Home
မြန်မာသတင်း
မြန်မာနိုင်ငံတဝန်းရှိ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများကို စစ်အစိုးရဖမ်းဆီး
DVB
·
February 11, 2021

မြန်မာနိုင်ငံတဝန်း ပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ တိုင်းနဲ့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတွေ၊အတွင်းရေးမှူးတွေနဲ့  ဦးစီးမှူးတွေကို အာဏာသိမ်းစစ်အစိုးရက  ဖေဖော်ဝါရီ ၁၀ ရက်ညက လိုက်လံဖမ်းဆီးလိုက်ပါတယ်။

မကွေးတိုင်းရှိ  ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတွေနဲ့ ဦးစီးမှူးတွေတို့ ခေါ်ယူ ထိန်းသိမ်းထားတယ်လို့ ချောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။ မကွေးတိုင်း၊ ခရိုင်မြို့နယ် ၂၆ မြို့နယ်လုံးက ‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လူကြီးတွေအားလုံးကိုလည်း သက်ဆိုင်ရာ မြို့နယ်အလိုက် တပ်တွေမှာ ခေါ်ထားတာသိရတယ်လို့ ပြောပါတယ်။

ပဲခူးတိုင်းအတွင်းမှာလည်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ ဦးစီးမှူတွေကို စစ်တပ်က ညသန်းခေါင်ကျော်မှာ လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၄ ရက်ကတည်းက မြို့နယ်ကော်မရှင်ရုံးတွေမှာ စာရွက်စာတမ်းတွေကို တပ်က လာရောက်သိမ်းဆည်းစစ်ဆေးနေတာတွေ ရှိနေပါတယ်။

ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ ခရိုင်လေးခုက ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတွေကိုလည်း ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဆွေးနွေးစရာရှိတယ်ဆိုပြီး ဖေဖော်ဝါရီ ၁၁ရက် မနက်  ၁၁ နာရီက ဆင့်ခေါ်တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်အခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်မောင်အေး ထိန်းသိမ်းခံထားရတယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က အတည်ပြုပြောပါတယ်။ 

မရမ်းကုန်းမှာရှိတဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားရတာလို့ ရန်ကုန် အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောပါတယ်။

တိုင်းအဆင့်နဲ့ ခရိုင်အဆင့် ဥက္ကဋ္ဌတွေကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဆင့်ခေါ်တာနဲ့ပတ်သက်ပြီး မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။ အလားတူ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်မှာလည်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးကို မနေ့ညက နေအိမ်မှာ တံခါးတွေရိုက်ချိုးပြီး ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်နဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်သင်တို့ နှစ်ဦးကို မနေ့ည သန်းခေါင်လောက်မှာ ရဲနဲ့စစ်သားတွေ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

သာယာဝတီမြို့နယ်မှာ စစ်အာရှင်စနစ်အားဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့က စတင်ပြီး ပြည်သူတွေ လုပ်ဆောင်ခဲ့ရာမှာ ပါဝင်တဲ့ လူငယ် ၃ ဦးရဲ့နေအိမ်တွေကိုလည်း ဒီနေ့မနက် ၃ နာရီလောက် ရဲနဲ့စစ်သားတွေ ဝင်ရောက်ရှာဖွေခဲ့တယ်လို့လည်း သိရပါတယ်။

သာယာဝတီမြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ ကိုဂျာလေးက "ဒီနေ့မနက် ၃ နာရီ အချိန်က ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဦးအောင်မြင့် နေအိမ်နဲ့ ကျနော်တို့ အိမ်တွေကို ရဲတပ်ဖွဲ့နဲ့ စစ်သားတွေရောက်လာပြီး ဆွေးနွေးစရာရှိလို့ ခဏလိုက်ခဲ့ပေးပါ။ ဆွေးနွေးပြီးလို့ မနက်ကို ပြန်ပို့ပေးပါမယ်ဆိုပြီး ဝင်ခေါ်တယ်လို့သိရတယ်။ ကျနော်တို့က အဲလိုသတင်းတွေကြားလို့ ကြိုရှောင်နေတော့ မတွေ့ခဲ့ရဘူး။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ကိုတော့ ည ၁၂ နာရီလောက်က ခေါ်သွားတာ အဖွဲ့ဝင်တစ်ဦးလည်းပါတယ်လို့ သိရတယ်။ မနက်ဖြန်ကိုတော့ ကျနော်တို့ ကိုယ်တိုင်ဦးဆောင်ပြီး ပြည်ထောင်စု သပိတ်ဆင်နွဲသွားမယ်။ ကျနော်တို့ကိုအဖမ်းခံရရင်လည်း နောက်လူတွေက ဆက်ပြီးလုပ်ဆောင်သွားမှာပါ" လို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့က မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ  ဦးကျော်သာနဲ့ အတွင်းရေးမှူး ဒေါ်တင်ဇာအောင် တို့ကို ဖေဖော်ဝါရီလ ၁၀ ရက် ၁၂ နာရီလောက်မှာ  စ.ခ.တ (၇) တပ်က စစ်သားတွေက လာရောက်ခေါ်ဆောင်သွားပြီး စ.ခ.တ (၇) တပ်ထဲမှာ ထိန်းသိမ်း ထားတယ်လို့ ရွေးကော်အဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောပါတယ်။

