တရုတ်နိုင်ငံ တင်ပို့မည့် မြန်မာ့ဖရဲသီးများ ကိုဗစ် ရောဂါပိုး ရှိ၊ မရှိ ဆေးစစ်
DVB
·
January 19, 2021

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့မယ့် မြန်မာ့ဖရဲသီးတွေကို ကိုဗစ် ရောဂါပိုးရှိ၊ မရှိ တစ်လုံးချင်း ဆေးစစ်နေရပြီး ရောဂါကင်းလက်မှတ်ပါမှ တင်ခွင့်ရတယ်လို့ သိရပါတယ်။
မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က “ဇန်နဝါရီ ၁၈ ရက်နေ့ကစ စစ်ပြီးမှ ကားတစ်စီးမှာ သူတို့စိတ်ကြိုက်လုံးကောက် တစ်လုံးနှစ်လုံးယူပြီးတော့ စစ်တယ်။ အဲဒီကနေစစ်ပြီးတော့ လက်မှတ်ပေးပြီးမှ ခုရောဂါဖြစ်နေတဲ့ နေရာဒေသတွေ ဝင်ဖို့ရာ” လို့ ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျင်စန်းကျော့ ဝမ်တိန်ဖရဲကွင်းမှာ ဖရဲသီးတွေကို တရုတ်ပြည်မ အတွင်းပိုင်းဝင်ဖို့ ကိုဗစ်-၁၉ ရောဂါပိုး လုံးကောက်စစ်ရပြီး ရောဂါကင်းစင် လက်မှတ်ပါမှ တင်ပို့ ခွင့်ပြုတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကနေ တရုတ်ပြည်ဝင်ရောက်သွားတဲ့ အသီးတွေကို ဆေးစစ်နေပြီး ကိုဗစ် - ၁၉ ရောဂါပိုး မရှိခဲ့ပါက ပိတ်နေတဲ့ တစ်ချို့ သစ်သီးဝလံဈေးတွေ ပြန်ဖွင့်နိုင်တယ်လို့ စိုင်းမြင့်ဗိုလ်ပွဲရုံက သိရပါတယ်။
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို အဓိက ကုန်သွယ်ရေးနဲ့ များများစားစား တင်ပို့ ရောင်းချနေတဲ့ သစ်သီးဝလံတွေကတော့ သရက်သီး၊ ဖရဲသီး၊ သခွားသီး၊ ဇီးသီး စတဲ့ အမျိုးအစား ၄ မျိုး ဖြစ်ပြီး ကျန်တဲ့ သစ်သီးဝလံများကတော့ တင်ပို့တာနည်းတယ်လို့ ခွာညို သစ်သီးပွဲရုံက ပြောပါတယ်။
မကြာသေးမီက တရုတ်နိုင်ငံကို တင်ပို့တဲ့ မြန်မာ့ဖရဲတွေ ဈေးကွက် ရပ်တန့်လုနီးပါး ဖြစ်ခဲ့ကာ လက်ရှိ အဝယ်အနည်းငယ်ပြန် လိုက်လာတာဖြစ်ပြီး ဖရဲသီးတွေမှာ ရောဂါပိုး မတွေ့ရှိပါက ပိုမိုမြန်ဆန်တဲ့ သစ်သီးဈေးကွက် ပြန်ပွင့်လာမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဘက်ကနေ တရုတ်ဘက်ကို အရင်က ဖရဲကား တရက်ကို အစီး ၁၀၀ ကျော် ဝင်ရောက်ပေမယ့် လက်ရှိမှာ တရုတ်နှစ်သစ်ကူးလည်း နီးလာတာကြောင့် အစီး ၂၀၀ ကျော် ဝင်တယ်လို့ သစ်သီးပွဲရုံတွေက သိရပါတယ်။
သတင်း - Pra Jaw