Home
ဆောင်းပါး
အောင်လင်း အရိုင်းစံပယ် ဝေးကွာခဲ့ ၃၇
မောင်တူး
·
January 28, 2021

“ရင်ပွင့်လေသောခါ”၊ “သပြေတို့အရွယ်”

“အရိုင်းစံပယ်”၊ “စံပယ်ကုံး”

“အမုန်းနိဂုံးချုပ်”၊ “ဇာတိမာန်ဟုန်စစ်ရေးတုန်အံ့”

“ချစ်နှင်းမှုန်မှုန်”၊ စာမျိုးစုံအား

ဝတ္ထုများဘွဲ့၊ ရေးသားခဲ့သူ

“အောင်လင်း”ဟူပင်၊ 

ဂန္ထဝင်ကြီး၊ ကွယ်လွန်ပြီးခဲ့

သုံးဆယ့်ခွန်နစ်နှစ် ပြည့်ခဲ့ပြီ။ ။ 

၁၉၈၄ ဇန်နဝါရီ ၂၅ ဆရာအောင်လင်း ကွယ်လွန် ၃၇ နှစ်

အောင်လင်းဆိုတာကို ပြောလိုက်တာနဲ့ စာပေဗိမာန်ဆုရ “အရိုင်းစံပယ်” ဝတ္ထု၊ “ပစ်တိုင်းထောင်” စာအုပ်နဲ့ သူရေးသားခဲ့တဲ့ စာပေမျိုးစုံ၊ စာအုပ်မျိုးစုံ အုပ် ၆၀ ကျော်ကို ပြေးမြင်မိလိုက်ပါလိမ့်မယ်။ ဒါပေမဲ့ စာရေးဆရာကြီးအောင်လင်း အဖြစ်သာမက သီချင်းအပုဒ် ၆၀ ကျော် ရေးခဲ့တဲ့ သီချင်းရေးဆရာ၊ ဂီတပညာရှင်၊ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာလည်း ဖြစ်ခဲ့သူပါ။ အဓိက သူ့ရဲ့ ထင်ရှားတဲ့ စာအုပ်တွေထဲမှာ “မောင့်မမငြိမ်း”၊ “ဗေဒါ”၊ “အနုပဋိလောမအဖွင့်”၊ “ခြေဖဝါးတော်နုနု” နဲ့ “စိန် သို့မဟုတ် စိန်” အစရှိတဲ့ ထင်ရှားတဲ့ စာအုပ်တွေလည်း ရှိပါသေးတယ်။

ဒီလို မြန်မာ့စာပေနဲ့ အနုပညာ၊ ဂီတသမိုင်းမှာ ထင်ရှားခဲ့တဲ့ ဆရာကြီး အောင်လင်းဟာ ၁၉၈၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်က ကွယ်လွန်ခဲ့ပါတယ်။ အခု ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်ဟာ သူ့ ထွက်မြောက်ခြင်း ၃၇ နှစ်ပေါ့။ 

“ဟေ့ကောင်၊ မင်းက ဘာလဲ။ 

သူများ ဘောင်ခတ် ထားတဲ့ထဲက 

ဒါရေးဆို ရေးမှာလား။ 

အဲ့ဒါကို မင်းကိုယ်မင်း စာရေးဆရာလို့ မှတ်နေလား။”

(အောင်လင်း) 

ဓနပျိုးခင်းဂျာနယ်ပါ သုဝဏ္ဏကျော်စိန်ရဲ့ ဆရာအောင်လင်း ဆရာလေးမြင့်နဲ့ ကျွန်တော် ဆောင်းပါးမှ

