Home
ဆောင်းပါး
ရိုစာပတ် (သို့မဟုတ်) မတရားမှုကို တစ်ကိုယ်တော်အာခံတဲ့ အမျိုးသမီး
DVB
·
February 5, 2021

၁၉၅၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်၊ ညနေ ၆ နာရီ။

အမေရိကန်ပြည်ထောင်စုတောင်ပိုင်းဒေသမှာ ရှိတဲ့ မောင်ဂိုမာရီမြို့က စတိုးဆိုင်ကြီးတစ်ခုမှာ အလုပ်လုပ်တဲ့ စက်ချုပ်သမတဦးဟာ အလုပ်ပြီးတဲ့အချိန် အိမ်ကို ပြန်ဖို့ ဘတ်စ်ကားပေါ် တက်လာခဲ့ပါတယ်။ သူဟာ လူမည်းတွေအတွက် သတ်မှတ်ထားတဲ့ ထိုင်ခုံတစ်ခုံပေါ် ထိုင်ပြီး စီးလာခဲ့ပါတယ်။

အဲဒီအချိန်တုန်းက မောင်ဂိုမာရီမြို့မှာ လူမည်းတွေအနေနဲ့ ဘတ်စ်ကားစီးမယ်ဆိုရင် လိုက်နာရမယ့် စည်းကမ်းတွေ ရှိပါတယ်။ လူဖြူတွေအတွက် သီးခြားသတ်မှတ်ထားတဲ့ ရှေ့ဆုံးတန်း ထိုင်ခုံတွေမှာ လူမည်းတွေ ထိုင်ခွင့် မရှိပါဘူး။ လူမည်းတွေအနေနဲ့ ဘတ်စ်ကားရဲ့ နောက်ဆုံးတန်း ထိုင်ခုံတွေမှာပဲ ထိုင်ခွင့်ရှိပါတယ်။ တကယ်လို့ လူဖြူတွေအတွက် ထိုင်ခုံတွေ နေရာပြည့်သွားချိန်မှာ လူဖြူတစ်ယောက် ကားပေါ်တက်လာခဲ့ရင် ထိုင်ခုံမှာ ထိုင်နေတဲ့ လူမည်းတွေက နေရာဖယ်ပေးရပါတယ်။ လူမည်းတွေဟာ ဘတ်စ်ကားစီးတဲ့အခါ ဒီစည်းကမ်းတွေကို လိုက်နာရပါတယ်။

စက်ချုပ်သမဟာ အဲဒီနေ့က ဘတ်စ်ကားစီးပြီး အိမ်ပြန်လာတဲ့အခါ လူဖြူတွေအတွက် နေရာဖယ်ပေးဖို့ အကြောင်းဖန်လာပါတယ်။ သူ့ဘေးမှာ ထိုင်လိုက်လာတဲ့ တခြားလူမည်း သုံးယောက်က နေရာဖယ်ပေးလိုက်ပေမဲ့ သူကတော့ နေရာမဖယ်ပေးဘဲ ဆက်ထိုင်နေပါတယ်။ ထိုင်ခုံနေရာ မဖယ်ပေးရင် ရဲခေါ်ပြီးဖမ်းခိုင်းမယ်လို့ ကားမောင်းသူက ခြိမ်းခြောက်တယ်။ ဒါပေမဲ့ စက်ချုပ်သမကတော့ ဖမ်းချင်ဖမ်းဆိုပြီး ထိုင်ရာက မထခဲ့ပါဘူး။ နောက်ဆုံးတော့ ကားမောင်းသူက စက်ချုပ်သမကို ရဲလက်ထဲ အပ်လိုက်ပါတယ်။

ဒီဖြစ်ရပ်ကြောင့် အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အကြီးကျယ်ဆုံး ဘတ်စ်ကား သပိတ်မှောက်ပွဲကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီသပိတ်မှောက်ပွဲကြီးကနေ ရလဒ်အဖြေတစ်ခု ထွက်ပေါ်လာခဲ့တယ်။ လူမည်းတွေလည်း လူဖြူများနဲ့ တန်းတူအခွင့်အရေး ရထိုက်တယ်ဆိုတဲ့ အဖြေပါ။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုသမိုင်းမှာ ခေတ်သစ် နိုင်ငံသားအခွင့်အရေးရဲ့ အစဟာ မတရားတဲ့စည်းကမ်းဥပဒေကို လူမည်းစက်ချုပ်သမက တစ်ကိုယ်တော် အာခံပြလိုက်တဲ့ ၁၉၅၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ ဖြစ်တယ်လို့ သမိုင်းဆရာ အများစုက သတ်မှတ်ထားပါတယ်။

