ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH) က ဒီကနေ့ မတ်လ ၁ ရက်နေ့စွဲနဲ့ ကြေညာပါတယ်။
စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေ၊ အာဏာဖီဆန် CDM လုပ်နေတဲ့ နိုင်ငံဝန်ထမ်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ရဟန်းရှင်လူ မိဘပြည်သူတွေကို နိုင်ငံတဝန်းရှိ လမ်းတွေပေါ်မှာ ပစ်ခတ်သတ်ဖြတ်၊ ရိုက်နှက်၊ ဥပဒေမဲ့ဖမ်းဆီးပြုလုပ်နေတာတွေဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို စစ်ကြေညာတာဖြစ်တယ်လို့ CRPH ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် နိုင်ငံတဝန်း လမ်းတွေနဲ့ ရပ်ရွာလူမှုအသိုက်အဝန်းတွေဟာ စစ်မြေပြင် အဖြစ်ရောက်ရှိခဲ့ပြီး စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် လက်နက်မဲ့ ပြည်သူတွေ အများအပြား အသက်ဆုံးရှုံးရပြီး ဖြစ်သကဲ့သို့ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်များလည်း နေ့စဉ်နဲ့အမျှ အကြမ်းဖက်မှု အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့ နေရပြီ ဖြစ်တယ်လို့ဆိုပါတယ်။
CRPH အနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို အပြင်းအထန်ဆုံး ရှုတ်ချ လိုက်ပြီး မြန်မာနိုင်ငံသူ နိုင်ငံသားတွေအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပါ အကြမ်းဖက်မှုတွေကို ကျူးလွန်းနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အကြမ်းဖက်အုပ်စု အဖြစ် ကြေညာကြောင်း CRPH ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
CRPH အဖွဲ့ကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ပြည်သူလူထုရဲ့ လုပ်ပိုင်ခွင့်အာဏာအပြည့်အဝအပ်နှင်းခံထားရတဲ့ အဖွဲ့ဖြစ်သလို နိုင်ငံတကာကလည်း တရားဝင် အသိအမှတ်ပြုထားတဲ့အဖွဲ့ ဖြစ်ပါတယ်။