“လွန်ခဲ့တဲ့ ၃၇ နှစ် အောင်လင်းဈာပနမြင်ကွင်း” ဒေါင်းနွယ်ဆွေရေးသည်

“အောင်လင်းဈာပန မြေချပို့ဆောင်ရမည့်နေ့မှ လှေကားအဝင်ဝတွင် ဝဲလည်ဝဲလည်ဖြင့် ပါရဂူနှင့်အတူ ဒဂုန်တာရာတို့ ရောက်လာကြသည်။ အသုဘရက်အတွင်း အောင်လင်း၏ `မေတ္တာရွှေစောင်း´ သီချင်းကို သီဆိုခဲ့သော လီလီကြာညွန့် တယောက် မျက်ရည်ပေါက်ပေါက်ကျအောင် ငိုကြွေးသည်ကို တွေ့ခဲ့ရသည်။ ဂီတမိခင်ကြီး ဒေါ်အောင်ကြည်သည် အောင်လင်း အလောင်း ဘေးတွင် ရင်ထုရှိုက်ငင် နှမြောတသ လွမ်းဆွတ် ကြေကွဲစွာ ငိုကြွေးသည်ကိုလည်း ကြုံခဲ့ရသည်။ (ကိုဌေးမြိုင်) ဒဂုန်တာရာ တယောက် အောင်လင်း ဈာပနသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်ကို တွေ့ရသောအခါ စာရေးသူ အံ့သြ ဝမ်းမြောက် ကြီးဖြစ်ကာ တယုတယ တရင်းတနှီး ဆီးကြိုခဲ့မိသည်။ အနုပညာသည်တဦး ဘဝဆုံးကွယ်လွန် အနိစ္စရောက်သွားသောအခါ သူ့ကို ချစ်မြတ်နိုးသူတွေ ကရုဏာနှလုံးသား ပန်းခွေလာချသည်မှာ သဘာဝကျပါသည်။

သူ့အမှားတွေ၊ သူ့အဆိုးတွေ

သူ့ဟာကွက်တွေ၊ သူ့အားနည်းချက်တွေ

သူ့ပျော့ညံ့ချက်တွေ၊ ရှိကောင်းရှိပါလိမ့်မည်။ ရှိလည်း ရှိခဲ့သည် ဆိုပါအံ့။

ဆန့်ကျင်ဘက် အကောင်းတွေရော မရှိတော့ဘူးလား။ လူ့ဘဝဆိုသည်မှာ အကောင်းနှင့် အဆိုး၊ အကျိုးနှင့် အပြစ်၊ အနှစ်နှင့် အကာ၊ တစ်အနုတ်လက္ခဏာ တစ်၊ သုညသာပင် ပြန်ဖြစ်သည် မဟုတ်လား။ ကြေကွဲဝမ်းနည်းရိပ်သမ်းနေသော ဒဂုန်တာရာ၏ မျက်နှာကို ငေးကြည့်ရင်း အမည်မဖော်ပြနိုင်သော ဝေဒနာတစ်ရပ် စာရေးသူရင်ထဲသို့ တိုးဆောင့်ရိုက်ခတ်လိုက်သလို ခံ စားလိုက်ရသည်။ အတိတ်က အာဃာတကောင်းကင်မှ တိမ်တောင်တိမ်လှိုင်းတို့သည် လွင့်ပြယ်ပြေးပျောက်ကုန်ပါလေ ပ ကောလား။ ကြံတောသုဿန်သို့ရောက်၍ အောင်လင်း၏ ရုပ်ကလာပ် အလောင်းကို မြေတွင်းထဲသို့ စာရေးသူကိုယ်တိုင် ကြိုးဆိုင်းဆွဲချနေစဉ် မျက်မှန်ဝင်းဝင်းနှင့် လူရိပ်တရိပ်ကို တွေ့လိုက်ရပြန်သည်။ ထိုလူကို ကဗျာဆရာ အောင်မင်းဇင်တွဲကိုင် ဖေးမ ပေးထားသည်။ မွန်းတိမ်းနေအပူ၏ ဆူလောင်ကျွမ်းမြိုက်သော အခိုးအငွေ့ကြားမှ ထိုလူမှာ တခြားသူ မဟုတ်ဘဲ ဒဂုန်တာရာပင် ဖြစ်နေပြန်သည်။ အကယ်၍ ဒဂုန်တာရာသည် တစ်ချိန်က ဝေဖန်ရေး ပဋိပက္ခကြောင့် မုန်းမာန်တိုးဖွဲ့ ရန်ငြိုးတွေသာချဲ့ နေဦးမည်ဆိုလျှင် အောင်လင်း၏ ဈာပနသို့ ရောက်လာစရာပင် အကြောင်းမရှိပါချေ။ ယခုမူကား ဒဂုန်တာရာသည် အောင်လင်းဈာပန နောက်ဆုံးတွင်းဆင်းမြေချချိန်အထိ စောင့်ကြည့်ခဲ့ရှာသည်။ တာရာမဂ္ဂဇင်းတွင် `လူကိုလေ့လာခြင်း´ ကဏ္ဍတွင် ဆောင်းပါးရေးခဲ့သော ဒဂုန်တာရာသည် `လူဆန်သော လူတစ်ယောက်ပါတကား´ စာရေးသူ ရင်ထဲမှ ကျိတ်၍ ချီးကျူး ထောပနာပြုမိခဲ့သည်။ သင်္ချိုင်းမြေတွင်းနက်ထဲသို့ ကျသွားသော အောင်လင်း၏ ရုပ်အလောင်းကို ငေးကြည့်ရင်း မျက်ရည် အဝိုင်းသားကြားမှ ဒဂုန်တာရာ ပြန်လည်ထွက်ခွာသည်ကို စာရေးသူ မပီဝိုးဝါး လှမ်းမြင်လိုက်ရသေးသည်။ သူ့ဈာပန ရုပ်အလောင်းကို ဂူသွင်းကြိုးချမြေမြှုပ်သင်္ဂြိုလ်ခဲ့သည့် အချိန်အထိ ဒဂုန်တာရာတယောက် လာကြည့်သွားသည်ကို အောင်လင်း မသိနိုင်ရှာခဲ့ပါချေ။  အကယ်၍ ထိုအကြောင်းကိုသာ အောင်လင်းပြန်လည် သိခွင့်ရလေလျှင် အပူငွေ့ ချောင်းချောင်းထပျံ နေသည့် အောင်လင်း ရုပ်အလောင်းမြှုပ်နှံရာ သင်္ချီုင်းမြေတဝိုက်တွင် သားကြီးကိုကိုအောင်နှင့် သမီးထွေးချိုမတို့ ဖခင်ကို နောက် ဆုံးဂါရဝပြုသည့်အနေဖြင့် အမွှေးတိုင်များ ပက်ဝိုင်းမြေစိုက် ထွန်းညှိ ပူဇော်နေကြသည်။  ဤမြင်ကွင်းကို ကြည့်ရသည်မှာ စာရေးသူရင်ဆို့ ကြေကွဲလှိုက်လှဲရလွန်းသောကြောင့် အုတ်ဂူဟောင်းများကြားမှ ပြန်လည်ထွက်ခွာလာခဲ့မိသည်။ ခပ်လှမ်းလှမ်းသို့ ရောက်သောအခါ နောက်မှခေါ်သံလိုလို လှမ်း၍ ကြားလိုက်ရသောကြောင့် စာရေးသူလည်ပြန်လှည့်၍ ကြည့်လိုက်မိသောအခါ တုန်လှုပ်အံ့သြမှု လှိုင်းကြီးတလုံး၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရပြန်ပါသည်။ ဘယ်အချိန်က အုတ်ဂူတွေကြားသို့ ရောက် နေမှန်း မသိသော ဆရာတက်တိုး။ 