ထိုနေ့က ဘတ်စ်ကားပေါ်မှာ လူဖြူတွေအတွက် ထိုင်ခုံနေရာ ဖယ်ပေးမယ့်အစား အဖမ်းခံပြလိုက်တဲ့ စက်ချုပ်သမကတော့ ရိုစာပတ် (Rosa Louise McCauley Parks)  အမည်ရှိ လူမည်းအမျိုးသမီး ဖြစ်ပါတယ်။ သူဟာ ၁၉၁၃ ခုနှစ်မှာ မွေးဖွားသူ ဖြစ်တဲ့အတွက် အကြမ်းမဖက် အာခံပြလိုက်တဲ့အချိန်မှာ ၄၂ နှစ်အရွယ်ရှိနေပါပြီ။

ရိုစာပတ်ကို ဖမ်းဆီးပြီးတဲ့နောက် လေးရက်အကြာမှာ ရုံးတင်စစ်ဆေးပါတယ်။ ရုံးတင် စစ်ဆေးတဲ့နေ့မတိုင်ခင် လူမည်းခေါင်းဆောင်များက ဒီမတရားတဲ့လုပ်ရပ်အပေါ် တုံ့ပြန်ဖို့ စည်းဝေးတိုင်ပင်ကြပါတယ်။ နောက်ဆုံးမှာ မောင်ဂိုမာရီမြို့အတွင်း ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေကို မစီးဘဲ သပိတ်မှောက်ဖို့ သဘောတူ ဆုံးဖြတ်လိုက်ကြတယ်။ 

အဲဒီနောက်မှာတော့ လူမည်းတွေရဲ့ ဘုရားကျောင်းတွေမှာ ဘတ်စ်ကား သပိတ်မှောက်ပွဲအတွက် ဟောပြော စည်းရုံးကြပါတယ်။ ရိုစာပတ်ကို ရုံးတင်စစ်ဆေးတဲ့ရက်မှာ လူမည်းတွေအားလုံးကို သပိတ်မှောက်ဖို့ ဆော်သြတဲ့ စာရွက်ပေါင်း သုံးသောင်းခွဲကို ဝေခဲ့ပါတယ်။ အလုပ်သွားတဲ့အခါမှာ လမ်းလျှောက်ပြီး သွားချင်သွားကြပါ၊ ဒါမှမဟုတ် တက္ကစီကားကို စီးပြီး သွားချင်သွားကြပါ၊ ဒါပေမဲ့ ဘတ်စ်ကားကိုတော့ လုံးဝမစီးကြပါနဲ့လို့ တိုက်တွန်းထားတဲ့ စာရွက်တွေ ဖြစ်ပါတယ်။

လူလူချင်း ခွဲခြားဆက်ဆံတာကို နှစ်ပေါင်းများစွာကြာအောင် ခံစားနေခဲ့ရတဲ့ လူမည်းတွေဟာ ဒီသပိတ်ပွဲကြီးကို တက်ညီလက်ညီ ဆင်နွှဲခဲ့ကြပါတယ်။ မောင်ဂိုမာရီမြို့မှာ ဘတ်စ်ကားစီးသူ စုစုပေါင်းရဲ့ ၇၅ ရာနှုန်းက လူမည်းတွေ ဖြစ်တဲ့အတွက် ဘတ်စ်ကားလုပ်ငန်းပိုင်ရှင် လူဖြူများဟာ ဒီသပိတ်မှောက်ပွဲကြောင့် စီးပွားရေးအားဖြင့် အကြီးအကျယ် ထိခိုက်နစ်နာကြပါတယ်။ လူမည်းတွေဟာ ဘတ်စ်ကားစီးပြီး ဈေးသွားဝယ်ရတဲ့အလုပ်ကို မလုပ်တော့ဘဲ အနီးအနားက လူမည်းတွေပိုင်တဲ့ ဈေးဆိုင်များမှာသာ ဝယ်ယူကြတဲ့အတွက် မြို့တွင်းက ဈေးဆိုင်ပိုင်ရှင် လူဖြူတွေဟာလည်း တစ်နွယ်ငင်တစ်စင်ပါ နစ်နာကြပါတယ်။

