Home
မေးမြန်းခန်း
“သွေးတစ်စက်ကျတိုင်းဟာ မင်းအောင်လှိုင်နဲ့ သူ့အပေါင်းပါမှာတာဝန်ရှိတယ်”- ဒေါက်တာဆာဆာ
DVB
·
March 1, 2021

လက်ရှိ မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုအပေါ်ကို နိုင်ငံတကာက အရေးယူမယ့် အခြေအနေ၊ မြန်မာစစ်ခေါင်းဆောင်တွေကို  နိုင်ငံတကာတရားရုံးတွေဖြစ်တဲ့ ICJ နဲ့ ICC တရားရုံးတွေမှာ တရားစွဲဖို့ ကြိုးပမ်းနေတဲ့ အခြေအနေတွေနဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ရဲ့ ကုလသမဂ္ဂဆိုင်ရာအထူးသံတမန် ဒေါက်တာဆာဆာကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ယူအန်မှာ မိန့်ခွန်းပြောတဲ့အချိန်မှာပေါ့နော်။ ဆရာတို့ရဲ့ CRPH ကိုလည်း အသိအမှတ်ပြုတယ်။ ပြီးတော့ အန်အယ်လ်ဒီရွေးကောက်ပွဲမှာ နိုင်တဲ့ဟာကိုလည်း အသိအမှတ်ပြုတယ်ဆိုတာကို ပြောသွားတယ်။ ဆရာ့အနေနဲ့ အဲဒါကို ဘယ်လိုအမြင်ရှိလဲဆိုတာ အရင်ဆုံးစပြောပေးပါ။

ဖြေ - “ကျနော်တို့ လေးစားရတဲ့သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံ သမိုင်းမှာ သူ့ကို သူရဲကောင်း တစ်ယောက်အနေနဲ့ ဖြစ်သွားတယ်လို့ ကျနော် နံပါတ် ၁ ပြောလိုပါတယ်။ အဲဒီကုလသမဂ္ဂရဲ့ Floor မှာ ပြတ်ပြတ်သားသား တစိုက်မတ်မတ် မတ်တတ်ရပ်ပြီးတော့ အဖြစ်ကို အဖြစ်အတိုင်း၊ အဟုတ်ကို အဟုတ်အတိုင်း ပြောရဲတဲ့ ဆိုရဲတဲ့ သတ္တိကို သူက ပြသွားပါတယ်။ မြန်မာနိုင်ငံ ပြည်သူလူထုအားလုံးမှာလည်း အဲလိုသတ္တိခဲတွေ ရှိတယ်ဆိုတာကိုလည်း တကမ္ဘာလုံးကို သက်သေပြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ (CRPH ) အနေနဲ့ သော်လည်းကောင်း၊ ကျနော်မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ်နဲ့ ဒီ ကမ္ဘာ့ကုလသမဂ္ဂ ကိုယ်စားလှယ်အဖြစ်နဲ့သော်လည်းကောင်း သူ့ကို တကယ်ဂုဏ်ယူပါကြောင်းနဲ့ လေးစားပါကြောင်း ပြောလိုပါတယ်။”

“ပြီးတော့ သူ့အခြေအနေမှာ တော်တော်အခက်အခဲတော့ ရှိမှာပေါ့နော်။ ဒီအခြေအနေနဲ့ဆိုရင် ဒါပေမဲ့လည်း မကြာခင်မှာ ကျနော်တို့ဟာလည်း ( Interim government   ) ဆိုတဲ့ ယာယီအစိုးရကို ဖွဲ့လာနိုင်လိမ့်မယ်။ ကျနော်တို့အားလုံးဟာ အဲဒီယာယီအစိုးရရဲ့ သံတမန်အရေးကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျနော်တို့ဟာ အမေရိကန်အစိုးရနဲ့လည်း တိုင်ပင်မယ် ဆွေးနွေးမယ် တင်ပြစရာတွေအများကြီးရှိပါတယ်။  ဒီအာဏာသိမ်း တရားမဝင် စစ်ကောင်စီက ခန့်အပ်ထားတဲ့ နောက်သံတမန်တယောက်လာမယ်ဆိုရင်လည်း သူ့ကိုအမေရိကန် အစိုးရက ဗီဇာမပေးဖို့ အဲ့လောက်အထိကို ကျနော်တို့လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ကျန်တာကိုကြည့်မယ်ဆိုရင်တော့ လစ်ဗျားမှာ ကဒါဖီ ဆိုတာဟာလည်း အာဏာရှင်ဖြစ်တယ်။ ကဒါဖီကို သူ့ရဲ့ကိုယ်စားလှယ်တော်ကြီးက ဦးကျော်မျိုးထွန်းလုပ်သလိုပဲ denounce (လူသိရှင်ကြား စွပ်စွဲရှုတ်ချ)  လုပ်လိုက်တဲ့အခါမှာ ကဒါဖီက  သူ့ရဲ့ကိုယ်စားလှယ်အကုန်လုံးကို ဖြုတ်လိုက်ပေမယ့်လည်း ကုလသမဂ္ဂကမှာတော့ သူ့ကိုမဖြုတ်ပါဘူး ဖြုတ်လို့မရပါဘူး။”

“အဲဒီမှာ သမိုင်းရှိပါတယ် ၊ ဒါကြောင့်မို့ ကျနော်တို့ဟာ ကျနော်တို့မိတ်ဆွေတွေအဖြစ်နဲ့ ပြင်သစ်အစိုးရ ဗြိတိသျှအစိုးရ၊ အမေရိကန်အစိုးရနဲ့ အဲလိုဗီဒိုအာဏာ လုံခြုံရေးကောင်စီမှာရှိတဲ့ လူတွေကိုလည်း ကျနော်တို့ ပြောမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ တကယ့် သတ္တိရှိရှိနဲ့တကမ္ဘာလုံးသိအောင် ဒီအာဏာသိမ်း စစ်အစိုးရတွေ တရားမဝင်ကြောင်း ၊ အာဏာရှိ အစိုးရတွေ အစိုးရမဟုတ်ကြောင်းနဲ့ အသိအမှတ် မပြုသင့်ကြောင်း ၊ သူပြောသွားတကာတော့ မြန်မာနိုင်ငံ ပြည်သူပြည်သားတွေအားလုံးဟာလည်း ပီတိဖြစ်ပြီးတော့ ဂုဏ်ယူပါလိမ့်မယ်လို့ ခွန်အားရပါလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ် ။ 

မေး - နောက်တစ်ခုကပေါ့နော် နိုင်ငံတကာရှေ့မှာ သူကဒီလိုမျိုး မိန့်ခွန်းပြောသွားတဲ့အပေါ် နောက်ဆက်တွဲအကျိုးရလဒ်တွေက ဘာတွေဖြစ်လာလိမ့်မလဲလို့ ဆရာ မျှော်လင့်ထားသလဲ။ 

ဖြေ - “ဒါကတော့ နံပါတ် ၁ က အာဏာသိမ်းစစ်အစိုးရ တရားမဝင်အစိုးရက သူ့ကို အလုပ်ဖြုတ်မယ်လေ။ အခု ဖြုတ်လည်း ဖြုတ်ပြီလေ။ ဒါပေမဲ့ သူ့အလုပ်ဟာ သူတို့ဖြုတ်တာ မဖြုတ်တာနဲ့မဆိုင်ဘူးလေ။ မြန်မာနိုင်ငံမှာ အခုအာဏာယူနေတဲ့ အာဏာသိမ်းစစ်ကောင်စီကို ဘယ်နိုင်ငံတကာမှာမှ အသိအမှတ်မပြုဘူးဆိုတာ အာဏာသိမ်းစစ်ကောင်စီသိထားဖို့ လိုပါတယ်။ သူတို့ကို တရားမဝင်အစိုးရဖြစ်တဲ့အကြောင်းကို ကျနော်တို့ဘက်ကလည်း   ကျနော်တို့ဘက်ကလည်း အများကြီး ပြောပြီးသားဖြစ်သလို တကမ္ဘာလုံးကလည်း သူတို့ကို အသိအမှတ်ပြုမှာမဟုတ်ပါဘူး။  ဒါကြောင့်မို့ သူတို့အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံ အထူးသံတမန် အမြဲတမ်းအတွင်းဝန် ဖြစ်နေမှာပဲ။ အမြဲတမ်းကိုယ်စားလှယ်ဖြစ်နေမှာပဲ။ ဒါကတော့ သေချာပါတယ်။ ဆိုတော့ ကျနော်တို့အနေနဲ့ သူတို့အားလုံးနော် သူ့သာမကဘူး၊သူ့နောက်လိုက်တွေလည်း  ကျနော် ဟိုတုန်းကပြောသလိုပေါ့။ တကမ္ဘာလုံးမှာရှိတဲ့ မြန်မာနိုင်ငံသံရုံးအားလုံးသည် သပိတ်မှောက်သင့်ပြီ။ CDM မှာ အားလုံးပါဝင်သင့်ပြီလို့ ကျနော်တို့ ပြောထားတယ်။ သူတို့ ပါဝင်လာပြီဆိုရင်တော့ ဒီမှာ ယာယီအစိုးရရဲ့ အောက်မှာနေကြမယ်။ ပြီးတော့ ဥပမာ ဗြိတိသျှမှာ ရှိတဲ့သံရုံးဆိုရင်  လန်ဒန်မှာရှိတဲ့သံရုံးဆိုရင် ကျနော် ဗြိတိသျှအစိုးရကို တိုင်ပင်မယ်၊ ယာယီအစိုးရနာမည်နဲ့ တိုင်ပင်ပြီးတော့ သူတို့ကို လုံခြုံရေးပေးဖို့နဲ့ သူတို့ကို အသိအမှတ်ပြုဖို့နဲ့ ဆက်လက်ပြီးတော့ အဲလိုနေနိုင်ဖို့  ဒါတွေအားလုံး အများကြီးလုပ်စရာရှိတယ်။ ဒါတွေလည်း ဖြစ်လာနိုင်ပါတယ်။ အရမ်းကောင်းပါတယ်။”