‘အရိုင်းစံပယ်’

ဒီဆောင်းပါးရေးသူ ကျနော်ကိုယ်တိုင် ဆရာအောင်လင်း ကွယ်လွန်ခြင်း ၃၇ နှစ်ပြည့် ဇန်နဝါရီ ၂၅ ရက်ညမှာ (အရိုင်းစံပယ်) ဝတ္ထုကို တခေါက်ထပ် ဖတ်သေးတယ်။ ဘယ်နှစ်ကြိမ် ဖတ်ဖတ် မရိုးနိုင်တဲ့ ဇာတ်လမ်းပါ။ အရိုင်းစံပယ်ဟာ အနုပညာလောက နောက်ခံ ဘဝ သရုပ်ဖော်ဝတ္ထုပါ။  စာပေဗိမာန် ပထမဆုရ ဝတ္ထုကြီးဖြစ်တယ်။ တယော၊ စန္ဒယားဂီတပညာရှင် ကိုဘခက်၊ ကိုဘခက်ရဲ့ ချစ်သူ “မ”၊ ဆရာဝန်မလေး “မွန်”၊ တက္ကသိုလ်ကျောင်းသူလေး “မော်” ညီအစ်မ ၃ ယောက်တို့ ပါဝင်တဲ့ ဇာတ် လမ်းပါ။ နိုင်ငံခြားယဉ်ကျေးမှု အလွှမ်းမိုး ခံနေရသူတွေနဲ့ မိရိုးဖလာ အမျိုးသားယဉ်ကျေးမှု ခုံမင် မြတ်နိုးသူတွေကြား ဘယ်သူက လမ်းမှန် ရပ်တည်နိုင်တယ် ဆိုတာကို သရုပ်ဖော် ရေသားထားတယ်။ အရိုင်းစံပယ်ကို ဝတ္ထုအနေနဲ့ နှစ်ပေါင်း ၆၀ လောက် အတွင်း ၁၈ ကြိမ် ပြန်ထုတ်ရတယ်။ ရုပ်ရှင် ၂ ခါပြန်ရိုက်တယ်။ ၁၉၆၁ မှာ ပထမအကြိမ်   ပြည်တော်အေးရုပ်ရှင်အတွက် ဒါရိုက်တာ ဦးချစ်ခင်က မင်းသားထွန်းဝေ၊ မင်းသမီးဝါဝါဝင်းရွှေတို့ အဓိက သရုပ်ဆောင် ပါဝင်ပြီး ရိုက်ကူးတယ်။ နောက် တကြိမ်မှာ ဒါရိုက်တာ ကြီးမြင့်က မင်းသား ကျော်သူ၊ မို့မို့မြင့်အောင်တို့နဲ့ ပြန်ရိုက်တယ်။

