Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကြောင့် ဘန်ကောက်ရောက်မြန်မာများ ဆန္ဒပြခွင့် ပိတ်ပင်ခံရ
နန်းမြနဒီ
·
March 12, 2021
Bkk12mr

ထိုင်းနိုင်ငံ ဘန်ကောက်မှာ မြန်မာနိုင်ငံသားတွေအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ၁ လကျော် ဆက်တိုက်ဆောင်ရွက်လာခဲ့ရာမှာ မတ်လ ၈ ရက်နေ့ကစပြီး ထိုင်းအာဏာပိုင်တွေက လုပ်ခွင့်မပေး တော့ပါဘူး။ 

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ ဆန္ဒပြပွဲအပြီးမှာ နယ်မြေခံရဲတပ်ဖွဲ့က  ကိုဗစ်-၁၉ ကူး စက်မှု ကာကွယ်ရေးနဲ့ အရေးပေါ်အမိန့်ဥပဒေအရ ဆက်ပြီးဆန္ဒပြခွင့်မပြုတော့ဘူး ဆိုတဲ့အကြောင်း ဆန္ဒပြပွဲဦးဆောင်သူတွေကို ပြောကြားခဲ့တယ်လို့ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ အသိုင်းအဝိုင်းတာဝန်ခံ ကိုစိုင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“၈ ရက်နေ့မှာ နယ်မြေခံစခန်းမှူးက မတ်လ ၅ ရက်နေ့မှာ ထပ်ထုတ်ထားတဲ့  ဘန်ကောက် အပါအဝင် ၅ ခရိုင် ( ဘန်ကောက် ၊ စမွတ်စခွန်း ၊ စမွတ်ပရကန် ၊ ပထုန်ဌာနီ ၊ နွန်ထပူရီ ) ထဲမှာ ဆန္ဒပြမှုတွေ မပေးလုပ်တော့ဘူးလို့ ပြောတယ်။ သူတို့ရဲ့ ကိုဗစ်- ၁၉ ကာကွယ်ရေး ဥပဒေအရကော အရေးပေါ်အခြေအနေထုတ်ပြန်ချက်အရပါ ဆန္ဒပြပွဲမလုပ်ရဘူး အကယ်၍ လုပ်ရင် သူတို့အရေးယူပါတော့မယ်လို့ ဆိုပြီးအကြောင်းကြားတယ်။  အဲဒီနေ့ကစပြီး ဆန္ဒပြပွဲ ရပ်ဆိုင်းသွား တာပေါ့နော် ဘယ်သူ့မှမလုပ်တော့ဘူး။”

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဘန်ကောက် ယူအဲန်ရုံးရှေ့ဆန္ဒပြပွဲကို သွား ရောက်ခဲ့သူတွေထဲက ၂ ဦးမှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရတာတွေ့ရှိကြောင်း တာဝန်ရှိ သူတွေက ဒီကနေ့မနက်မှာ အကြောင်းကြားလာတယ်လို့ သူကဆက်ပြောပါတယ်။ 

၂၈ ရက်နေ့က ဆန္ဒပြပွဲကို လူတွေသောင်းနဲ့ချီ ပါဝင်ခဲ့ကြောင်း၊  အဲဒီနေ့က ပါဝင်သူတွေသူ  မိမိကိုယ်သံသယရှိရင် ဆေးသွားစစ်သင့်တယ်လို့ ဆိုပါတယ် ။ 

အဆိုပါ ပိုးတွေ့သူ ၂ ဦးမှာ အမှတ်စဉ် ၉၆၀ (မ) နဲ့ ၉၆၁ (ကျား) တို့ဖြစ်ပြီး ဘန်ကောက်ဖားဆီကျရွန်နယ်မြေ ဘန်ဝါ့ရပ်ကွက်မှ ဟိုတယ်ဝန်ထမ်းတွေဖြစ်ကာ နေမကောင်းလို့ ဆေးခန်းသွားပြရာက ၄ ရက်နေ့မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း အဖြေထွက်တယ်လို့ thaipost.net သတင်းမှာ ဖော်ပြပါတယ်။    

ဘန်ကောက်ရောက် မြန်မာနိုင်ငံသားတွေ ဆန္ဒပြပွဲလုပ်ခွင့်မရှိပေမယ့် မိမိရောက်ရှိတဲ့ အ ရပ်ကနေ မြန်မာပြည်သူတွေနဲ့အတူ ဆုတောင်းပွဲတွေ လုပ်ဆောင်နိုင်သလို တဘက်ကလည်း CDM လုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေအတွက် ထောက်ပံ့ကူညီမှုမှာ ပါဝင်နိုင်ကြောင်းဖိတ်ခေါ်ထား ပါတယ်။ 

လက်ရှိ ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားအများစုဖြစ်တဲ့ အလှူရှင်ကနေ ထောက်ပံ့ငွေ ဘတ် ၂ သန်းနီးပါး လက်ခံရရှိပြီလို့ ဆိုပါတယ် ။ အဆိုပါထောက်ပံ့ငွေတွေနဲ့ ပတ်သက်တဲ့စာရင်းတွေကို Myanmar Community in Thailand လူမှုကွန်ရက်စာမျက်နှာမှာ မကြာခင်ဖော်ပြပေးမှာဖြစ်ပြီး နောက်ထပ် ထည့်ဝင်ကူညီလိုသူတွေအနေနဲ့  ဖုံးနံပတ် ၀၆၂ ၅၉၅ ၀၀၃၃ ကို ဆက်သွယ်နိုင်ပါတယ် ။ 

ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်းမှာတော့ ဆန္ဒပြပွဲကို လုပ်ခွင့်ရှိပေမယ့် ဌာနဆိုင်ရာ အဖွဲ့အစည်း ၃ ခု လူထုကျန်းမာရေးဌာန ၊ မြူနီစီပါယ်ရုံးနဲ့ နယ်မြေခံရဲစခန်းတွေကို ကြိုတင် အကြောင်းကြားရမှာဖြစ်ပြီး ခရိုင်ကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့ ကိုဗစ် ၁၉ ကာကွယ်ရေး စည်းကမ်းအတိုင်း ဆောင်ရွက်ရမယ်လို့  ချင်းမိုင်ရောက်မြန်မာနိုင်ငံသားများ စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲစီစဉ်သူ တစ်ဦးဖြစ်တဲ့ ကိုဂျော်နီက ဒီဗွီဘီကို ပြောပါတယ် ။ 

“  သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ဆန္ဒပြလို့ရပါတယ်ခင်ဗျ ၊ ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့ လက်ရှိအခြေအနေကိုလည်း ကြည့်ရပါတယ်။ ကျနော်တို့ ချင်းမိုင်က ဆန္ဒပြပွဲနဲ့ လူထုဟောပြောပွဲကို မတ်လ ၂၇ ရက် တော်လှန်ရေးနေ့နဲ့အကိုက် လုပ်ဖို့ရည်ရွယ်ထားပေမဲ့ သူတို့ နယ်မြေအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်နေတော့ ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေး နေပါတယ်၊ လုပ်တော့ လုပ်မယ်ခင်ဗျ   ”

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ တရားဝင်အနေနဲ့ရော တရားမဝင်အနေနဲ့ပါ ဝင်ရောက်နေထိုင်နေတာ ၃ သန်းလောက်ရှိပါတယ်။

ကိုးကား - Thai Post

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024