
ဧရာဝတီတိုင်းအတွင်းက ကျေးလက်ဦးစီးဌာနဝန်ထမ်းတွေကို ဌာနပိုင်ပစ္စည်းတွေ ပြန်အပ်ဖို့ စာထုတ်ပြီး ဖိအားပေးနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ကမ္ဘာဘဏ်နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဒေးဒရဲ၊ ဓနုဖြူ၊ အင်္ဂပူမြို့နယ်တွေမှာ လူထုဗဟိုပြုလုပ်ငန်းအနေနဲ့ ကျေးလက်ဒေသရှိ ဖွံ့ဖြိုးလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်နေကြတာပါ။
လူထုဗဟိုပြုဝန်ထမ်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၉ ရက်နေကစပြီး CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ကြတာပါ။
အင်္ဂပူမြို့နယ်မှာတော့ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းပေါင်း ၁၃၀ ကျော်ရှိပြီး ၉၀ ကျော်က CDM လှုပ်ရှားမူတွေကို အဆက်မပြတ်ပါဝင်နေကြတာပါ။
CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့သူတစ်ဦးကတော့ "တစ်ပတ်အတွင်းမှာ ကျမတို့တွေကို ပေးထားတဲ့ ဆိုင်ကယ်၊ လက်တော့၊ တက်ဘလက်တွေကို ပြန်ပေးရမယ်ဆိုပြီး ဖေဖော်ဝါရီ ၁၆ ရက်စွဲနဲ့ စာထွက်လာပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ လူထုဗဟိုပြုလုပ်ငန်းက ဝန်ထမ်းတွေကို ရည်ညွှန်းတဲ့လို ပါပေမဲ့ ကျမတို့က CDM လှုပ်ရှားမှုတွေကို ပါဝင်လို့ ဒါဖိအားပေးတယ်လို ခံစားရတယ်။ ကျမတို့အနေနဲ့မတရားဘူးထင်တဲ့ စနစ်ကို ကိုယ်ယုံကြည်မှုနဲ့ တတ်အားတဲ့ဘက်က တွန်းလှန်နေတာပါ။ ခုလိုအကြပ်ကိုင်တဲ့ပုံစံမျိုး မလုပ်သင့်ဘူး” လို့ ပြောပါတယ်။
လူထုဗဟိုပြုလုပ်ငန်းတွေကတော့ ကျေးလက်ဒေသရှိ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ သောက်သုံးရေရရှိရေးစတဲ့ ပြည်သူ့လူထုရဲ့လိုအပ်ချက်ကို အခြေခံပြီ လေးနှစ်စီမံကိန်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေကြတာပါ။
အင်္ဂပူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဇော်စိုးကတော့ "ဖိအား ပေးတာတော့ မဟုတ်ပါဘူး။ ခုဟာက ဌာနပိုင်းလို သတ်မှတ်တာကြောင့် ဌာနက ခုကာလ ခဏထိန်းသိမ်းတဲ့ သဘောပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အင်္ဂပူမြို့နယ်တွေထဲက ကျေးရွာပေါင်း ၁၀၀ ကျော်ကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ သုံးနှစ်ကာလအတွင်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။