အလားတူ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေကို စစ်တပ်က ဖေဖော်ဝါရီ ၁၀ ရက်နေ့ညမှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွန်းနေအိမ်ကို မနေ့ည ၁၁ နာရီခွဲအချိန်က တပ်မတော်သား ၃၀ ဝန်းကျင်လောက် လာဝိုင်းပြီး စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုကာ ခေါ်ယူသွားတာလို့ တူမဖြစ်သူ မအေးနိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ည ၁၁ နာရီခွဲအချိန်လောက် ကျမတို့နေအိမ်ခြံထဲကို စစ်သားအများကြီးလာတယ်၊ ကျမတို့က တံခါးဖွင့်လိုက်တဲ့အချိန်မှာ ဦးတင်ထွန်းရှိလားဆိုပြီး မေးတဲ့အချိန်မှာ ကျမတို့ကရှိပါတယ်၊ ဘာကိစ္စကြောင့်လည်းမေးတော့ သူတို့ကမေးမြန်းစရာတွေရှိလို့ပါ၊ ခဏခေါ်သွားမလို့ အဲဒီလိုပြောပါတယ်။ ခေါ်တဲ့အချိန်မှာတော့ ရဲတပ်ဖွဲ့ဝင်တော့ မတွေ့ရဘူး။ ကျွန်မအထင်တော့ စစ်သားတွေချည်းပဲ အယောက် ၂၀၊ ၃၀ လောက်တော့ရှိမယ်။ နေအိမ်ခြံဝင်းထဲရဲ့ တစ်ဖက်တစ်ချက်မှာလည်း အကုန်ဝိုင်းထားကြတယ်။” 

အခုလို ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတွေနဲ့ အတွင်းရေးမှူးတွေကို တပ်ကခေါ်ယူသွားတာနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးက တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပင်မဲ့လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

ရှမ်းပြည်နယ်  တာချီလိတ်မြို့မှာလည်း ရွေးကောက်ပွဲ  အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နဲ့  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၄ ဦးကို စစ်တပ်က  မနေ့ညက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

တာချီလိတ်မဲဆန္ဒနယ်အမှတ်(၂)က အန်အယ်လ်ဒီပါတီဝင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်အပါအဝင်၊ ရွေးကောက်ပွဲကော်မရှင် ခရိုင်/မြို့နယ် ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ကို  မေးမြန်းစရာရှိတယ်ဆိုပြီး တာချီလိတ် တပ်နယ်ထဲခေါ်ဆောင်သွားတာပါ။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်ကို ဘယ်မှာထိမ်းသိမ်းထားတယ်ဆိုတာ မသိရပေမယ့် ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေကိုတော့ ခမရ(၅၂၆)တပ်ရင်းမှာ ထိမ်းသိမ်းထားပြီး မြို့နယ်  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေကိုတော့ ခမရ(၃၃၁)တပ်ရင်းမှာ ထိမ်းသိမ်းထားတယ်လို့ သိရပါတယ်။

လက်ရှိ တာချီလိတ်မှာ တပ်မတော်က  ဖမ်းဆီးထိမ်းသိမ်းထားသူ ၇ ဦးရှိပြီး  အန်အယ်လ်ဒီ ပါတီဝင်တစ်ဦးနဲ့ မဇ္ဇျိမလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင့်ဆွေတို့ကို သဘာဝဘေးအက်ဥပဒေနဲ့ တရားစွဲဆိုထားကာ ကျိုင်းတုံအကျဉ်းထောင်ကို ပို့ဆောင်ထားပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ တပ်မတော်က အာဏာသိမ်းပြီး ၁၁ ရက်အတွင်း ကျိုင်းတုံမြို့က ၅ ဦးနဲ့ တာချီလိတ်မြို့က ၇ ဦး  စုစုပေါင်း ၁၂ ဦးအထိဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ ဒီဗွီဘီရဲ့ စုံစမ်းချက်အရ သိရပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူတာဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲဆန္ဒရှင်စာရင်းမှားယွင်းတာတွေကြောင့်လို့ အကြောင်းပြထားပါတယ်။ အာဏာသိမ်းပြီး နောက်မှာ ရွေးကောက်ပွဲကော်မရှင်အသစ်ကိုလည်း စစ်အစိုးရက  ပြန်လည်ဖွဲ့စည်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024