 “အောင်လင်းရဲ့အကြောင်း”

အောင်လင်း (၁၉၂၈-၁၉၈၄)ဟာ စာရေးဆရာ၊ တေးရေးဆရာ၊ ဂီတပညာရှင်၊ နိုင်ငံရေးလှုပ်ရှားသူနဲ့ တေးသံရှင် သရုပ်ဆောင် ဖြစ်တယ်။ သူ့ကို ပခုက္ကူခရိုင်၊ ရေစကြိုမြို့မှာ အငြိမ်းစား ခရိုင်ရဲဝန်ထောက် ဦးဘရှိန်၊ ဒေါ်မြစ်တို့က ၁၉၂၈ ခု၊ မတ်လ ၃၀ က မွေးတယ်။ နာမည်ရင်းက တင်ဖေ။ ၁၉၄၇ ရန်ကုန်တက္ကသိုလ် တက်တယ်။ သထုံဆောင်မှာ နေခဲ့တယ်။ ရန်ကုန် တက္ကသိုလ် မှာ တက္ကသိုလ်ငတိ၊ ပခုက္ကူအပုလေး စတဲ့ ကလောင်တွေနဲ့ စာစရေးတယ်။ သူဟာ သခင်စိုးရဲ့ ကွန်မြူနစ်ပါတီ (အလံနီ) က ဖြစ်တယ်။ အလံနီတောခိုတဲ့အခါ သူနိုင်ငံရေးက ထွက်ပြီး သူ့ရဲ့ တော်လှန်ရေးကာလ လျှို့ဝှက်နာမည် အောင်လင်းကို ကလောင်အမည် စသုံးတယ်။ စာပေဝေဖန်ရေး မဂ္ဂဇင်း စာပေသစ်ကို တည်ထောင်သူတွေအနက် တဦးဖြစ်ပြီး စာပေတရား ခွင် ကဏ္ဍကို ရေးသားတယ်။ စာပေသစ် အောင်လင်းဆိုပြီး ထင်ရှားတယ်။ ၁၉၅၅ ဝန်းကျင်ကစ ဝတ္ထု စရေးလာတယ်။ 

“အောင်လင်းရေးတဲ့ စာအုပ်စာရင်း”

