အမေရိကန်၏ ၄၆ ယောက်မြောက် သမ္မတအဖြစ်  ဂျိုးဘိုင်ဒန်ကျမ်းသစ္စာကျိန်ဆို

ဒီမိုကရက်ပါတီဝင် ဂျိုးဘိုင်ဒန်ဟာ အမေရိကန်ပြည်ထောင်စုရဲ့  ၄၆ ယောက်မြောက် သမ္မတ အဖြစ် ဇန်နဝါရီ ၂၀ မှာ ကျမ်းသစ္စာ ကျိန်ဆိုပါတယ်။ အမေရိကန် အောက်လွှတ်တော် အဆောက်အအုံ လှေကားပေါ်မှာကျင်းပတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ တရားသူကြီးချုပ် ဂျွန်ရောဘတ်စ်က ကျမ်းကျိန်ရမယ့်စာသားတွေကို တိုင်ပေးခဲ့ပြီး ဘိုင်ဒန်ကတော့ သမ္မာကျမ်းစာပေါ်မှာ လက်ကို တင်ရင်း ကျမ်းကျိန်ခဲ့ပါတယ်။ ဒါ့အပြင် ဒုသမ္မတနေရာကို ဆက်ခံခဲ့တဲ့ ကမ်မလာဟဲရစ်ကလည်း  ပထမဆုံး အာရှနွယ်ဖွား လူမည်းအမျိုးသမီး ဒုသမ္မတ တဦးအနေနဲ့  သမိုင်းဝင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။  ဘိုင်ဒန်ဟာ ရီပတ်ဗလစ်ကင်ပါတီဝင် သမ္မတ ဒေါ်နယ်ထရမ့်ကို ရွေးကောက်ပွဲမှာ အနိုင်ရပြီး သမ္မတတာဝန် ဆက်ခံရယူခဲ့တာဖြစ်ပြီး အသက် ၇၈နှစ် အရွယ် ဘိုင်ဒန်ဟာ အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံး သမ္မတ ဖြစ်လာပါတယ်။ သမ္မတရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ရီပတ်ဗလစ်ကင်ပါတီဝင်တွေ ဖြစ်ကြတဲ့ ဒုသမ္မတ မိုက်ခ်ပန့်စ်၊ အထက်လွှတ်တော်အကြီးအကဲ မစ်ချ်မက်ကောနယ်နဲ့ အောက်လွှတ်တော် ခေါင်းဆောင် ကီဗင်မက်ခ်ကာသေ့တို့လည်း တက်ရောက်ပါတယ်။ အမေရိကန် သမ္မတဟောင်းတွေ ဖြစ်ကြတဲ့ ဘီလ်ကလင်တန်၊ ဂျော့ချ်ဒဗလျူဘုရှ်နဲ့ ဘားရတ်အိုဘားမားတို့လည်းအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ သမ္မတဟောင်းထရမ့်ကတော့ ဆယ်စုနှစ်ချီအစဉ်အလာကို ချိုးဖျက်ပြီး အာဏာလွှဲပွဲကို မတက်ဘဲ ကျမ်းကျိန်ပွဲ မတိုင်မီနာရီပိုင်းအလိုမှာ ဖလော်ရီဒါကို  ရဟတ်ယာဉ်နဲ့ ထွက်သွားခဲ့ပါတယ်။ သမ္မတသစ် ဘိုင်ဒန်အနေနဲ့ နိုင်ငံတွင်းမှာ လောင်မြိုက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ဘေး၊ စီးပွားရေးနဲ့ အလုပ်လက်မဲ့ပြဿနာ၊  နက်ရှိုင်းတဲ့ နိုင်ငံရေး အကွဲအပြဲတွေအကြားမှာ တိုင်းပြည်ကို အုပ်ချုပ်ရတော့မှာပါ။ ဇန်နဝါရီလ ၆ ရက်က သမ္မတ ထရမ့်ကို ထောက်ခံသူတွေက ကွန်ဂရက်လွှတ်တော် အဆောက်အအုံကို အကြမ်းဖက်ခဲ့တာကြောင့် ဘိုင်ဒင်ရဲ့ ရာထူးလက်ခံပွဲကို လုံခြုံရေး တင်းကျပ်ကျင်းပခဲ့တဲ့အပြင် ကပ်ရောဂါကြောင့် သမ္မတ ရာထူးလက်ခံပွဲကို  လူစုလူဝေးနဲ့ ကျင်းပတာမျိုး မလုပ်ခဲ့ပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up