မေး - ဒါဆိုရင် ဦးကျော်မိုးထွန်းတို့လိုမျိုး CDM လုပ်တဲ့ ဝန်ထမ်းတွေကို နိုင်ငံတကာက အကာအကွယ်ပေးနိုင်ပါ့မလား။

ဖြေ - “မပေးနိုင်စရာ အကြောင်းမရှိဘူးလေ။ ဒီစစ်အာဏာရှင်တွေက နေပြည်တော်မှာပဲလေ ဆရာရယ်။ သူတို့က ဥပမာ ချင်းပြည်နယ်မှာ အစိုးရဖွဲ့နိုင်သလား၊  ဒီတရားမဝင်အစိုးရက ချင်းပြည်နယ်မှာလာဖွဲ့ရင် ကြိုက်မှာမဟုတ်ဘူး။ ကချင်ပြည်နယ်မှာ ကရင်ပြည်နယ်မှာ လာဖွဲ့ပါ၊ မရဘူး။ ကျနော်တို့က တိုင်းရင်းသားတွေနဲ့လည်း ဆွေးနွေးနေပြီ။ တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးဆွေးနွေးပြီးတော့ကာ ကချင်ပြည်နယ်အစိုးရကို ဥပမာ  KIA နဲ့ ကချင်ပြည်နယ်မှာ ရွေးကောက်တင်မြှောက်ထားတဲ့လူတွေ ကိုယ့်ဘာသာကိုယ်  ပူးပေါင်းပြီးတော့ ယာယီအစိုးရကိုဖွဲ့ လို့ရတယ်။ ဘယ်လိုနဲ့မှကို ဒီလိုအာဏာသိမ်းစစ်အစိုး တရားမဝင်အစိုးရကို ဘယ်တော့မှလည်း လက်ခံမှာမဟုတ်သလို ဘယ်တော့မှလည်း နောက်ဆုတ်ပေးမှာ မဟုတ်ဘူး။ ဆိုတော့ သူတို့အားလုံး လုံခြုံပါတယ်။ ကမ္ဘာက ကျနော့်ကို အသိအမှတ်ပြုတယ်။ ပြီးတော့ ကျနော်က  အထူးသံတမန်ကိုယ်စားလှယ်ဖြစ်တဲ့အတွက်ကြောင့် ကျနော်သည် နိုင်ငံတကာနဲ့တွေ့တဲ့အခါမှာ ကျနော်က ပြတ်ပြတ်သားသား တစိုက်မတ်မတ်လည်း ပြောပြီးသားဆိုတာ ဆရာတို့လည်း သိပြီးသားလည်း ဖြစ်လိမ့်မယ်။ ကမ္ဘာက ကျနော်ပြောတာ လက်ခံတယ်။ “

“ဥပမာ မင်းအောင်လှိုင်ကို နိုင်ငံတကာကို လာခိုင်းပါ။ မင်းအောင်လှိုင်နဲ့ ကျနော် အတူပြောကြည့်ရအောင်။ ဘယ်သူ ပြောတဲ့စကားကို နိုင်ငံတကာက ယုံမလဲ။ ထိုနည်းတူပဲ ရန်ကုန်၊ မန္တလေးမှာ ထိုနည်းတူပဲ။ မြစ်ကြီးနားမှာ ဘယ်သူ့မှ သူတို့ကို အယုံအကြည်မရှိတော့ဘူး။ အခုကတော့  ပြည်သူလူထုလည်း လုံးဝ  သတ်ခြင်းဖြတ်ခြင်းခံနေတဲ့အချိန် ဖြစ်တဲ့အတွက်ကြောင့် ခက်ခဲတယ်၊ နားလည်တယ်၊ မငိုပါနဲ့။ ဒီနေ့ သေသွားတဲ့ အသတ်ခံရတဲ့သူတွေဟာ သူရဲကောင်းတွေပါ။ ကျနော်တို့ ဒီမိုကရေစီ ရလာတဲ့ တနေ့ကျရင်  သူတို့ရဲ့နာမည်ဟာ မင်းအောင်လှိုင်ရဲ့နာမည်အပေါ်မှာ ထားမယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သူရဲကောင်းတွေပဲ.  ဒီနေ့တိုက်ပွဲဝင်တဲ့ ကျနော်တို့  ပြည်သူလူထုဟာ လက်နက်မရှိဘူး။ သူတို့မှာ လက်နက်မရှိဘူး။ သူတို့အားလုံး နိုင်ငံတကာက အသိအမှတ်ပြုပြီ ဆိုတော့ ဒီထက်မက အသိအမှတ်ပြုတယ်လို့ ပြောတဲ့အချိန်မှာ အလုပ်အဖြစ် အသိအမှတ်ပြုအောင်ပေါ့လေ။ ပါးစပ်နဲ့ အသိအမှတ်ပြုတယ်ဆိုတာ မဟုတ်တော့ဘဲနဲ့  ကျနော်တို့ ယာယီအစိုးရနဲ့ အတူတကွ လုပ်နိုင်တဲ့အထိ ကျနော်တို့ ဆောင်ရွက် သွားပါမယ်။ ဆိုတော့ အကုန်လုံး လုံခြုံပါတယ်။”

မေး -ဟုတ်ကဲ့ ဆရာ။ နောက်တခု ဒီဝမ်းနည်းစရာသတင်းပေါ့။ မနေ့ကဆိုလည်း ပြည်သူတွေ သေသွားတယ်။  ၂၈ ရက်နေ့မှာ ပြည်သူတွေ အသက်ဆုံးရှုံးသွားတယ်။  ဒဏ်ရာရတဲ့လူတွေလည်း အများကြီးပဲ။ အဲပေါ်မှာ ဒီအကြမ်းဖက်ဖြိုခွင်းနေတဲ့ သပိတ်စစ်ကြောင်းတွေကို နိုင်ငံတကာဖိအားတွေကြားမှာပဲ ခုလိုလုပ်နေတဲ့အပေါ် ဆရာ့အမြင် ထပ်ပြောပါဦး။