တရားရုံးက ရိုစာပတ်ကို အမိန့်မနာခံဘဲ စည်းကမ်းဖောက်ဖျက်တယ်လို့ ဆုံးဖြတ်ပြီး ၁ဝ ဒေါ်လာ ဒဏ်တပ်ပါတယ်။ တရားရုံးစရိတ်က ၄ ဒေါ်လာဆိုတော့ စုစုပေါင်း ၁၄ ဒေါ်လာ ပေးဆောင်ခဲ့ရပါတယ်။ ဒါပေမဲ့ ရက်ပေါင်း ၃၈၁ ရက် ကြာရှည်တဲ့ ဘတ်စ်ကားမစီးရေး သပိတ်ကြောင့် လူဖြူလုပ်ငန်းရှင်တွေဟာ ဒေါ်လာ သန်းနဲ့ချီပြီး နစ်နာဆုံးရှုံးခဲ့ပါတယ်။  

မခံမရပ်နိုင်တဲ့ လူဖြူတချို့က လူမည်းတွေအပေါ် ခြိမ်းခြောက် ရန်စပါတယ်။ အကြမ်းဖက် တိုက်ခိုက်ပါတယ်။ ဘတ်စ်ကား သပိတ်မှောက်ပွဲကြီးကို ခေါင်းဆောင်တဲ့ မာတင်လူသာကင်းရဲ့ အိမ်ကို ဗုံးခွဲပါတယ်။ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကိုလည်း ဆက်တိုက်လုပ်လာပါတယ်။ သပိတ်မှောက်ပွဲ စလုပ်ကတည်းက အကြမ်းမဖက်တဲ့နည်းနဲ့ လုပ်မယ်လို့ မာတင်လူသာကင်းက ပြောခဲ့ပြီး လူမည်းများကလည်း သဘောတူ လိုက်နာခဲ့တာ ဖြစ်တဲ့အတွက် လူမည်းတွေဘက်က ရန်ကိုရန်ချင်း တုံ့နှင်းတာမျိုး အလွန်နည်းပါးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဘတ်စ်ကားပေါ်မှာ လူဖြူ လူမည်း ခွဲခြားဆက်ဆံတာဟာ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး ဒီစည်းကမ်းကို တရားရုံးချုပ်က ပယ်ဖျက်ပေးလိုက်ပါတယ်။

ခွဲခြားဆက်ဆံတဲ့ စည်းကမ်းကို ပယ်ဖျက်လိုက်ပြီး နောက်ရက်မှာ မာတင်လူသာကင်းနဲ့ ရိုစာပတ်တို့ဟာ တခြားခေါင်းဆောင် တချို့နဲ့အတူ ဘတ်စ်ကားစီးကြပါတယ်။ ရိုစာပတ်က အရင်တုန်းက လူဖြူတွေအတွက် သတ်မှတ်ထားတဲ့ ထိုင်ခုံတွေရဲ့ ရှေ့ဆုံးတန်းမှာ ထိုင်စီးခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ဘတ်စ်ကားပေါ်က လူဖြူ လူမည်း ခွဲခြားဆက်ဆံမှုဟာ နိဂုံးချုပ်သွားခဲ့ပါတယ်။ 

