ဘရာဇီးကို ကူညီရန် ဗင်နီဇွဲလားမှ အောက်ဆီဂျင်တင်ကားများ ရောက်ရှိ

ဘရာဇီးနိုင်ငံ အမေဇုံပြည်နယ်  မာနောက်စ်မြို့က ဆေးရုံတွေမှာ ကူညီဖို့ ဗင်နီဇွဲလားနိုင်ငံက အောက်ဆီဂျင်အိုးတွေကို တင်လာတဲ့ ကုန်ကား ငါးစီးဟာ ဇန်နဝါရီ ၁၉ ရက်က ရောက်လာ ပါတယ်။  ဒီဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယလှိုင်းက ပျံ့နှံ့နေလို့ အောက်ဆီဂျင်အိုးတွေ ပြတ်လပ်ကုန်တဲ့အတွက် အသည်းအသန် ရုန်းကန်နေရတာပါ။  ဗင်နီဇွဲလားတောင်ပိုင်း ဘိုလီဗာပြည်နယ်က ကုန်ကားတွေဟာ ကီလို မီတာ ၁၅၀၀ ကျော် ခရီးကို မောင်းပြီး အမေဇုံနပ်စ် ပြည်နယ်ရဲ့ မြို့တော် မာနောက်စ်ကို ရောက်လာတာလည်း ဖြစ်ပါတယ်။  ဇန်နဝါရီ ၁၄ ရက်က စပြီး အောက်ဆီဂျင် ပြတ်လပ်လို့ ဒါဇင်ချီတဲ့ လူတွေ သေဆုံးခဲ့ပါတယ်။ အောက်ဆီဂျင် ပြတ်သွားလို့ ဆေးရုံတက် လူနာတွေကို အသက်ရှူ အားကူစက်တွေ ဖြုတ်ထားလိုက်ရပြီလို့ ဒေသခံတွေက ပြောပါတယ်။  တချို့ လူနာတွေကို တခြားပြည်နယ်ဆေးရုံတွေဆီ ရဟတ်ယာဉ်နဲ့ ပို့ခဲ့ရပြီး တချို့ကတော့ အောက်ဆီဂျင်အိုးကို မှောင်ခိုဈေးကွက်ကနေ အလုအယက် ဝယ်နေရတယ်လို့ မီဒီယာက ဖော်ပြပါတယ်။  မာနောက်စ်မြို့တော်မှာနေတဲ့ တိုင်းရင်းသား အယောက် ၃၀၀၀ လောက်ဟာ အများ ပြည်သူကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို မှီခိုနေရပြီး အခြေအနေက ထိတ်လန့်စရာ ကောင်းလာတယ်လို့ ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။  ဘရာဇီးမှာ ဇန်နဝါရီ ၂၀ ထိ ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်ရဲ့ အတည်ပြုချက်အရ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ သေဆုံးသူ အယောက် ၂၁၀,၀၀၀ ရှိပြီး အမေရိကန်ပြီးရင် ကမ္ဘာ့ ဒုတိယအများဆုံးလည်း ဖြစ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up