ဖြေ -  သွေးတစ်စက်ကျတိုင်းဟာ မင်းအောင်လှိုင်နဲ့ သူ့အပေါင်းပါမှာတာဝန်ရှိတယ်။ မနေ့ညက ကျနော်အီးမေးလ်အကောင့်ဖွင့်တယ်။ အဲဒီမှာလူထုက ကျနော့်ကို အီးမေးလ် ၂၀၀၀၀ ကျော်ပို့ လိုက်ပြီ။ သူတို့မှာဖြစ်နေတဲ့ အခက်အခဲ၊ ခြိမ်းခြောက်ခြင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်ခြင်း ဖြစ်နေတဲ့အတိုင်းကို ကျနော့်ဆီမှာ အီးမေးလ်ရောက်လာတယ်။ သူတို့မှာဖြစ်နေတဲ့ အတိုင်းကို  ကျနော့်ဆီမှာ အကုန်ရောက်လာပြီ၊ အဲဒါကို မနေ့ညက ကျနော်တို့ကနေပြီးတော့ အပြည်ပြည်ဆိုင်ရာ ဥပဒေကျွမ်းကျင်သူ အဖွဲ့အစည်းနဲ့ ကျနော်တို့  မနေ့ညက ၄ နာရီ ၅ နာရီ  စကားပြောပြီနော်။ သူတို့ကနေ ကျနော့် အီးမေးလ် ၂၀၀၀၀ ကျော်ကိုလည်း သူတို့ပို့လိုက်ပြီ။ အခုဆိုရင် နံပါတ် ၁ မင်းအောင်လှိုင်နဲ့ အဖွဲ့ကို ကျနော်တို့က ဒီအိုင်စီဂျေ Case နဲ့ ကျနော်တို့ပြန်စွဲမယ်။  အဲဒီအိုင်စီဂျေ Case  မသေသေးဘူးနော်။ အမေဒေါ်စုက သူတို့ကို ကာကွယ်ဖို့ရန် သူတို့ကို သနားလွန်းအားကြီးလို့  သွားပြီးတော့ နိုင်ငံတကာတောင်မှ သူသိက္ခာအကျခံရတယ်လေ။ အဲဒါသူကစစ်သားတွေကို တဘက်ကပြောမယ်ဆိုပြီးတော့ ဒီလိုအကောင်းကိုလုပ်ပေးရင် သူတို့က အကောင်းကိုလုပ်လာလိမ့်မယ်ဆိုတဲ့အယုံအကြည်နဲ့ လုပ်ပေးတာဖြစ်တယ်။ ဒါတောင်မှသူတို့နားမလည်ဘူး။ လုံးဝနားမလည်ဘူး ။ အဲလိုနားလည်နိုင်မယ့်ဦးနှောက်လည်း သူတို့မှာ မရှိဘူးလို့ထင်ပါတယ်။ ဒါကြောင့်မို့ အိုင်စီဂျေလည်း ပြန်သုံးဖို့ရန် အတွက် ကျနော်တို့က အပြည်ပြည်ဆိုင်ရာ ဥပဒေပါမောက္ခတွေကို ကျနော်တို့ ငှါးလိုက်ပြီနော် ။ အပြည်ပြည်ဆိုင်ရာ  ဥပဒေပါမောက္ခတွေကို ငှါးလိုက်ပြီ။ သူတို့ကနေပြီးတော့ အိုင်စီဂျေအထိပြန်တင်မယ် ။ တင်တော့ အခုနသူတို့သတ်နေတဲ့ သွေးတစ်စက်ကျတိုင်း၊ အိမ်တစ်အိမ်ဖျက်ဆီးတိုင်း၊ လူတစ်ယောက်ဒဏ်ရာရတိုင်း စောစောကကျနော်ပြောသလို ဒါကို သက်သေအ ထောက်အထားနဲ့တကွ ပြည်သူလူထုက ကျနော့်ဆီမှာပို့ပါနော်။ [email protected] အဲဒီမှာအကုန်လုံးပို့ပါ။ ဒါကိုကျနော်တိုက်ရိုက် ICJ နဲ့ ICC ပေါ့ International  Criminal  Court   တွေမှာရှိတဲ့ lawyer တွေနဲ့ ဒါ အပြည်ပြည်ဆိုင်ရာ   (Law Firm) ကိုငှါးပြီးတော့မှ  Law Professors တွေက အောက်စ်ဖို့ဒ်တက္ကသိုလ်က Law Professors တွေ ၊  ကမ်းဘရစ်ချ်တက္ကသိုလ်က Law Professors တွေ ၊ ပြီးတော့ အမေရိကန် ဟားဘတ်တက္ကသိုလ်က Law Professors တွေ ကျနော်တို့သိတဲ့လူတွေ အများကြီးရှိပါတယ်။ အားလုံးပေါင်းပြီးတော့မှ  ဒီစစ်အာဏာသိမ်းကောင်စီက ပြည်သူလူထုကို အကြမ်းဖက်နေတာကို  ဘယ်တော့မှ သည်းခံမှာမဟုတ်ဘူး ဘယ်တော့မှလည်း နောက်ဆုတ်ပေးမှာမဟုတ်ပါဘူး သူတို့ကို ကျနော်တို့ဟာ Justice system အထိကို ယူလာပေးနိုင်ဖို့ ဒါကမ္ဘာ့သမိုင်းမှာလည်း အများကြီးရှိတယ်။”    

“ဒီလို အကြမ်းဖက်ရုံနဲ့ ကျနော်တို့ဟာ ဘယ်တော့မှ နောက်ဆုတ်မှာမဟုတ်ပါဘူး ၊ ဒီလိုဖြိုခွဲရုံနဲ့ ကျနော်တို့ဟာ ဘယ်တော့မှနောက်ဆုတ်မှာ မဟုတ်ပါဘူး ။ ဒီလိုဖြိုခွဲရုံနဲ့ ကျနော်တို့က ပြတ်မှာမဟုတ်ပါဘူး ၊ ကျနော်တို့အနေနဲ့ တဘက်ကကြည့်မယ်ဆိုရင် ဒီစစ်အာဏာသိမ်းကောင်စီနဲ့ သူတို့အပေါင်းပါအားလုံးဟာ ကျနော်တို့ဟာ အခုကတော့ နိုင်ငံရေးအရဖိအားပေးနေတယ် ၊ တဘက်က စီးပွါးရေးအရဖိအားပေးနေတယ်။  နားမထောင်လာတဲ့တနေ့ကျရင်တော့ ကျနော်တို့က စစ်ရေးအရလည်း ဘယ်လိုအရေးယူမလဲဆိုတာ တစ်ခုရှိနေတယ်။  option  ကောင်းကောင်းရှိနေတယ် ကေအိုင်အိုရှိတယ်ကွာ ၊  ကေအိုင်အေရှိတယ်ကွာ ၊ ကေအဲန်ယူရှိတယ် ၊ စီအန်အန်ရှိတယ် ၊ အေအေရှိတယ် ၊ အေအေနဲ့ တိုက်ပွဲ ၁ နှစ် ၂ နှစ်လုပ်တာတောင်မှ ဒီစစ်သားတွေက သူတို့ကြပ်နေတယ်လေ။ အခု ကေအိုင်အေ ၊ အေအေ အကုန်လုံးပေါင်းပြီးတော့ ကျနော်တို့ဟာ နိုင်ငံတကာလည်း ဒီလို လိုအပ်လာတဲ့တနေ့ကျရင်တော့ ကျတော်တို့ကိုကူညီဖို့ နည်းလမ်းတွေအများကြီးရှိတယ်။ 

“ဥပမာပေါ့ ကျနော်တို့ချင်းတွေကိုလည်း အထင်သေးလို့မရဘူး။ ကျနော်တို့ အမေရိကန်မှာရှိတဲ့ ချင်းတွေအတော်များများမှာ အမေရိကန်စစ်သားတွေအ များကြီးရှိတယ်ဆိုတာလည်း မမေ့သင့်ဘူး။ ကရင်တွေဆိုတာလည်း အထင်မသေးနဲ့ ကရင်တွေမှာ အမေရိကန်စစ်သားတွေအများကြီးရှိတယ်။ သူတို့ကို ကျနော်တို့ အမေရိကန်အစိုးရနဲ့ တိုင်ပင်လို့ရတယ်နော် ဒါကတော့ တစ်နာရီပြောမယ့်စကား အများကြီးတောင် မလိုပါဘူး။ ဒါကြောင့်မို့ အာဏာသိမ်းစစ်ကောင်စီက သူတို့ကြိုက်သလို ပြည်သူလူထုကို ဥပမာကချင်ပြည်နယ်မှာ အဲလိုလာလုပ်ကြည့်ပါလား။ ချင်းပြည်နယ်မှာ အဲလိုလာလုပ်ကြည့်ပါလား။ မရဘူးလေ။ ကျနော်တို့လက်ပိုက်ကြည့်မှာမဟုတ်ဘူး။ ကျနော်တို့ အကုန်လုံးထမှာ။ ဥပမာ ကျနော်တို့ချင်းတွေက အမေရိကန်မှာ ၁ သိန်းလောက်ရှိပြီလေ ၊ အဲဒီမှာ ချင်းလူငယ် ၂  သောင်း ၃ သောင်း ရှိတယ်လေ ။ သူတို့ကနည်းပညာလည်းကျွမ်းတယ် ဘာလဲကျွမ်းတယ်။ အခုက နိုင်ငံရေးကို နိုင်ငံရေးလိုပြောပါတယ်။ စစ်ရေးလို့ပြောတဲ့အခါမှာ အပြင်မှာ လက်နက်ကိုင်ပြီးတော့ ပစ်တာမဟုတ်ဘူး။ ဒရုန်း လူမဲ့လေယာဉ်နဲ့တိုက်ကြပါတယ်နော် လူမဲ့လေယာဉ် ၊ ဆိုတော့ ကျနော်တို့အနေနဲ့ ဒါတွေအားလုံးဟာ စဉ်းစားစရာဖြစ်လာပြီ။” 