ရိုစာပတ်ဟာ ငယ်စဉ်ကတည်းက လူဖြူ လူမည်း ခွဲခြားဆက်ဆံမှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသူပါ။ ရိုစာပတ် ငယ်စဉ်က သူ နေထိုင်တဲ့ အမေရိကန်ပြည်ထောင်စုတောင်ပိုင်းဒေသမှာ ကေသုံးလုံးဂိုဏ်း (Ku Klus Klan) က နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ လူမည်းတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ ကေသုံးလုံးတွေရဲ့ သတင်းတွေကို ကြားနေကျ ဖြစ်ပါတယ်။  လူမည်းတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကိုလည်း မကြာခဏ ကြားနေခဲ့ရပါတယ်။  သူ့အဖေရဲ့ အိမ်ရှေ့ကို ကေသုံးလုံးဂိုဏ်းသားတွေ ရောက်လာတုန်းက အဖေက သေနတ်နဲ့ပစ်ပြီး ခြောက်လှန့် မောင်းထုတ်ခဲ့ရတဲ့ ဖြစ်ရပ်ကို ရိုစာပတ် ကောင်းကောင်းမှတ်မိပါတယ်။ ဒါကြောင့်လည်း ငယ်စဉ်က ဆိုရင် ရိုစာပတ်ဟာ အိပ်ရာဝင်တိုင်း စိုးတထိတ်ထိတ်နဲ့ အိပ်ခဲ့ရပြီး အမြဲတမ်း ကျီးလန့်စာစား ဖြစ်နေခဲ့ပါတယ်။

ဘတ်စ်ကား သပိတ်ပွဲမတိုင်မီကတည်းကပဲ ရိုစာပတ်ဟာ လူမည်းအခွင့်အရေးတိုက်ပွဲမှာ တတ်စွမ်းသမျှ ပါဝင်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ လူမည်းဘဝတိုးတက်ရေးအဖွဲ့ထဲကို ဝင်ပြီး လူမည်းတွေရဲ့ မတရား အပြုခံရမှုတွေအတွက် လိုက်ပါဆောင်ရွက်ပေးပါတယ်။ ကျာပွတ်နဲ့ အရိုက်ခံရတာတွေ၊ ကြွေးတင်ရင် ကျွန်အဖြစ် အခိုင်းခံရတာတွေ၊ သတ်ဖြတ်ခံရတာတွေ၊ မုဒိမ်းကျင့်ခံရတာတွေ စတဲ့ မတရားမှုတွေအတွက် ခံရသူတွေဘက်က ရပ်တည် ကူညီပေးခဲ့ပါတယ်။ ဒီလို အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့တဲ့ စိတ်ဓာတ်ကြောင့်ပဲ ဘတ်စ်ကားပေါ်မှာ လူဖြူတွေအတွက် နေရာမဖယ်ပေးဘဲ အာခံခဲ့တာပါ။

တချို့က ရိုစာပတ်ကို သာမန် စက်ချုပ်သမတယောက်အဖြစ်သာ သတ်မှတ်ခဲ့ပြီး ဘတ်စ်ကား ထိုင်ခုံကို ဖယ်မပေးခဲ့တာဟာ အလုပ်ကအပြန်မှာ ပင်ပန်းနေလို့သာ ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါက ရိုစာပတ်ရဲ့ ကြီးမြတ်တဲ့စိတ်ဓာတ်ကို သေးသိမ်အောင် လုပ်ဖို့ ကြိုးပမ်းကြခြင်းပါပဲ။ တကယ်တော့ ရိုစာပတ်က ကားမောင်းသူကို ပြန်ပြောခဲ့တဲ့စကားထဲမှာ ရိုစာပတ်ရဲ့ စိတ်ဓာတ်ကို အထင်းသား မြင်ရပါတယ်။

“ဖယ်မပေးသင့်ဘူး ထင်လို့ ဖယ်မပေးတာဖြစ်တယ်၊ ဖမ်းချင်လည်း ဖမ်း” လို့ သူက ပြန်ပြောခဲ့တာပါ။

“မတရားပြုမူတာကို မခံချင်တော့ဘူး၊ ငွေပေးပြီးစီးရတဲ့ ဘတ်စ်ကားထိုင်ခုံကို ဘာကြောင့် ဖယ်ပေးရမှာလဲ၊ ဒီအချိန်မှာ ဖယ်ပေးဖို့ ငြင်းဆန်လိုက်တာကတော့ ကိုယ့်အပေါ် မတရားလုပ်တာကို လက်မခံတဲ့အကြောင်း ပြသလိုက်တာပါပဲ၊ မတရားလုပ်တာတွေကို ခံလာခဲ့ရတာ ကြာပြီ၊  ပိုအညံ့ခံလေလေ  အနိုင်ကျင့်လေလေ ဖြစ်မှာပဲ၊ မတရားလုပ်တာကို သည်းခံပြလေလေ၊ ဖိနှိပ်မှုက တိုးလာလေလေ ဖြစ်မှာပဲ” လို့  ရိုစာပတ်က သူ အာခံခဲ့တဲ့အကြောင်းနဲ့ပတ်သက်တဲ့ သူ့ခံယူချက်ကို ပြန်ပြောခဲ့ပါတယ်။

