အသင်းအတွက် ကစားသမားသစ်လိုအပ်နေဟု ဘာကာနည်းပြ ကိုးလ်မန်းထုတ်ပြော

အသင်းတိုးတက်ဖို့အတွက် ကစားသမားသစ်တွေခေါ်ဖို့ လိုအပ်နေတယ်လို့ ဘာကာနည်းပြ ရော်နယ်ကိုးလ်မန်းက ပြောပါတယ်။  ဒါပေမယ့် အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် လူသစ်ခေါ်ဖို့ ကိစ္စဟာ ခက်ခဲ နေတယ်လို့လည်း သူက ဝန်ခံပါတယ်။  ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ အစနှေးခဲ့တာကြောင့် လာလီဂါမှာ အက်သ လက်တီကိုအသင်းရဲ့ ဦးဆောင်မှုနောက်ကို ရောက်ရှိနေပါတယ်။  ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ၃ ပွဲဆက် အနိုင်ရခြင်းနဲ့အတူ ရလဒ်တွေကောင်းလာခဲ့ပေမယ့် ကစားသမားသစ်လိုအပ်ချက်ကိုတော့ မဖုံးလွှမ်းနိုင်သေးပါဘူး။ လာလီဂါနဲ့ ချန်ပီယံလိဂ်တို့မှာ ကြီးစိုးဖို့အတွက်ဆိုရင် အသင်းသစ် ကစားသမားသစ်တွေ လိုအပ်နေတယ်လို့ ကိုးလ်မန်းက ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုထားပြီး ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာတွေက သူ့အတွက်ကစားသမားသစ်ခေါ်ဖို့ အခက်အခဲဖြစ်စေတယ်လို့ ပြောပါတယ်။  “ကျနော်တို့အသင်းမှာ လူအင်အားမတောင့်တင်းဘူးဆိုတာ သိသာပါတယ်။ ဒါပေမယ့် အသင်းရဲ့ စီးပွားရေးအခြေအနေကလည်း အကြောင်းအရာတခုအဖြစ်ရှိနေပါတယ်။ အားလုံးလည်း ဒီလိုပဲထင်မယ်လို့ ယူဆပါတယ်။ ကစားသမားသစ်တစ်ယောက်မှ မခေါ်နိုင်ဘူးဆိုရင်လည်း ဒါကိုလက်ခံရမှာဖြစ်ပါတယ်။ ဒီအခြေအနေကို လက်ခံပြီး ရှိတဲ့ လူစာရင်းနဲ့ပဲ ရှေ့ဆက်သွားရပါမယ်။ ဒါပေမဲ့ ကျနော်တို့ ပိုပြီးကောင်းလာစေချင်ရင်တော့ လူသစ်ခေါ်ရပါမယ်။”  ကိုးလ်မန်းရဲ့ အသင်းဟာ မန်စီတီးနောက်ခံလူ အဲရစ်ဂါစီယာကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ရရှိထားပြီလို့ သတင်းတွေမှာဖော်ပြခဲ့ပါတယ်။  ဒါပေမယ့် အသင်းဥက္ကဋ္ဌ ဖြစ်လာနိုင်တဲ့ ဂျိုအန် လာပေါ်တာကတော့ အသင်းဘုတ်အဖွဲ့ဟာ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်နိုင်တဲ့ ကစားသမားအတွက် ငွေမသုံးမယ့်နည်းလမ်းကို ရွေးချယ်ထားတယ်လို့ ပြောပါတယ်။။  “ဒီလိုလုပ်ပေးပါလို့ ကျနော်တို့အနေနဲ့ ဘုတ်အဖွဲ့ကိုတောင်းဆိုလို့မရပါဘူး။ ကစားသမားရဲ့ စာချုပ်ကကုန်ခါနီးပြီဆိုရင် ကျနော်တို့ စောင့်ဖို့ဆုံးဖြတ်ထားပါတယ်။ အဲ့လိုမှမဟုတ်ဘဲ အခုချက်ချင်းခေါ်မယ်ဆိုရင် ကျနော်တို့အနေနဲ့ ပြောင်းရွှေ့ကြေးရယ်၊ ကစားသမားရဲ့ လစာရယ်ကို ပေးချေရပါမယ်။”    ကိုးလ်မန်းအနေနဲ့ ကျန်ရှိနေသေးတဲ့ ဘောလုံးရာသီကို လက်ရှိရှိနေတဲ့ လူစာရင်းနဲ့ပဲ ဖြတ်သန်းသွားဖို့ စဉ်းစားထားကာ လိုအပ်ချက်ရှိတဲ့ ကစားသမားတွေကိုလည်း ပွင့်ပွင်းလင်းလင်း ဆက်လက်ပြောဆိုသွားမယ်လို့ ဆိုပါတယ်။  “ကျနော်ကတော့ ကွယ်ဝှက်ပြီးပြောနေမှာ မဟုတ်ပါဘူး။ ဘာစီလိုနာကစားသမားတိုင်းက တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်ရပါမယ်။ ကျနော်က ဘယ်သူ့ကိုမဆို လေးစားသမှုနဲ့ဝေဖန်လေ့ရှိပါတယ်။ ဒါဟာ ဘယ်သူအတွက်မှမဟုတ်ပါဘူး။ အသင်းအတွက်ပါ။ ကျနော်တို့ ကော်နယ်လာ အသင်းကို လေးစားမှုအပြည့်နဲ့ ယှဉ်ပြိုင်ခဲ့ပေမယ့် မိနစ် ၉၀ အတွင်း အနိုင်မရခဲ့ဘူးဆိုရင်တော့ ကျနော်မြင်တာ ကျနော်ပြောရပါလိမ့်မယ်။ အဲ့လိုမှ အဆင်မပြေရင် နောက်နည်းပြတစ်ယောက်ထပ်ခန့်လိုက်ပါ” လို့ ကိုးလ်မန်းကပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up