“ဆိုတော့ ဒီလိုဆက်လက်အကြမ်းဖက်နေရင် သူတို့အဖွဲ့ကလည်း သေချာပြန်စဉ်းစားသင့်တယ်။ သူတို့အတွက်လည်းမကောင်းသလို ပြည်သူလူထုအတွက်လည်း မကောင်းဘူး။ ဒါကြောင့်မို့လို့ ဒီနေ့ရဲတွေသော်လည်းကောင်း စစ်သားတွေသော် လည်းကောင်း  လုံးဝသတ်ဖြတ်မှု လုံးဝမလုပ်ဖို့ ကျနော်သတိပေးလိုက်ပါတယ်။ ဆက်လက်ပြီးတော့ မင်းတို့က ပြည်သူလူထုကို နှိပ်စက်အကြမ်းဖက်မယ်ဆိုရင် ရှေ့ကို စစ်ရေးနဲ့ ပြန်ရင်ဆိုင်ရတဲ့နေ့ကို မရောက်ဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး။ စစ်ရေး ပြောတဲ့အခါမှာ ကျနော်တို့က ပြန်ပြီးတော့ AK -47 တွေကို ကိုင်ပြီးတော့ သွားမှာမဟုတ်ဘူး။ ကျနော်တို့က အပြည်ပြည်ဆိုင်ရာရဲ့ အထောက်အပံ့ကိုယူပြီးမှ ဒရုန်း ဒါကိုကျနော်တို့စဉ်းစားမှာဖြစ်ပါတယ်။ ဒါဟာ အင်မတန်မှ ဖြစ်နိုင်ချေရှိတယ်။ ဒါဟာ ဖြစ်လို့လည်းလွယ်တယ် ၊  ဘာမှ ကျနော်တို့လက်နက်က  အဲ့မှာလာစရာမလိုပါဘူး။ ဒါကြောင့်မို့ ပြောချင်တာကတော့ ကျနော်တို့အချင်းချင်းပဲနော် ၊ တရေ တည်းကျနော်တို့အကုန်လုံးက အဲလိုမဖြစ်အောင်ကို  ဒီနေ့ကနေစပြီးတော့ ရဲသားတွေ စစ်သားတွေကလည်း ပြည်သူလူထုကို နောက်ထပ်အကြမ်းမဖက်အောင် မေတ္တာရပ်ခံချင်သလို သတိပေးလိုပါတယ်။”

မေး - ဟုတ်ကဲ့ ။ နောက်တစ်ခုမေးချင်တာက ကျနော်နဲ့ အင်တာမဗျူးခင် နိုင်ငံတကာနဲ့ တံခါးပိတ်အစည်းအဝေးတစ်ခုကို တက်ခဲ့ရတယ်လို့ ကျနော်တို့ သတင်းရပါတယ် ။ အဲတော့ ဆရာ ဘယ်နိုင်ငံနဲ့ အစည်းအဝေးလုပ်ခဲ့လဲ ၊ ဘာတွေတင်ပြခွင့်ရခဲ့သလဲဆိုတာ သိပါရစေ ။

ဖြေ- “အဓိကကတော့ လူ့အခွင့်အရေးချိုးဖောက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြည်သူလူထုကနေပြီးတော့  ပို့ပေးတဲ့ အီးမေးလ်တွေကို ကျနော်က အဲဒီနိုင်ငံတကာဥပဒေရှင်တွေ လက်ထဲရောက်အောင်ပေးပြီး သူတို့ဆီက အကြံဉာဏ် လာတောင်းတာပါ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ဆွေးနွေးနေတာဖြစ်ပါတယ်။ မနက်ဖန်မှာလည်း ကျနော်တို့ တံခါးပိတ်အစည်းအဝေးတစ်ခုရှိတယ် ၊ ဒါကတော့  မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးအ ထူးကိုယ်စားလှယ် သောမတ်စ်အန်ဒရူးနဲ့လည်း ကျနော်တို့တွေ့ဖို့ရှိတယ်။  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီးဟောင်းပေါ့နော် သူနဲ့လည်းကျနော်တို့ တွေ့ဖို့ရှိပါတယ်။ အများကြီးဖွင့်ပြောလို့မရတာလည်းရှိပါတယ် ၊ ဒါကြောင့်မို့ ဒါကိုတော့ သည်းခံနားလည်ပေးပါ”။ 

မေး - ဟုတ်ကဲ့ ဆရာ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာပို့စ်တစ်ခုတင်လိုက်တယ်၊ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ထဲကန ခဏဖယ်ထုတ်ထားဖို့၊ နောက်ဆုံးထုတ်ဖို့ပေါ့နော်။ အဲဒါကော လက်တွေ့ ဖြစ်နိုင်ပါ့မလား ၊ ဘယ်လိုအခြေအနေရှိလဲ။ 

ဖြေ - “အခုက မိသားစုတစုမှာ လူဆယ်ယောက်ရှိတယ်။ လူတစ်ယောက်က အကြမ်းဖက်နေတယ်။ လူတစ်ယောက်က ဒီလိုလုပ်နေတယ်ဆိုတော့ အဲဒီမိသားစုက ဘယ်လိုနေမလဲ။ ဒါပဲလေ။ ရှင်းရှင်းလေးဘဲလေ ။    အဲလို မိသားစုမှာ ၁၀ ယောက်ရှိတယ် ၊ အာဆီယံမှာ နိုင်ငံက ၁၀ ခုရှိတယ်။ နိုင်ငံတနိုင်ငံက ခုနလို တရားမဝင်အာဏာသိမ်းတယ်။ တရားမဝင်နဲ့   နိုင်ငံတော်အတိုင်ပင်ခံကို ဖမ်းတယ်။ သမ္မတကြီး ဦးဝင်းမြင့်ကိုဖမ်းတယ်။ တရားမဝင်နဲ့ ကျနော်တို့  ဝန်ကြီးချုပ်တွေ ဒေါက်တာဇော်မြင့်မောင်တို့ ဒေါက်တာဇော်မြင့်မောင်ဆိုရင်တော့ သူကကင်ဆာကုသနေတဲ့လူနာလည်းဖြစ်ပါတယ်။ ကျနော်လည်း ဆရာဝန်ဖြစ်တယ်။ သူတို့လည်းဆရာဝန်ဖြစ်တယ်။ သူ့ကိုတောင်မှ  ကင်ဆာကုသခွင့်မပြုဘဲ အချုပ်ထဲမှာထည့်နေတယ်။ ဒါဟာ အာဆီယံက မျက်စိမှိတ်ပြီးတော့  ကြည့်နေတယ်လို့ ကျနော်တို့ ယူဆတယ်။ အဲဒါ မရတော့ဘူး။”

“မိသားစုမှာ အိမ်တအိမ်မှာ ဆယ်ယောက်နေပြီးတော့ လူတယောက်က အကြမ်းဖက်နေတဲ့ဥစ္စာကို သူတို့ကလက်ပိုက်တယ်။ မျက်စိမှိတ်၊ နားပိတ်၊ မမြင်ချင်ယောင်ဆောင်တယ်။ မကြားယောင်ဆောင်တယ်။ မနေ့ညဆိုလည်းကြည့်လေ  ဘယ်လောက်အရုပ်ဆိုးသလဲ။ ကျနော်က အခုဆိုရင်တော့ သူတို့က အပြည်ပြည်ဆိုင်ရာ မီဒီယာတွေလည်းအင်တာဗျူးအများကြီးရှိတယ်။ အခုန ဆရာနဲ့ အင်တာဗျူးမလုပ်ခင်  ကျနော်ဒီ အပြည်ပြည်ဆိုင်ရာ သတင်းထောက် လေးယောက်နဲ့ ကျနော်ပြန်ထိုင်သေးတယ်။ သူတို့ကိုလည်း ပြောထားပြီ။ အာဆီယံလုပ်ရပ်က မရတော့ဘူး။ ဘာဖြစ်လို့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက တရားမဝင်ခန့်ထားတဲ့ ဝန်ကြီးကိုလာတွေ့သလဲ။ သူတို့လာတွေ့တော့  ကျနော်က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး။ ကျနော်တို့ရဲ့  သမ္မတကြီး ဦးဝင်းမြင့် လွတ်မြောက်ရေးတွေ။ ပြည်သူလူထုဆန္ဒပြတဲ့လူတွေက သူတို့နဲ့တွေ့ပြီးတော့ သူတို့လွတ်မြောက်ရေးတွေကြိုးစားရမှာ။ ဒါမှမဟုတ်ဘဲနဲ့ သူတို့က တရားမဝင် အာဏာသိမ်း စစ်ကောင်စီနဲ့ သူတို့က ဒီလိုနေပြီး အဲလိုဖြစ်နေတာကတော့ လုံးဝအန္တရာယ်များတယ်။ ဆိုတော့ ကျနော်တို့အနေနဲ့ ဆက်လက်တောင်းဆိုသွားမှာပါ။  တကယ်လို့များ အာဆီယံက မြန်မာနိုင်ငံရဲ့ တရားမဝင်အာဏာသိမ်းစစ်ကောင်စီကို အဲလိုဆက်ပြီးဆက်ဆံနေရင်တော့ ကျနော်တို့လည်း  အနောက်နိုင်ငံမှာ အမေရိကန််အစိုးရတို့လို ဥရောပယူနီယံတို့ကိုလည်း အာဆီယံကို  ဖိအားပေးဖို့ ကျနော်တို့က ပြောသွားမှာဖြစ်ပါတယ်။”