ဘတ်စ်ကားသပိတ်ပွဲကြီး ဆင်နွှဲနေချိန်မှာ ရိုစာပတ်တို့ ဇနီးမောင်နှံဟာ အလုပ်ပြုတ်ခဲ့ပါတယ်။ မောင်ဂိုမာရီမြို့မှာ အလုပ်မရတာကြောင့် အလုပ်ရှာဖို့ ဒက်ထရိုက်မြို့ကို ပြောင်းခဲ့ပါတယ်။ ဒက်ထရိုက်မှာ ၈ နှစ် ကြာအောင် ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရတယ်။ ၁၉၆၇ ခုနှစ်ကို ရောက်မှ ကွန်ဂရက်လွှတ်တော်အမတ်တစ်ယောက်က လက်ထောက်စီမံခန့်ခွဲရေးမှူးအဖြစ် ငှားရမ်းခန့်အပ်လိုက်လို့ စီးပွားရေး ပြေလည်ခဲ့ပါတယ်။ ရိုစာပတ်ဟာ ဒီအလုပ်ကို ၁၉၈၇ ခုနှစ်အထိ လုပ်ပါတယ်။

၁၉၈၀ ပြည့်နှစ်များအတွင်းမှာတော့ ရိုစာပတ်ဟာ တောင်အာဖရိကနိုင်ငံမှာ ဖြစ်ပွားနေခဲ့တဲ့ လူမျိုးခွဲခြားရေးစနစ်ကို ဖျက်သိမ်းနိုင်ဖို့အတွက် အားပေးကူညီနေခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ နာမည်နဲ့ ကျောင်းတစ်ကျောင်း ဖွင့်လှစ်ပြီး လူမည်းအမျိုးသမီးများအတွက် စွမ်းရည်မြှင့်တင်ရေး အကြံပေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံသားအခွင့်အရေးရဲ့ မိခင်အဖြစ် အမည်ပေးခံရတဲ့ ရိုစာပတ်ကို သမ္မတ ကလင်တန်က ၁၉၉၆ ခုနှစ်မှာ သမ္မတ လွတ်လပ်ရေးဆုတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုအစိုးရက ပေးတဲ့ ဘွဲ့ထူးတွေထဲမှာ အမြင့်ဆုံးဘွဲ့ထူး ဖြစ်ပါတယ်။ ရိုစာပတ်ဟာ ဒီလိုဘွဲ့ထူးမျိုးကို ရာနဲ့ချီပြီး ရရှိခဲ့ပါတယ်။

ရိုစာပတ်ဟာ ၂၀၀၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သေလွန်ချိန်မှာ အသက် ၉၂ နှစ် ရှိနေပါပြီ။ အောက်တိုဘာ ၂၇ ရက်မှာ သူ နေထိုင်တဲ့ ဒက်ထရိုက်မြို့နဲ့ အရင်နေထိုင်ခဲ့တဲ့ မောင်ဂိုမာရီမြို့က အာဏာပိုင်များဟာ ရိုစာပတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ မြို့တွင်းပြေးဆွဲတဲ့ ဘတ်စ်ကားတိုင်းရဲ့ ရှေ့ဆုံးခုံကို အလွတ်ထားပြီး အနက်ရောင်ဖဲပြားကို ပတ်ထားမယ့်အကြောင်း၊ ဒါကို ဈာပနပွဲ ကျင်းပတဲ့ နိုဝင်ဘာ ၂ ရက်နေ့အထိ လုပ်ဆောင်မယ့်အကြောင်း ကြေညာလိုက်ပါတယ်။