ချစ်သံသရာ (၁၉၅၅)၊ နှောင်းသစ္စာ (၁၉၅၅)၊ အောင်လင်း ဝတ္ထုတိုများ (၁၉၅၇)၊ ပစ်တိုင်းထောင် (၁၉၅၈)၊ လူမော် (၁၉၅၈)၊ နွေသဇင် (၁၉၅၉)၊ ချစ်နှင်းမှုန်မှုန် (၁၉၆၀)၊ ဗေဒါ (၁၉၆၀ လူဇော် အမည်ဖြင့် ရုပ်ရှင်ရိုက်)၊ အရိုင်းစံပယ် (၁၉၆၀ စာပေဗိမာန် ဝတ္ထုရှည်ဆု)၊ ကောင်း (၁၉၆၁)၊ တခုသာ လိုချင်သည်(၁၉၆၁)၊ နီလာ (၁၉၆၁)၊ တရံရောအခါ (၁၉၆၁)၊ ပြုံး (တင့်တယ် နှင့် တွဲ၍ ၁၉၆၁)၊ ဘဝစာမေးပွဲ(၁၉၆၁)၊ မောင့်မမငြိမ်း (ရုပ်ရှင်ရိုက် ၁၉၆၁)၊  ရင်ပွင့်လေသောခါ (ရုပ်ရှင်ရိုက် ၁၉၆၁)၊ လေမှာလွင့် ရှာပေါ့ (ရုပ်ရှင်ရိုက် ၁၉၆၁)၊ လှတပတ်နွမ်း (၁၉၆၁)၊ ချစ်ခဲ့မိသောကြောင့် (မြင့်ကျော် နှင့်တွဲ၍ ၁၉၆၂)၊ ချစ်ခြင်းမေတ္တာဆို သည်မှာ (မြင့်ကျော် နှင့်တွဲ၍ ၁၉၆၂)၊ စာရေးဆရာတို့၏ တခန်းရပ်ပြဇာတ်လေးပုဒ် (စိန်ခင်မောင်ရီ၊ ရန်ကုန်ဘဆွေ၊ မြင့်ကျော် တို့နှင့် တွဲ၍ ၁၉၆၂)၊ ဇင်ယော် (၁၉၆၂)၊ နစ်လေသောသူတဦး (၁၉၆၂)၊ မခင်သစ် (၁၉၆၂)၊ သဲတပွင့် (၁၉၆၂)၊ အမုန်းနိဂုံးချုပ် (၁၉၆၂)၊ ချစ်ဦးသူသို့ ပေးစာများ (သန်းဆွေ၊ မြင့်ကျော်၊ ကရမက်၊ အောင်ကျော်ကျော် တို့နှင့်တွဲ၍ ၁၉၆၄)၊ တိမ်လွှာနှင့်မြေကြီး (၁၉၆၄)၊ နေမဝင်အသည်းပုံပြင်များ (မြင့်ကျော် နှင့်တွဲ၍ ၁၉၆၄)၊ မမွှေးသောပန်း (၁၉၆၄)၊ မျက်ရည်တို့ ကြွေရာလမ်း (တင့်တယ် နှင့်တွဲ၍ ၁၉၆၄)၊ ရင်၌ပွင့်သောပန်း (၁၉၆၄)၊ အသည်းဘဝ မျက်ရည်စ (မြင့်နီနှင့်တွဲ၍ ၁၉၆၄)၊ အနုပဋိလောမအဖွင့် (၁၉၆၄)၊ ဘတိုးထံ ပေးစာများ (၁၉၆၄)၊ အရော်အစား (၁၉၆၄)၊ ဆိုရှယ်လစ် တွေးခေါ်သစ် (၁၉၆၄)၊ မတို့၏ဖြတ်လမ်းနည်း ဝတ္ထုတိုများ (မြင့်နီနှင့်တွဲ၍ ၁၉၆၄)၊ မိမြိုင် (၁၉၆၄)၊ ချစ်ကိုယ်တွေ့ (မြင့်ကျော်၊ မြင့်နီတို့နှင့်တွဲ၍ ၁၉၆၆)၊ ပြည့်သူစာပေ ဂီတရုပ်ရှင် (၁၉၆၆)၊ ဘဝဆောင်းတွင်းမိုးနှင့် အောင်လင်း၏ ဝတ္ထုတိုများ (တင်ထွန်းအောင် နှင့်တွဲ၍ ၁၉၆၆)၊ သပြေတို့အရွယ် (၁၉၆၇)၊ ရွှေနှင့်ငွေ (၁၉၆၈)၊ ရွှေဝတ်မှုံ (ရုပ်ရှင်ရိုက် ၁၉၆၈)၊ မန်ဒါလီ (ရုပ်ရှင်ရိုက် ၁၉၆၈)၊ နန်းရွှေကြော့ (၁၉၆၈)၊ ထိုတည (၁၉၆၈)၊ ညပေါင်းငါးရာ ( ၁၉၆၈)၊ ခြေဖဝါးတော်နုနု (ရုပ်ရှင်ရိုက် ၁၉၆၈)၊ ကျော့ (၁၉၆၉)၊ ခိုင်ရွှေဝါ (၁၉၆၉)၊ ဇာတိမာန်ဟုန် စစ်ရေးတုန်အံ့ (၁၉၆၉)၊ နန်းရွှေရည် (၁၉၆၉)၊ မင်းရွှေသဇင် (၁၉၆၉)၊ စိန် သို့မဟုတ် စိမ် (ရုပ်ရှင်ရိုက် ၁၉၇၀)၊ ပိုက် (၁၉၇၀)၊ ဖူးရွှေငုံ (၁၉၇၀)၊ မှုံမှုံဖူး (၁၉၇၀)၊ စံပယ်ကုံး (၁၉၇၁)၊ လဲ့ (၁၉၇၁)၊ မြပုဏ္ဏမာ (၁၉၇၂)၊ မဟာစာနိဒါန်း (၁၉၇၂)၊ သစ္စာပွင့်ဦး (၁၉၇၂)၊ ငြိမ်းနှင့် ဗေဒါ (၁၉၇၃)၊ စွေသာစွေ မပြေသည့်မိုး (၁၉၇၃)၊ နီနီလွင့်လွင့် (၁၉၇၃)၊ လွတ်ရိပ်သာ (၁၉၇၄)၊ ရေတ ပေါက် သောက်ပါရစေ (၁၉၇၅)၊ မိဘချစ် ( ၁၉၇၇) တို့ဖြစ်ကြပါတယ်။ 