“ကျနော်တို့အသံကို သူတို့နားမထောင်ချင်ရင်တော့ ပြောခိုင်းမယ့်လူတွေလည်း ရှိပါတယ်။ ပြောပေးနိုင်မယ့် လူလည်းအများကြီးရှိပါတယ်။ ဆိုတော့ သူတို့ဟာလည်း လွယ်လွယ်ကူကူနဲ့  မြန်မာနိုင်ငံပြည်သူလူထု ၅၄ သန်းကို မထီမဲ့မြင်ပြုပြီးတော့ ဒီမှာ အာဏာသိမ်း တရားမဝင် စစ်ကောင်စီ  ဆယ်ယောက်ကို ဦးစားပေးလို့မရတော့ဘူး။ အဲလို ဦးစားအပေးလည်း မခံတော့ပါဘူး။   ဆိုတော့ အခုက ကျနော်တို့ ပြောနေပါတယ်။ အာဆီယံက ဒီအာဏာသိမ်းတရားမဝင် စစ်ကောင်စီကိုသူတို့က အသိအမှတ်မပြုတဲ့အနေနဲ့ ခဏလေးဘေးဖယ်ထားပြီး တော့မှ မင်းတို့ကတော့ ကျနော်တို့စားပွဲပေါ်မှာ မလာနဲ့ဦး။ မင်းတို့အကြမ်းဖက်တာကို အရင်ဆုံး ရပ်တန့်ပြီး တော့လာပါ။ ဒါပြည်တွင်းရေးမဟုတ်တော့ဘူး ၊ အကြမ်းဖက်ရေးဖြစ်သွားပြီ။ စဉ်းစားကြည့်လေ ကျနော်တို့ကို ကာကွယ်မဲ့သူက ကျနော်တို့ကို သတ်နေတယ်ဆိုတာက တခြားနိုင်ငံမှာ မရှိဘူးလေ။ တပ်မတော်ဆိုတာက နိုင်ငံကို ကာကွယ်ရမယ်လေ။  ပြည်သူလူထုကို ကာကွယ်ရမယ်လေ။ အခုက သူတို့က အာဏာသိမ်းပြီးတော့မှ ပြည်သူလူလူထုကို လမ်းပေါ်မှာ မထွက်အောင် အခြေအနေကိုဖန်တီးပြီးတော့ လူထုထွက်လာတဲ့အခါမှာ သေနတ်နဲ့ပစ်မယ် ဆိုတာကတော့ နိုင်ငံတကာရာဇဝတ်မှုတရားရုံးမှာ သွားသင့်တဲ့အမှုဖြစ်သွားပြီ။ ဒါကြောင့် မို့လို့ ကျနော်တို့က အပြည်ပြည်ဆိုင်ရာ တရားဥပဒေကျွမ်းကျင်သူတွေနဲ့ ကျနော်တို့ ပူးပေါင်းပြီးလုပ်နေတာ။ အဲဒီအချိန်မှာ တခုပြောချင်တာကတော့ တကယ်လို့များ ကျနော်တို့က ဒီရာဇဝတ်မှုကို အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံးမှာ ကျနော်တို့ အောင်ပြီးဆိုရင် အာဆီယံက သိက္ခာကျမှာ။ သူတို့ သိက္ခာအကျခံနိုင်ရင် သူတို့ဆက်လက်လုပ်ပေါ့။   အဲဒီအချိန်မှာပဲ သူတို့နားလည်လာမယ်လေ။”

“အခုက ၂၁ ရာစု ၊ ကမ္ဘာက သေးသေးလေးဖြစ်နေတယ်။ ကမ္ဘာ့ရွာဖြစ်နေတယ်။ ဟိုတုန်းကလို အကြီးကြီးမဟုတ်တော့ဘူး။ ဒါကြောင့်မို့ ကျနော်တို့က ကမ္ဘာသူကမ္ဘာသားတွေဖြစ်နေလို့ ကျနော်က အကြိမ်ကြိမ်ပြောတယ်။ ဗမာပြည်သားတွေဖြစ်လို့ ကျနော်တို့က ပိုမနည်းဘူး။ သူတို့က အာဆီယံတခြားနိုင်ငံသားတွေဖြစ်လို့ ပိုမများပါဘူး။ ထိုနည်းတူပဲ တဘက်ကကြည့်မယ်ဆိုရင်တော့ အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲက မြန်မာနိုင်ငံမှာရွေးကောက်ပွဲထက် ပိုမနည်းပါဘူး။ ပိုလည်းမများပါဘူး။ သူတို့လည်း   ဒီမိုကရေစီစံချိန်စံနှုန်းနဲ့ ရွေးကောက်ပွဲကိုလုပ်တာပဲ။ ကျနော်တို့လည်း  ဒီမိုကရေစီစံချိန်စံနှုန်းနဲ့ ရွေးကောက်ပွဲကိုလုပ်တာပဲ၊ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ မြန်မာပြည်သူပြည်သားတွေအ အားလုံးဟာလည်း ကျနော်တို့သည်လည်း တခြားကမ္ဘာသူကမ္ဘာသားတွေနဲ့ ပိုမနည်းဘူးဆိုတာ အားလုံးလက်ခံသင့်တယ်”။

မေး။ အခု စစ်ကောင်စီကနေပြီးတော့ ရွေးကောက်ပွဲကော်မရှင်အသစ်ကိုဖွဲ့ပြီးတော့ ဟိုနေ့ကပဲ  ၂၀၂၀ ရွေးကောက်ပွဲဟာ တရားမဝင်ဘူးဆိုပြီးတော့ ပြောလိုက်တယ်။ အဲဒီအပေါ်မှာ ဘာတုံ့ပြန်ချင်သလဲ။

ဖြေ။ “သူတို့က မရှက်ဘူးလား။ ကျနော်က နားမလည်နိုင်ဘူးလေ။ အခုလို တရားမဝင်တဲ့ အာဏာကို သိမ်းတယ်။ တရားမဝင်အစိုးရ ဖြစ်တယ်။ ဆိုတော့ သူတို့ဖွဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်သည် တရားမဝင်သော ရွေးကောက်ပွဲကော်မရှင် ဖြစ်တယ်ဆိုတာကို ကမ္ဘာလည်း သိတယ်။ ပြည်သူလည်း သိတယ်။ လူတိုင်း သိတယ်။ ဆိုတော့ သူတို့က လူစိတ်မှ ရှိသလားလို့ ကျနော်တော့ ထင်တယ်။ အခု တခြားနိုင်ငံရေးသမားတွေ၊ ပါတီသေးသေးလေး တချို့တွေက အဲဒီလိုနဲ့ အခွင့်အရေးသမားတွေပေါ့။ သူတို့က သွားပြီးချဉ်းကပ်ပြီးတော့ အလုပ်ရသလို သူတို့က ယူဆတယ်။ မဟုတ်ဘူး။ ခင်ဗျားတို့ ရွေးကောက်ပွဲကော်မရှင်မှာ ဥက္ကဋ္ဌတွေ ဘာတွေလုပ်နေတာက အရှက်ကွဲစရာပဲ။ မြန်မာနိုင်ငံဟာ တနေ့ကျရင် ခင်ဗျားတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်၊ ဒီမိုကရေစီနိုင်ငံ ဖြစ်လာမယ်။ ကျနော်တို့ဟာ free နိုင်ငံ ဖြစ်လာမယ်။ အဲဒီအချိန်မှာ ခင်ဗျာတို့ ကလေးတွေ ဘယ်လိုမျက်နှာထားမလဲ။ ခင်ဗျားတို့ သားစဉ်မြေးဆက်တွေကျနော့်အဖေ၊ ကျနော့်အမေကတော့ အာဏာသိမ်း တရားမဝင်စစ်ကောင်စီရဲ့ ဝန်ကြီးဖြစ်တယ်ဆိုတာကို မင်း ဝါကြွားနိုင်မလား။ အဲဒါ ရှက်စရာကြီးလေ။ ဒါဆိုရင်တော့ ဒီကနေပြီးတော့မှ နှစ် ၁၀၀၊ ၂၀၀ အထိတောင်မှ ဒီနေ့ သူတို့လုပ်တဲ့ အလုပ်သည် သမိုင်းမှာ ရှိသွားတော့မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီကို အားပေးထောက်ခံပြီးတော့ လုပ်နေတဲ့သူတွေအားလုံးသည် မြန်မာနိုင်ငံသာမက၊ ကမ္ဘာ့အလယ်မှာ အရှက်ကွဲပါလိမ့်မယ်။ လုံးဝ မလုပ်နဲ့နော်။ ချက်ချင်းထွက်တာ ခင်ဗျားတို့အတွက် ပိုကောင်းတယ်။ ချက်ချင်းထွက်လိုက်ပါ။ အရပ်သားတွေ ဆိုရင်တော့။ ဆိုတော့ ရွေးကောက်ပွဲကော်မရှင်ဆိုတာ ရှိစရာမလိုဘူး။ ရွေးကောက်ပွဲလည်း မလိုဘူး။ ရွေးကောက်ပွဲလည်း သူတို့ခေါ်တယ်ဆိုရင်တော့ ဘယ်သူမှ သွားမှာမဟုတ်ပါဘူး။ သူတို့အပေါင်းပါ လက်တဆုပ်စာပဲ ရွေးကောက်ပွဲလုပ်မှာ ဖြစ်ပါတယ်။”

