရင် သေဆုံးသွားပြီဆိုပြီး အကြောင်းကြားလာတာတွေရှိတယ်။ အဲဒီအပေါ်ရော ဆရာမအနေနဲ့ ဘာများ မှတ်ချက်ပေးချင်ပါသလဲ။

ဖြေ ။ ။ “မနေ့တုန်းကဆိုရင် ပုဇွန်တောင်မှာ NLD ရုံးက အတွင်းရေးမှူး ဒေါ်သီသီမြင့်ကို ဖမ်းတယ်။ သူ့အိမ်ကိုသွားပြီး စီးနင်းကြတယ်လို့ ကြားတယ်။ ဒေါ်သီသီမြင့်ကို မတွေ့တဲ့အတွက် ဒေါ်သီသီမြင့်ရဲ့ သမီးနဲ့အစ်မကို ဖမ်းသွားတယ်။ ဒါဟာ တော်တော့် ကိုလူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်။ အမေကိုမတွေ့ရင် သမီးကိုဖမ်းတယ်ဆိုတာ ဥပဒေနဲ့လုံး၀မညီဘူး။ ဘာကိုမြင်လဲဆိုတော့ ဥပဒေကြောင်းအရလုပ်တာမဟုတ်ဘူး ဥပဒေမဲ့ လုပ်ချင်တိုင်းလုပ်နေတာဖြစ်တယ်။ ငါတို့မှာလက်နက်ရှိတယ်။ ငါတို့လုပ်ချင်တိုင်းလုပ်လို့ ရတယ်ဆိုတဲ့ ပုံစံမျိုးလုပ်တာဖြစ်တယ်။ အဲဒါကို ကျမတို့ကကြောက်ပြီး ငြိမ်နေမယ်ဆိုရင် တစ်သက်လုံး အဲ့လိုမျိုးလုပ်နေဦးမှာပဲ။”

 “တချို့မိသားစုတွေကတော့ ငါတို့တစ်ခုခုလုပ်လိုက်ရင် ကိုယ့်မိသားစု၀င်တွေကို အမှုတွေထပ်တိုးလိုက်လေမလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ဘာမှမပြောရဲမဆိုရဲ ငြိမ်နေတာတွေရှိတယ်။ တချို့က ဖမ်းခေါ်သွားရင်တောင်မှ ဘယ်နေ့ကဖမ်းတာလဲ။ ဘယ်အချိန်မှာဖမ်းတာလဲတိတိကျကျမဖြေရဲဘူး။ ပြောလိုက်တယ်ဆိုရင် အဖမ်းခံရတဲ့လူက အမှုတစ်ခုခုထပ်တိုးလေမလားဆိုတဲ့ စိုးရိမ်တဲ့လူတွေလည်း တွေ့ရတယ်။ ဒီလိုအကြောက်တရားတွေ၀င်အောင် ခြိမ်းခြောက်ထားတာလည်း တွေ့ရတယ်။ ကျမ ပြောချင်တာက အမြဲတမ်းအကြောက်တရားတွေကို ခေါင်းငုံ့ခံနေရတော့မှာလား။ ဒါဆိုရင် ဒီမိုကရေစီဆိုတာ ကျမတို့နဲ့ အဝေးကြီးဖြစ်သွားပြီ။ ကျမတို့က  မတရားတာကို မကြိုက်ဘူးမှန်တယ်။ ကျမတို့ တုံ့ပြန်လို့ရတယ်။ မတရားတာကိုမကြိုက်ဘူးဆိုရင် ကိုယ့်ပုံနဲ့ကိုယ် တုံ့ပြန်လို့ရတယ်။ ဒါက လမ်းပေါ်ထွက်အောင် ကျမပြောနေတာမဟုတ်ပါဘူး။ လမ်းပေါ်မထွက်ဘဲနဲ့လည်း လူ့အဖွဲ့အစည်းက ကြဉ်လိုက်တဲ့အရာတွေမျိုးကို ပါ၀င်ဆောင်ရွက်နိုင်ပါတယ်။ လူတိုင်းလူတိုင်းက မတရားမှုကို ငြိမ်မခံဘူးဆိုတာကို လုပ်လို့ရတယ်ဆိုတဲ့အရာကို ‌ကျမပြောချင်တာဖြစ်တယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ ဘာများပြောချင်ပါသေးလဲ။

ဖြေ ။ အခု NLD ကလူတွေကို ဖမ်းဆီးထားတာ အယောက် ၃၀၀ ကျော်ရှိနေပြီ။ အဲဒိလူတွေကလည်း ပါတီကမို့လို့ ဖမ်းတာမဟုတ်ဘူး။ ပြည်သူကနေမဲပေးထားတဲ့ ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေပါ။ အဲလူတွေကိုဖမ်းတယ်ဆိုတာ ပါတီကိုအဓိက ထားတာမဟုတ်ဘူး ပြည်သူလူထုပါ။ ပြည်သူကပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီလိုလုပ်တာ ပြည်သူကို အနိုင်ကျင့်တာပဲ။ အဲဒါကို ကွဲကွဲပြားပြားသိဖို့လိုပါတယ်။ အခုကျမပြောနေတာက ကျမအဖေ တစ်ယောက်ထဲအတွက်ပြောနေတာမဟုတ်ဘူး။ အခုဖြစ်နေတာက ပြည်သူလူထုနဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ ဖြစ်နေတာပါ။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024