 “ဆရာအောင်လင်းဟာ သူ့စာဖတ်ပရိသတ် အကြားတွင် အရိုင်းစံပယ် လုံးချင်းဝတ္ထုဖြင့် အောင်မြင် ကျော်ကြားရုံမက လက်ဝဲယိမ်းသော ကျွန်တော်တို့ စာပေ လူငယ်များကြားတွင်  “အနုပဋိလောမရုပ်ဝါဒအဖွင့်” ဟူသော စာအုပ်ဖြင့်လည်း  အထင်ကြီး လေးစားခံရသော နိုင်ငံရေးဦးစားပေး  (အတွေးအခေါ်ဦးစားပေး) လက်ဝဲ စာရေးဆရာ တယောက်ဖြစ်သည်။” ဓနပျိုးခင်းဂျာနယ်ပါ သုဝဏ္ဏကျော်စိန်ရဲ့ ဆရာအောင်လင်း ဆရာလေးမြင့်နဲ့ ကျွန်တော် ဆောင်းပါးမှ

အရိုင်းစံပယ်ဟာ နှစ်ပေါင်း ၁၀၀ အတွင်း အကောင်းဆုံး မြန်မာ့ဝတ္ထုစာအုပ် ၁၀၀ စာရင်းဝင်တဲ့အထိ ဇာတ်လမ်း၊ ရည်ရွယ်ချက်၊ ရေးသားတင်ပြပုံတွေ ကောင်းလှတယ်။ အောင်လင်းရဲ့ “အနုပဋိလောမအဖွင့်” စာအုပ်ကတော့ နိုင်ငံရေး ပညာရပ်ဆိုင် ရာ စာတစ်အုပ်ဖြစ်တယ်။ ရုပ်ဝါဒကို သူ့ခေတ် သူ့အခါ သူ့ကာလ အခြေအနေအတိုင်း ချဉ်းကပ်တင်ပြထားတယ်။

အောင်လင်းဟာ ကွန်မြူနစ် စာရေးဆရာတယောက်ပါ။ အလံနီကွန်မြူနစ် ဖြစ်တယ်။ အောင်လင်းရဲ့“ပစ်တိုင်းတောင်” (၁၉၅၈) ဝတ္ထုကတော့ ဘတ်စ်ကားသမားတွေ၊ ဆိုက်ကားသမားတွေနဲ့ မိန်းမပျက်တွေရဲ့ ဘဝတွေကို ဖော်ထုတ် ရေးသားတင်ပြထားတာ တွေ့ ရတယ်။ “သဲတပွင့်” ဝတ္ထုကတော့ ပါတီ နိုင်ငံရေးတွေ၊ အသင်းအဖွဲ့တွေရဲ့ အချင်းချင်း ချောက်ချပုံ၊ မသမာပုံတွေစတဲ့ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးပြီးစ မြန်မာ့နိုင်ငံရေး အရှုပ်အထွေးပေါင်းစုံ နောက်ခံထား ရေးဖွဲ့ထား ဝတ္ထု သဲတစ်ပွင့်... ဖြစ်ပါတယ်။ 

“အောင်လင်းရဲ့ နိုင်ငံရေး”

ဒုတိယကမ္ဘာစစ် ဖြစ်တော့ အောင်လင်းဟာ ရေစကြို အာရှလူငယ်အစည်းအရုံးဝင်တယ်။ နဂါးနီတိုက်ထုတ် စာအုပ်တွေ ဖတ် နဂါးနီစာအုပ်တွေဟာ ဘုံဝါဒ ဘက်ကို အမြင်ကျယ်စေတယ်လို့ ဆိုကြတယ်။ ဂျပန်ခေတ်ရောက်တော့ သူဟာ လူငယ်များကြီးပွားရေးအသင်းကို ဝင်တယ်။ ဖက်ဆစ်တော်လှန်ရေးမှာ ပခုက္ကူ လူငယ်ခေါင်းဆောင်လုပ်ပြီး နေသူရိန်အစည်းအဝေးကို ပခုက္ကူခရိုင် ကိုယ်စားလှယ်အနေနဲ့ တက်တယ်။ အစည်းအဝေးတက် အသက်အငယ်ဆုံး သခင်ဖြစ်တယ်။ စစ်ပြီးနောက် ဖဆပလ ကို ဝင်တယ်။ ကွန်မြူနစ်ပါတီကို ဝင်တယ်။ နောင် အလံနီ ကွန်မြူနစ်ပါတီ (သခင်စိုး) တောခိုတဲ့အခါ နိုင်ငံရေးနယ်က ထွက်တယ်။ တော်လှန်ရေးကာလ သုံးခဲ့တဲ့ အမည်ဝှက် “အောင်လင်း” ကို ကလောင်အဖြစ်ယူပြီး အောင်လင်း အမည်နဲ့ စာရေးပါ တော့တယ်။ 