မေး။ နောက်တခုက CRPH နဲ့ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ CRPH က အစိုးရဖွဲ့နိုင်မယ့်အခြေအနေပေါ့၊ ဘယ်လိုမျိုး အခြေအနေရှိနေပြီလဲဆိုတာ ရှင်းပြပေးပါဦး။

ဖြေ။ “သူတို့ကတော့ ယာယီအစိုးရအဖွဲ့ကို မဖွဲ့လို့မဖြစ်တော့ဘူး။ ဖွဲ့ကို ဖွဲ့ရတော့မယ်။ ဘယ်လောက်ပဲ တရားမဝင်စစ်ကောင်စီက လုပ်နေပါစေ။ ကျနော်တို့ ဒါ ဂရုမစိုက်ပါဘူး။ ကျနော်တို့ ပြည်သူလူထုက ကျနော်တို့နဲ့အတူရှိတယ်။ အဓိကကတော့ ပြည်သူလူထုပါ။ ပြည်သူလူထုက ကျနော်တို့နဲ့အတူရှိရင် ပြီးသွားပါပြီနော်။ အဲဒီပြည်သူလူထုက ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့မှာ သူတို့ကို ကိုယ်စားပြုမယ့်ကိုယ်စားလှယ်တွေ ရွေးပြီ၊ သူတို့အတွက် စကားပြောမယ့် ကိုယ်စားလှယ်တွေ ရွေးပြီ၊ သူတို့ရွေးကောက်ခံလူတွေကပဲ ကျနော်တို့ရဲ့ Mandate ရှိပါတယ်။ ဒီအာဏာသိမ်းစစ်ကောင်စီမှာ ဘာ Legitimacy မှမရှိဘူး။  သူတို့မှာ ဘာတရားဝင်မှုမှ မရှိဘူး။ ဒါကြောင့် သူတို့အာဏာသိမ်းတာ ၂၈ ရက်ရှိပြီ။ ဒီ ၂၈ ရက်အတွင်း လုပ်သမျှအားလုံးသည် ဘာတခုမှ တရားဝင်သည်ဆိုတာ မရှိဘူးဆိုတာကို နားလည်ဖို့လိုတယ်။ ဒီ ၂၈ ရက်အတောအတွင်း လုပ်နေတဲ့ အလုပ်အားလုံးသည် တခုမှတရားမဝင်သလို အခုဆိုရင်တော့ တရားဝင်အစိုးရ ယာယီပေါ်လာဖို့အချိန်တန်ပြီလို့ ကျနော် ပြောချင်ပါတယ်။  ဒါအတွက်လည်း ကျနော်တို့ လှုပ်ရှားနေပါတယ်။”

မေး။ နောက် အခုန ဆရာ ပြောသွားတဲ့အထဲမှာလည်း ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အရေးပေါ့၊ ဆရာတို့ CRPH အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဘယ်လိုမျိုး ပူးပေါင်းထားတာတွေရှိလဲ၊ ချိတ်ဆက်ထားတာတွေရှိလဲ။ ဘာတွေ သွားပြီးတော့ ဆက်သွယ်ထားပြီးပြီလဲ။

ဖြေ။ “နံပါတ် ၁ ကျတော့ ဒီတိုင်းရင်းသားလက်နက်ကိုင်တွေမှာလည်း ကျနော်တို့ တရားဝင် စကားပြောလို့၊ ဆွေးနွေးလို့တော့ မဟုတ်ပေမယ့်လည်း ကျနော်တို့ဟာ စာမျက်နှာ တမျက်နှာ အတူရှိနေတယ်ဆိုတာကို ပြည်သူလူထုအားလုံး နားလည်ဖို့လိုတယ်။ တိုင်းရင်းသား လက်နက်ကိုင်အားလုံးဟာလည်း ပြည်သူလူထုဘက်မှာ ရပ်တည်တယ်။ ၁၀၀ မှာ ၁၀၀ ရပ်တည်တယ်။ သူတို့က ဘယ်သူမှ တရားမဝင်အာဏာသိမ်း တရားမဝင် စစ်ကောင်စီမှာ ပါတဲ့သူမရှိပါဘူး။ ဘယ်အဖွဲ့အစည်းမှလည်း မရှိပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ ပြည်သူလူထုမှာ ၁၀၀ မှာ ၁၀၀ ရပ်တည်တဲ့ အဖွဲ့အစည်း ဖြစ်သလို ကျနော်တို့ CRPH ဟာလည်း ပြည်သူလူထု ကိုယ်စားပြုတဲ့အဖွဲ့ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ဟာ အတူတူပါပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့ဟာ နိုင်ငံတကာရဲ့ထောက်ခံမှုကို ကျနော်တို့ အခုလုပ်နေတယ်လေ။  နိုင်ငံတကာက ထောက်ခံလာပြီ၊ နိုင်ငံတကာက အသိအမှတ်ပြုလာပြီဆိုလို့ရှိရင်တော့ အဲဒီနေ့မှာ ယာယီအစိုးရ မွေးလာမယ်။ အဲဒီယာယီအစိုးရ နာမည်နဲ့ ကျနော်တို့က ပြည်နယ်တပြည်နယ်ပြီး တပြည်နယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတခုပြီးတခုကို ဆွေးနွေးမယ်။ ဒါဆိုရင်တော့ ဒီလတ်တလော အခြေအနေမှာ ပြည်သူကို လက်ပိုက်ကြည့်လို့ မရတော့ဘူး။ လတ်တလောအခြေအနေမှာ ပြည်သူလူထုက ကျန်းမာရေး လိုအပ်နေတယ်။ ပညာရေး လိုအပ်နေတယ်။ စီးပွားရေး လိုအပ်နေတယ်။ ဒါပေမဲ့ ကျနော်တို့က ဒါဟာ ကိုယ်မလုပ်ချင်တာမဟုတ်ဘဲနဲ့ အဲဒါကို လက်တစ်ဆုပ်စာ အာဏာသိမ်းစစ်ကောင်စီလက်ထဲမှာ ဝင်ရောက်သွားမှာကို သူတို့လက်ထဲမှာ ပိုက်ဆံ ရောက်သွားရင် CDM မလုပ်တာ ပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသားအဖွဲ့အစည်းတွေအကုန်လုံး၊ နိုင်ငံရေးပါတီတွေကော အတူတကွ၊ ချင်းပြည်နယ်မှာ ဆိုရင်လည်း ကျနော်က ချင်းဖြစ်တယ်။ သူတို့အားလုံး နားလည်ပါတယ်။ ကျနော် မပြောခင်မှာတောင်မှ  အဲဒီလိုပေါ်လစီတွေကို သူတို့က အကောင်အထည်ဖော်မယ်။ အဲဒီမှာ ၂၀၀၈ ဖွဲ့စည်းပုံလည်း အဲဒီမှာ ပျက်သွားလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံဟာ ကျနော်တို့ ကချင်ပြည်နယ်မှာ မသုံးတော့ဘူး။ ချင်းပြည်နယ်မှာ မသုံးတော့ဘူး။ ရှမ်းပြည်နယ်မှာ မသုံးတော့ဘူး။ ကျနော်တို့မှာ ၂၀၀၈ ထက် အဆ ၁၀၀ ကောင်းတဲ့ ဖွဲ့စည်းပုံ ရေးပြီးသားရှိပါတယ်။ ဒါကို သုံးလိုက်မယ်။ ကိစ္စမရှိပါဘူး။ ယာယီလေ။ အဲလိုနဲ့ ကျနော်တို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံလည်း ပျက်သွားမယ်လို့ ထင်တယ်။ ”

မေး။ နောက်တခုက မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ စစ်အာဏာသိမ်းအုပ်စုအပေါ်ကို နိုင်ငံတကာက အရေးယူမယ့် အခြေအနေပေါ့၊ အဲဒီအခြေအနေက ဘယ်လောက်ထိ ရှိနိုင်လဲဆိုတာ နည်းနည်းပြောပြပါဦး။

