
ထိုင်းနိုင်ငံကို ကြားခံပြီး မြန်မာပြည်ကနေ မလေးရှားနိုင်ငံကို တရားမဝင်အလုပ်သမားတွေ တင်ပို့နေတဲ့ အကြီးစားလူကုန်ကူးဂိုဏ်းတစ်ခုကို ဖမ်းဆီးရမိကြောင်း ထိုင်းအမျိုးသား ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၇ ရက် သတင်းစာရှင်းပွဲမှာပြောပါတယ်။
ဒီမတိုင်ခင် ပြီးခဲ့တဲ့လဆန်းပိုင်းက ဘန်ကောက် ဒွန်းမောင်းနယ်မြေထဲမှာ မြန်မာနိုင်ငံက လာတဲ့ ၁၉ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တွေလိုက်လံစုံစမ်းရာက အဆိုပါ လူကုန်ကူးဂိုဏ်းကို လိုက်လံဖမ်းဆီးရမိခဲ့တာလို့ ထိုင်းလဝကဒုရဲမှုးချုပ် အာချယွန်း ကရိုင်းထောင်း န်က ပြောပါတယ် ။
ဒွန်းမောင်းမှာဖမ်းမိသူ ၁၉ ယောက်ဟာ ရခိုင်ပြည်နယ်ကလာသူတွေဖြစ်ပြီး မဲဆောက်ကနေတဆင့် ထိုင်းနိုင်ငံထဲ ဝင်ရောက်လာကာ မလေးရှားသွားဖို့ ဘန်ကောက်မှာ ခရီးတစ်ထောက် စောင့်ဆိုင်းနေစဉ် အဖမ်းခံရတာပါ။ သူတို့ထဲက ၇ ယောက်ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတာကိုတွေ့ရှိတဲ့အတွက် သူတို့ကိုသွားဖမ်းတဲ့ တာဝန်ရှိသူတွေလည်း အကုန်လုံး အသွားအလာ ကန့်သတ်နေရပါတယ်။
သူတို့တွေကို မြန်မာနယ်စပ်ကနေ မလေးရှားနယ်စပ်ထိ ရောက်အောင် အဆင့်ဆင့်ပို့ ဆောင်ပေးမယ့်သူတွေကို တာဝန်ရှိသူတွေက လိုက်လံစုံစမ်းဖော်ထုတ်ရာမှာ ပါဝင်ပတ်သက်နေသူ စုစုပေါင်း ၇ ယောက်ရှိပြီး အဲဒီထဲမှာ နန်နိဒါ ခေါ် ကျေ့ဒါး ဆိုတဲ့ မြန်မာအမျိုးသမီး တစ်ဦး ၊ ဦးစဆင်း ခေါ် ဘာဘူ လို့ခေါ်တဲ့ အမျိုးသား ၁ ဦးအပြင် ဆာရဝပ်ကျင်းဒါးလို့ခေါ်တဲ့ ဒုရဲမှူးအဆင့်ရှိ ရဲဝန်ထမ်းဟောင်း ၁ ဦး နဲ့ နောက်ထပ် ထိုင်းလူမျိုး ၄ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
နန်နိဒါးကိုတော့ ဒွန်းမောင်းမှာဖမ်းမိသူ ၁၉ ယောက်ကို သူ့အိမ်မှာ လက်ခံထားမှုနဲ့ ဒီမတိုင်ခင်ကတည်းကဖမ်းမိခဲ့ပြီး ကျန်သူတွေကိုတော့ ထိုင်းမြောက်ပိုင်း တာ့ခ်ခရိုင် ၊ ထိုင်း အလယ်ပိုင်း ပထုန်ဌာနီခရိုင်၊ ထိုင်းတောင်ပိုင်း နာရာသီဝပ်နဲ့ နခွန်းဆီထမရတ်ခရိုင်တွေမှာ ဖမ်းဆီးခဲ့တာပါ။ သူတို့ဂိုဏ်းဟာ ဒီအလုပ်ကို လုပ်လာတာကြာပြီဖြစ်ပြီး ဘဏ်စာရင်းအရ လည်ပတ်ငွေ ဘတ် ၁၀ သန်းကနေ သန်း ၂၀ ထိရှိတယ်လို့ ထိုင်းလဝကရဲက ပြောပါတယ်။
တာဝန်ရှိသူတွေဟာ သူတို့ ၇ ယောက် အပြင် ကား ၅ စီး ၊ လက်ကိုင်ဖုံးနဲ့ ဘဏ်စုငွေစ စာအုပ်တွေကိုလည်း သက်သေအဖြစ် သိမ်းဆည်းခဲ့ပြီး နောက်ထပ်ပါဝင်ပတ်သက်သူတွေကို ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ ဆိုပါတယ် ။
ထိုင်းနိုင်ငံမှာ တရားမဝင်ဝင်ရောက်သူတွေကို ဖမ်းဆီးနှိမ်နင်းနေရာမှာ ပြီးခဲ့တဲ့နှစ်က တရားမဝင်ဝင်လာသူပေါင်း ၆၈၉၄၂ ယောက်၊ ပို့ဆောင်ပေးသူ ၃၁၂ ယောက်နဲ့ မှီခို နေထိုင်ခွင့်ပြုသူ ၆၈၄ ယောက်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ထိုင်းလဝကရဲက ပြောပါတယ်။
ဒီ ၂၀၂၁ ခုနှစ်ထဲမှာတော့ ဇန်နဝါရီ ၁ ရက်ကနေ ၂၅ ရက်အတွင်း တရားမဝင် ဝင်ရောက်လာသူပေါင်း ၂၆၆ ယောက် ၊ သယ်ဆောင်လာသူ ၁၆ ယောက်နဲ့ မှီခိုနေထိုင်ခွင့်ပြုသူ ၆၂ ယောက်တို့ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ကိုးကား- THAI POST