“ဆရာအောင်လင်း အကြောင်း မောင်ရွှန်းသစ်ရဲ့ ရေးသားချက်”

ဆရာအောင်လင်းသည် ရသမြောက် ဝတ္ထုပေါင်းများစွာကို ရေးသားခဲ့သူ ဖြစ်သည်။ အထူးသဖြင့် ဘဝသရုပ်ဖော် ဝတ္ထုများ ရေးရာတွင် အသက်ဝင်လှသည်။ ဆရာအောင်လင်း၏ ဝတ္ထုများမှာ အောင်မြင်ကျော်ကြားသည်။ ဆရာအောင်လင်းဟု ဆိုလျှင် 'အရိုင်းစံပယ်' ကို ပြေးမြင်ကြမည်ဖြစ်သည်။ အရိုင်းစံပယ်ဝတ္ထုသည် သူ၏အကျော်ကြားဆုံးဝတ္ထုဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ် စာပေဗိမာန် ဝတ္ထုရှည်ဆုရ ဝတ္ထုဖြစ်သည်။ (၁၈) ကြိမ်အထိ ပြန်လည်ထုတ် ဝေခဲ့ရပြီး ရုပ်ရှင်အဖြစ် နှစ်ကြိမ် ရိုက်ကူးခဲ့ရ သည်။ ရုပ်ရှင်ဇာတ်ကားအဖြစ်လည်း အောင်မြင်သည်။ ဆရာအောင်လင်း၏'ပစ်တိုင်းထောင်' လုံးချင်းဝတ္ထုကို ရုရှားဘာသာ၊ ဥဇ္ဇဘက် ကစ္စတန်ဘာသာနှင့် ဂျာမန်ဘာသာများ သို့ ပြန်ဆိုထုတ်ဝေခြင်းခံရသည်။ ဗေဒါလုံးချင်းဝတ္ထုကိုလည်း ရုရှားဘာသာ ပြန် ဆိုထုတ်ဝေခဲ့သည်။ သူ့ ဝတ္ထုတိုအချို့ကိုလည်း ရုရှားဘာသာ၊ ပြင်သစ်ဘာသာများသို့ ပြန်ဆို ထုတ်ဝေခြင်းခံရသည်။ ဆရာအောင်လင်းသည် လုံးချင်းဝတ္ထုများ၊ ဝတ္ထုတိုများအပြင် စာပေဂီတ၊ ရုပ်ရှင် ဆိုင်ရာအယူအဆ ဆောင်းပါးများစွာကို ရေးသားခဲ့သည်။

 “အောင်လင်းနဲ့ ဂီတ”

အောင်လင်း ခေါ် မောင်တင်ဖေဟာ အတီးပညာကို မြန်မာညွန့်ဦးချစ်မောင်၊ စောင်းဦးဘသန်းတို့ဆီက သင်တယ်။ ရန်ကုန် တက္ကသိုလ်မှာ ကျင်းပတဲ့ ၁၉၄၈-၄၉ ဂီတပြိုင်ပွဲမှာ ပတ္တလားပထမဆု၊ မယ်ဒလင် ပထမဆု၊ တယော ဒုတိယဆု ရခဲ့တယ်။ ဂီတဘက်ကို စိတ်ပါလွန်းတော့ ကျောင်းထွက်ပြီး ဆန်းသစ်ဆန်း၊ တေးသစ်လွင် တူရိယာအဖွဲ့တွေမှာ သီချင်းရေး အသံလွှင့်ခဲ့တယ်။ ဂီတနက်သန် ကိုစောညိန်းရဲ့ မိုးသက်လေနှင်ကို တင်ဖေ နာမည်နဲ့ အသံလွှင့်ခဲ့တယ်။