‌ဖြေ။ “ကျနော်တို့က ယာယီအစိုးရဖွဲ့နိုင်အပြီးမှာ ယာယီအစိုးရကနေပြီးမှ ကမ္ဘာလုံခြုံရေးကောင်စီကို သွားတက်ရမယ်။ ကမ္ဘာ့လုံခြုံရေးကောင်စီက သူက Resolutionကို မထုတ်ချင်ဘူးဆိုရင်လည်း ကမ္ဘာ့လုံခြုံရေးကောင်စီကို ခဏဘေးဖယ်မယ်လေ။ အခု အာဏာရှင်နိုင်ငံတွေကို လုပ်တယ်ဆိုတာ၊ ဥပမာ ဆဒန်ဟူစိန်ကို ထုတ်တယ်ဆိုတာ လုံခြုံရေးကောင်စီနဲ့ ဘာမှမဆိုင်ဘူးလေ။ သူတို့ရဲ့ Resolution မပါဘူးလေ။ အိုစမာဘင်လာဒင်ကို ထုတ်တဲ့အချိန်မှာ လုံခြုံရေးကောင်စီက ဘာလုပ်လဲ၊ ဘာမှ မလုပ်ဘူးလေ။ နေတိုးနဲ့ အမေရိကန်ပဲ သူတို့က မဟာမိတ်နဲ့ ချတယ်လေ။ အခု ဆီးရီးယားကိုကြည့်ပါ၊ လစ်ဗျားကို ကြည့်ပါ။ နိုင်ငံအားလုံးပဲ အကုန်လုံးဖြစ်နေပြီ။  ဒါပေမဲ့ ကျနော်တို့ကကျတော့ စစ်ရေးက အရုပ် အဆိုးဆုံးပဲ။ ကျနော်တို့က စစ်တိုက်တာကို လုံးဝမုန်းတီးတယ်။ ဒါပေမဲ့ လိုအပ်လာတဲ့ တနေ့ကျရင် ကျနော်တို့က ယာယီအစိုးရအနေနဲ့လည်းကောင်း  အခုနက တခြားနိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင် နိုင်ငံတကာတွေက သူတို့ကိုယ်တိုင် မသွားဘဲနဲ့ နိုင်ငံတကာကနေ ထောက်ပံ့နေတာရှိတယ်။ ကေအန်ယူတို့၊ အေအေတို့ စီအန်အက်ဖ်တို့ကို နိုင်ငံတကာက ထောက်ပံ့နိုင်တဲ့နည်းလမ်းတွေလည်း သူတို့စစ်အာဏာသိမ်းတွေက သိပြီးသား ဖြစ်ပါတယ်။ သို့သော်လည်း တရုတ်ကို အရမ်းကြီးအားကိုးမနေနဲ့၊ စစ်အာဏာသိမ်းတွေ နားလည်ဖို့က ထိုင်ဝမ်အရေးကို ကြည့်မယ်ဆိုရင် ထိုင်ဝမ်ကလည်း တရုတ်နိုင်ငံကပဲ ဖြစ်တယ်။ ဒါပေမဲ့လည်း တခြားနိုင်ငံက ဝင်ရောက်စွက်ဖက်တာ ဘယ်လောက်ထိလဲ သူတို့ နားလည်ပြီးသားဖြစ်မယ်။ သို့သော် တရုတ်နိုင်ငံရဲ့ ကျွန်းတကျွန်းဖြစ်တဲ့ ထိုင်ဝမ်ကို လက်နက်အကုန်လုံးပေးနေတာ အမေရိကန်ပဲလေ။ ဆိုတော့ မြန်မာနိုင်ငံက စစ်အရေးအရ အရေးယူလာမယ်ဆိုရင် တရုတ်က လာကူညီမယ်ဆိုတဲ့ မျှော်လင့်ချက်ကတော့ ထိုင်ဝမ်ကိုပဲ ကြည့်လိုက်ပါလို့နော်။ အခု ထိုင်ဝမ်ကဆိုရင် လွတ်လပ်သောနိုင်ငံတခုအဖြစ် ရပ်တည်နေတယ်လေ။  တရုတ်က ခွင့်မပြုဘူး။ ဒါပေမဲ့ ထိုင်ဝမ်မှာရှိတဲ့ စစ်အင်အားတွေ အားလုံးက အမေရိကန်က လာတယ်ဆိုတာကို ဒီအာဏာသိမ်းကောင်စီတွေကလည်း နားလည်ဖို့ လိုပါတယ်။ ဒါကြောင့်မို့ တရုတ်ကို အဲလောက်ထိ အားကိုးရင်လည်း အမေရိကန်နဲ့ နေတိုးနဲ့ လာပါတဲ့အခါမှာ တရုတ်က လာကူညီပါလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကိုတော့ မထားစေချင်ပါဘူး။ ဒါအမှားဖြစ်တယ်။ ထိုင်ဝမ်တောင် သူတို့မလုပ်နိုင်တာကိုး။” 

မေး။ နောက်ထပ်တခုအနေနဲ့ အခု အကြမ်းဖက်မှုဖြိုခွင်းမှုတွေ ရှိတဲ့အထဲကကိုမှ GZ တွေ၊ ပြည်သူလူထုတွေ ဆန္ဒပြတဲ့နေရာမှာ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့နေရာမှာ ပါဝင်တဲ့လူတွေကို အားပေးစကား တခုခုလောက် ပြောသွားပါဦး။