အောက်တိုဘာ ၂၉  ရက်မှာ ရိုစာပတ်ရဲ့ ရုပ်အလောင်းကို မောင်ဂိုမာရီမြို့ဆီ လေယာဉ်နဲ့ သယ်ဆောင်သွားပြီး အောက်မေ့သတိရတဲ့ပွဲ ကျင်းပပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleeza Rice) က ဂုဏ်ပြုစကား ပြောကြားပါတယ်။ လူမည်းအမျိုးသမီးတစ်ဦးဖြစ်တဲ့ ကွန်ဒိုလီဇာရိုက်စ်က “ရိုစာပတ်သာ လူမည်းအခွင့်အရေးကို တိုက်ပွဲမဝင်ခဲ့ဘူးဆိုရင် သူလည်း နိုင်ငံခြားရေးဝန်ကြီး ဖြစ်မှာ မဟုတ်ဘူး”လို့ ပြောပါတယ်။

အောက်မေ့သတိရပွဲ ညမှာ ရုပ်အလောင်းကို ဝါရှင်တန်ဒီစီသို့ သယ်ဆောင်သွားပါတယ်။ ကွန်ဂရက်လွှတ်တော်ရဲ့ ဘဲဥပုံခန်းမကြီးထဲမှာ ရုပ်အလောင်းကို ထားပြီး အရိုအသေပေးတဲ့ ဂုဏ်ပြုပွဲ ကျင်းပပါတယ်။ လူပေါင်း ငါးသောင်းက လာရောက်ဂုဏ်ပြုတဲ့ပွဲကို ရုပ်မြင်သံကြားတွေက တိုက်ရိုက်ထုတ်လွှင့်ပေးပါတယ်။ ပြီးတော့မှ ဒက်ထရိုက်မြို့ကို ပြန်လည်သယ်ဆောင်သွားပြီး နိုဝင်ဘာ ၂ ရက်နေ့မှာ ဈာပနပွဲကျင်းပပါတယ်။ ဈာပနပွဲက ၇ နာရီကျော် ကြာမြင့်ခဲ့ပါတယ်။ ရုပ်အလောင်းကို မြင်းရထားနဲ့ သယ်ဆောင်ပြီး သင်္ချိုင်းရှိရာဆီ ပို့ပါတယ်။ လမ်းတလျှောက်မှာ စောင့်ကြိုနေတဲ့ လူထောင်ပေါင်းများစွာက လက်ခုပ်တွေတီးပြီး ဟစ်ကြွေး နှုတ်ဆက်ခဲ့ပါတယ်။ 

အပ်ချုပ်သမလို သာမန်အလုပ်သမားဖြစ်တဲ့ ရိုစာပတ်ရဲ့ တစ်ကိုယ်တော်အာခံမှုဟာ အမေရိကန်သမိုင်းကို လှည့်ပြောင်းပစ်လိုက်တဲ့အထိ အကျိုးသက်ရောက်မှု ကြီးမားလှပါတယ်။ လူဖြူ လူမည်း ခွဲခြားဆက်ဆံတဲ့ စည်းကမ်းဥပဒေကို ဖျက်သိမ်းပေးရတဲ့ အဆင့်ကနေ နောက်ဆုံးတော့ လူမည်းတွေက သမ္မတရာထူးနဲ့ နိုင်ငံခြားရေးဝန်ကြီး ရာထူးများအထိ ရယူနိုင်တဲ့အထိ လူ့အခွင့်အရေးဆိုင်ရာ အောင်ပွဲကြီးကို ဖန်တီးပေးလိုက်ပါတယ်။

ဒီလိုအောင်ပွဲကြီးရဲ့ အကြောင်းရင်းတစ်ခုက ရိုစာပတ် ခိုင်ခိုင်မာမာ ကိုင်စွဲခဲ့တဲ့ ယုံကြည်ချက်ပါပဲ။ ဒါကတော့…

“မတရားမှုကို အညံ့ခံလေလေ၊ မတရားမှုတွေ တိုးလာလေလေ ဖြစ်တယ်။ ဒါကြောင့် မတရားမှုကို ငုံ့မခံပါနဲ့” ဆိုတဲ့ ယုံကြည်ချက်ပါပဲ။   ။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024