၁၉၄၉-၅၀ ဝန်းကျင်မှာ အေဝမ်း ဓာတ်ပြားတိုက်မှာ အလုပ်ဝင်တယ်။ စန္ဒရား အေဝမ်းခင်မောင်ရဲ့ တီးဝိုင်းမှာ တယော၊ ပတ္တလားတီးပြီး သီချင်းလည်းရေးတယ်။ နောက်တော့ မအောင်ကြည်၊ ဂီတနက်သန် ကိုစောညိန်းတို့ရဲ့ ဗြိတိသျှဘားမား ဓာတ်ပြားတိုက်ကို ပြောင်းလုပ်တယ်။ သူရေးသားခဲ့တဲ့ သီချင်းတွေကတော့ မေရှင် သီဆိုတဲ့ “မေတ္တာရေလှိုင်း”၊ လီလီကြာညွန့် သီဆိုတဲ့ “မေတ္တာရွှေစောင်း” “တေး ပန်လွှာ” သီချင်း၊ “ဘိုးမင်းခေါင်” သီချင်းတွေ ဖြစ်ကြတယ်။ ဆရာအောင်လင်းဟာ သူရေးတဲ့ 'ဗေဒါ'လုံးချင်းဝတ္ထုကို ရုပ်ရှင် ရိုက်ကူးရာမှာ ကိုယ်တိုင်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့တယ်။ မင်းသမီးက မြင့်မြင့်ခင်ဖြစ်တယ်။ စာရေးဆရာ ရန်ကုန်ဘဆွေနဲ့ တွဲဖက်ပြီး 'မာန်' ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး 'လူမော်'ဇာတ်ကားကိုလည်း ဒါရိုက်တာလုပ်  ရိုက်ကူးခဲ့တယ်။ ဆရာ အောင်လင်းဟာ ဒေါ်သန်းညွန့်နဲ့ လက်ထပ်ပြီး ကိုကိုအောင်၊ မောင်မောင်အောင်၊ ချိုမမအောင် သားသမီး ၃ ယောက် ထွန်းကားတယ်။ သမီးက မေအောင်လင်း ကလောင်နဲ့ စာရေးဆရာမ ဖြစ်တယ်။ ၁၉၈၄ ခု ဇန်နဝါရီလ ၂၅ ရက်မှာ ရန်ကုန်၊ ဖဆပလ တိုက်ခန်း နေအိမ်မှာ ဆရာအောင်လင်း ကွယ်လွန်သွားခဲ့တာ ၃၇ နှစ် ရှိသွားပါပြီ။

“အောင်လင်း အရိုင်းစံပယ် ဝေးကွာခဲ့ ၃၇” 

အရိုင်းစံပယ် လုံးချင်းဝတ္ထုရဲ့ ဖန်တီးရှင်ကြီး ဆရာအောင်လင်း ကွယ်လွန်သွားခဲ့တာ ၃၇ နှစ် တောင် ကြာခဲ့ပါပြီ။ ၂၀၁၈ ခုနှစ် ကလည်း အောင်လင်း ၉၀ ပြည့်ပွဲကြီးကို ရေစကြိုမြို့မှာ ကဗျာရွတ်ပွဲ၊ သီချင်းဆိုပွဲတွေနဲ့ ကျင်းပခဲ့ကြပါသေးတယ်။ ဒီနှစ်ဟာ ဆိုရင်လဲ အောင်လင်း မွေးဖွားခဲ့တာ ၉၃ နှစ် မြောက်ပါ။ လာမဲ့ ၂၀၂၈ ခုနှစ်မှာတော့ အောင်လင်း ရာပြည့်ပွဲ အခမ်းအနားကြီး ကျင်းပကြပါလိမ့်ဦးမယ်။

ရေစကြိုမြို့သား စာရေးဆရာ၊ တေးရေးဆရာ၊ ဂီတပညာရှင်၊ နိုင်ငံရေးလှုပ်ရှားသူနဲ့ တေးသံရှင် သရုပ်ဆောင် အောင်လင်းကို အမြဲထာဝရ မမေ့ကြတဲ့သဘော။ နှစ်တွေ ဘယ်လောက်ကြာကြာ ဂန္ထဝင် အနုပညာရှင် စာဆိုကြီး အောင်လင်းကို မပြတ်တန်း တန်ဖိုးထား လေးစား မြတ်နိုး နေကြတဲ့သဘော ဖြစ်ပါတယ်ဗျာ။ မြန်မာပြည်မှာ လူမသေခင်က နာမည်သေနေကျသူတွေ အကြားက ဆရာကြီး အောင်လင်းကတော့ သူ မရှိတော့ပေမဲ့လည်း သူ့ပညာ၊ သူ့ဂုဏ်၊ သူ့သစ္စာ၊ သူ့အနုပညာနဲ့ သူ့နာမည်တွေကတော့  အစဉ်ထာဝရ ရှင်သန်နေဆဲပါဗျာ။ ။ 

ကိုးကား

၁။ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၁၉၈၅

၂။ မိုးမခအွန်လိုင်းစာမျက်နှာ

၃။ အရိုင်းစံပယ် (အောင်လင်း)

၄။ “ဆရာအောင်လင်း ဆရာလေးမြင့်နဲ့ ကျွန်တော် ဆောင်းပါး” သုဝဏ္ဏကျော်စိန် -ဓနပျိုးခင်းဂျာနယ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024