ဖြေ။ “ကျနော်တို့အားလုံးက Generation z တွေပါပဲ။ ကျနော်တို့အားလုံးက CDM လှုပ်ရှားသူတွေ ဖြစ်ပါတယ်။ ကျနော်တို့အားလုံးဟာ ပြည်သူလူထုနဲ့အတူ ရပ်တည်တဲ့လူတွေ ဖြစ်တယ်။ ကျနော်တို့အားလုံး လိုလားတောင့်တနေတာသည် စစ်အာဏာရှင်တွေက ကျနော်တို့ကို ပိုက်ဆံလာပေးဖို့ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရနိုင်ဖို့ပဲဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တိုက်ပွဲသည် ဒီတခါပဲ တခါဝင်ပြီးတော့ နောက်ထပ်ဝင်ဖို့မလိုတော့တဲ့ တိုက်ပွဲဖြစ်ဖို့ လိုပါတယ်။  အခုကတော့ အကြမ်းမဖက်သောနည်းနဲ့ ကျနော်တို့ ခေတ်သစ်လူငယ်တွေဟာလည်း ရဲသားတွေ၊ စစ်သားတွေထက် သဘောထားတွေ ကြီးပြီးတော့ ခင်ဗျားတို့ လမ်းပေါ်မှာ ဆန္ဒပြတာကိုမြင်ရတာကို ဂုဏ်ယူပါတယ်။ ဒီလောက်သည်းခံနိုင်တဲ့ စိတ်ဓာတ်တွေကို လေးစားပါတယ်။ ဒီလောက်အထိ သဘောထားကြီးတာကို လေးစားပါတယ်။ အလေးပြုပါတယ်။ သို့သော် ဒီနေ့ ထိခိုက်မှုတွေရှိပြီးတော့ အသက်ဆုံရှုံးသွားတဲ့ ညီအစ်ကိုမောင်နှမတွေကိုလည်း တနေ့ကျရင် ခင်ဗျားတို့ဟာ သူရဲကောင်းအဖြစ်နဲ့ ကျန်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီတော်လှန်ရေး ဒီအရေးတော်ပုံ မအောင်လို့ မဖြစ်ဘူး။ ဒီအရေးတော်ပုံသည် ကျနော်တို့ ခေတ်သစ်လူငယ်အရေးတော်ပုံ ဖြစ်ပေမယ့်လည်း ဒီအရေးတော်ပုံသည် သားစဉ်မြေးဆက် အားလုံးအတွက် အရေးတော်ပုံဖြစ်တယ်ဆိုတာကို အရေးပါတဲ့အကြောင်းကို ပြည်သူလူထုတွေအနေနဲ့ နားလည်ဖို့လိုတယ်။ ကျနော်တို့အနေနဲ့ ပြည်သူလူထုရဲ့ ကိုယ်စားလှယ်ဖြစ်သလို ကုလသမဂ္ဂမှတဆင့်၊ ဥပမာပေါ့ နောက်ဆုံးကျရင်တော့ စစ်သားတွေထဲကလည်း လူကောင်းတွေ အများကြီးရှိပါတယ်။ ရဲသားတွေ၊ စစ်သားတွေကို သူတို့ မလုပ်ဆောင်ချင်တော့ဘဲနဲ့ သူတို့ထွက်ပြေးချင်တဲ့လူတွေ အများကြီးရှိတယ်။ ကျနော်သိတယ်။ ထွက်နိုင်တဲ့နည်းလမ်းတွေကိုလည်း ကျနော်တို့ ရှာပေးမှာဖြစ်ပါတယ်။ သူတို့ထွက်တဲ့အခါမှာ ရန်ကုန်တို့၊ မန္တလေးတို့မှာ အဲလိုတွေ မနေတော့ဘဲနဲ့ ကုလသမဂ္ဂရဲ့ လုံခြုံရေးအောက် နေနိုင်ဖို့အတွက်ပေါ့နော်။ ဒါကြောင့်မို့လို့ စစ်သားတွေ၊ ရဲသားတွေလည်း CDM လာခဲ့ပါ။ ကျနော်တို့ မကြာခင်မှာ အဲလိုအခြေအနေတခုကို ဖန်တီးပြီးတော့ အဲဒီနေရာမှာ ကြိုက်တဲ့စစ်သားလာခဲ့၊ ကြိုက်တဲ့ရဲသား လာခဲ့နိုင်အောင်ပေါ့နော်။ တခု CDM လှုပ်ရှားသူအနေနဲ့ သော်လည်းကောင်း၊ အခုန ကျနော်ပြောသလိုပေါ့ အာဏာသိမ်းစစ်ကောင်စီက ပေးတဲ့လစာကို မစားရင်လည်း ရပါတယ်။ ကျနော်တို့ ဘယ်သူမှ သေမှာမဟုတ်ပါဘူး။ ထမင်းငတ်ပြီးမှ သေမှာမဟုတ်ပါဘူး။ ဒါကို ၁၀၀ ဆိုရင် ၁၀၀ ကျနော်တို့ ပြောရဲတယ်။ ဒါပေမဲ့ ဒီမိုကရေစီမရလို့ လူအများကြီးသေနိုင်တယ်။ လွတ်လပ်ရေးမရလို့ ကျနော်တို့ သာစဉ်မြေးဆက်တွေ အများကြီးသေနိုင်တဲ့အတွက်ကြောင့် ဒီတိုက်ပွဲဟာ လုံးဝ နောက်ဆုတ်လို့မရတဲ့တိုက်ပွဲဖြစ်သလို လုံးဝအားလျော့လို့မရတဲ့တိုက်ပွဲ ဖြစ်တယ်။ အောင်မြင်တဲ့အထိ အရေးတော်ပုံအောင်ရမှာ ဖြစ်တယ်။ အောင်တဲ့အထိ တိုက်မှာဖြစ်ပါတယ်။ အောင်မြင်တဲ့အထိ ကျနော်တို့ အတူတကွ ရပ်တည်မှာဖြစ်ပါတယ်။ ကျနော်တို့ ဦးကျော်မိုးထွန်းနဲ့ ဆက်သွယ်နေပါတယ်။ တတ်နိုင်သလောက်ပေါ့နော် အတူတကွ သူတို့နဲ့ ပူးပေါင်းနိုင်အောင်ပေါ့နော်။ သူ့ဆီမှာလည်း လူအသိတွေ ရှိပြီးသားဖြစ်ပါတယ်။ သူ့ရဲ့ကောင်စီအတွင်းမှာပေါ့နော်။ အဲမှာ တရုတ်ကို ဆွေးနွေးပါမယ်။ ရုရှားနဲ့တွေ့ပါမယ်။ ကျနော်တို့ကိုယ်တိုင် တရုတ်ကိုယ်စားလှယ်ကို လူသတ်မှုဖြစ်တဲ့ အဖြစ်အပျက် ဓာတ်ပုံတွေကို ကျနော်တို့ ပြပေးပါ့မယ်။ ရုရှားသံအမတ်ကို ပြပေးပါမယ်။ အပြည်ပြည်ဆိုင်ရာမှာရှိတဲ့လူတွေကို ဒီလိုဖြစ်နေပါတယ် ဆိုတာကို အဖြစ်ကို အဖြစ်အတိုင်း အဟုတ်ကိုအဟုတ်အတိုင်း နားလည်အောင် ပါးစပ်ကနေမဟုတ်ဘဲ သက်သေနဲ့ပြနိုင်အောင် ကျနော်ကိုယ်တိုင် အစွမ်းကုန်ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် လုံးဝအားမလျော့ဘဲနဲ့ အရေးတော်ပုံအောင်တဲ့အထိ ဆက်လက်ချီတက်ကြဖို့ ကျနော် ပြောလိုပါတယ်။

မေး ။ ကျနော်မေးတဲ့ဟာမပါဘဲနဲ့ ဆရာထပ်ဖြည့်ပြောလိုတာရှိလား။

ဖြေ။ “အဓိကကတော့ ကျနော်တို့ ယာယီအစိုးရဖွဲ့မယ့်ဥစ္စာလည်း ပြည်သူလူထုက  ကျနော်တို့ နောက်ကွယ်မှာ ၁၀၀ မှာ ၁၀၀ ရပ်တည်ပေးဖို့နဲ့ နိုင်ငံတကာမှာရှိတဲ့ သံရုံးတွေအားလုံးကလည်း သပိတ်မှောက်ဖို့ရာအတွက် ကျနော်တို့ တိုက်တွန်းနေပါတယ်။ ဒါဟာလည်း အောင်မြင်လာပါလိမ့်မယ်။ ထိုနည်းတူပဲ ကျနော်တို့ဟာ မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားတဲ့ နည်းလမ်းကိုလည်း ကျနော်တို့ အများကြီး ဆွေးနွေးတယ်။  ဒါဟာလည်း အများကြီးဖြစ်လာဖို့ ရှိပါတယ်။ နောက်ဆုံး ကျနော် ပြောလိုတာက ဒီရန်ကုန်တို့၊ မန္တလေးတို့ မြို့ကြီးတွေမှာ သပိတ်မှောက်ခြင်းတွေ ဖြစ်နေသလို  တိုင်းရင်းသားတွေမှာလည်း ပြင်းပြင်းထန်ထန် ဖြစ်နေတယ်ဆိုတာကို၊ အခုကစစ်ကောင်စီက အာဏာသိမ်းတယ်၊ သူတို့ နောင်တရလာပြီလို့ ထင်တယ်။ သူတို့မှာ ဘာမှမရှိတော့ဘူး။ သူတို့မှာရှိတာက နေပြည်တော်မှာ  စစ်ကောင်စီပဲ ရှိတယ်။ ကျန်တာမရှိတော့ဘူး။  သူတို့မှာလက်နက်တွေ ကျည်ဆန်တွေ ရှိနေသေးတယ်။ ကျန်တာ ဘာမှမရှိတော့ဘူး။  ချင်းပြည်နယ်တို့၊ ကချင်ပြည်နယ်တို့မှာ သူတို့က ဘာအစိုးရမှ မဖွဲ့နိုင်တော့ဘူး။ သူတို့ ရန်ကုန်မှာလည်း မဖွဲ့နိုင်ဘူး။ မန္တလေးနဲ့ မဖွဲ့နိုင်တော့ဘူး။ ဒီလိုနဲ့ နေပြည်တော်မှာပဲ နေတယ်ဆိုတော့ သူတို့ဟာလည်း မကြာခင်ပြီးသွားပါလိမ့်မယ်။ ဒီတခါ ကျနော်တိုာ့ စစ်အာဏာရှင်ကို အပြတ်အသား တော်လှန်နိုင်ရင် အခုနလိုပေါ့နော်။ အကြမ်းမဖက်တဲ့နည်းနဲ့၊ နောက်ဆုံးကျတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဒီအခွင့်အရေးသည် စစ်သားတွေကို အကာအကွယ်ပေးထားတဲ့ တပ်မတော်ကို အာဏာပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးကို ဖျက်ဆီးဖို့ရာအတွက် အခွင့်အရေးကောင်းဆုံး ဖြစ်တယ်ဆိုတာကို ပြည်သူလူထုတွေကလည်း နားလည်ပြီးတော့  ဒီအချိန်သည် ဖွဲ့စည်းပုံအသစ် မွေးဖွားလာမယ့် အချိန် ဖြစ်သလို၊ ဒီအချိန်သည် ဒီမိုကရေစီစစ်စစ်ရနိုင်မယ့်အချိန် ဖြစ်သလို ဒီအချိန်သည် လွတ်လပ်ရေးစစ်စစ်ရနိုင်မယ့်အချိန် ဖြစ်တယ်ဆိုတာကို ပြည်သူလူထုအားလုံးလည်း နားလည်ပေးပြီးတော့ လုံးဝ အားမလျော့ဘဲနဲ့ ဆက်ပြီးတော့ အရေးတော်ပုံအောင်တဲ့အထိ သွားကြရအောင်ဆိုတာ ပြောလိုပါတယ်။”

ကျေးဇူးတင်ပါတယ်။

Photo Credit- Dr SaSa

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024