
မုံရွာမြို့မှာ မတ်လ ၁၂ ရက် နေ့လည်ပိုင်းက ချမ်းမြဝတီရပ်ကွက်၊ ဗန္ဓုလလမ်းနဲ့ ဘုရင့်နောင်လမ်းထောင့်ရှိ ပွင့်သစ် လက်ဖက်ရည်ဆိုင်ကို စစ်တပ်နဲ့ ရဲတို့က အင်အားအလုံးအရင်းနဲ့ အကြမ်းဖက်ဝင်ရောက်စီးနင်းပြီး အနည်းဆုံး လူ ၂၀ ကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
မုံရွာပင်မသပိတ်စစ်ကြောင်း လူစုခွဲပြီး ပြန်တဲ့အချိန် ဆိုင်ထိုင်နားနေကြစဉ်မှာ အခုလိုဝင်စီးခံရတာလည်း ဖြစ်ပါတယ်။
အဖမ်းခံရသူတွေထဲမှာ ဆိုင်ရှင်ပါဝင်တယ်လို့သိရပြီး ကျောင်းသားတွေ၊ ဝန်းရံသူတွေ၊ ရှေ့နေတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ သူတို့ကိုတော့ ဘယ်ကို ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။
ဒါ့အပြင် ဒီနေ့မှာပဲ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်ရဲ့နေအိမ်တံခါးကို ဖျက်ဆီးကာ ကွန်ပြူတာနဲ့ စီစီတီဗွီ hard disk တွေကို ယူဆောင်သွားတယ်လို့လည်း သိရပါတယ်။