Home
မြန်မာသတင်း
ဟင်္သာတဆေးရုံက သူနာပြုဆရာမကြီးအပါအဝင် ကိုဗစ်-၁၉ လူနာ ၂ ဦး သေဆုံး
DVB
·
January 12, 2021
43129124_270947293755229_2845646825531113472_o
ဧရာဝတီတိုင်း၊ ဟင်္သာတပြည်သူ့ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုဆရာမကြီး အပါအဝင် ဧရာဝတီတိုင်းထဲက ကိုဗစ်-၁၉  လူနာ ၂ ယောက် မနေ့က သေဆုံးခဲ့ပါတယ်။ ဆေးရုံဝင်းထဲမှာပဲ နေထိုင်တဲ့ အသက် ၆၀ အရွယ် သူနာပြုဆရာမကြီးဟာ အတူနေ သမီးဖြစ်သူ အနံ့ပျောက်တာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်မှာတော့ COVID-19 Ag RDT နဲ့ စစ်ဆေးခဲ့ပြီး ပိုးတွေ့ခဲ့ပါတယ်။ သူ့မှာ သွေးတိုးနဲ့ ဆီးချိုရောဂါအခံရှိပြီး ပိုးတွေ့ချိန်မှာ ဖျားတာ၊ ချောင်းဆိုးတာနဲ့ ခေါင်းမူးတာတို့ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဟင်္သာတဆေးရုံကြီးမှာ ကုသခံနေတုန်း အောက်စီဂျင်ကျလာတာကြောင့်  ဇန်နဝါရီ ၂ ရက်မှာ ရန်ကုန် မြောက်ဥက္ကလာပ အထူးကုဆေးရုံကြီးဆီ လွှဲပြောင်းပို့ဆောင်ခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသခဲ့ပေမယ့် ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီကျော်မှာ ကွယ်လွန်ခဲ့ပါတယ်။ နောက်တယောက်ကတော့ လပွတ္တာမြို့နယ်မှာ နေထိုင်တဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး အနံ့ပျောက်တာ၊ နှာပိတ်တာတို့ကြောင့် လပွတ္တာ ပြည်သူ့ဆေးရုံကြီးမှာ ဇန်နဝါရီ ၂ ရက်နေ့က လာရောက်ပြသပြီး စစ်ဆေးရာမှာ ပိုးတွေ့ခဲ့တာပါ။ သူကတော့ အရက်စွဲတာနဲ့ နာတာရှည် အသည်းရောဂါရှိသူဖြစ်ပြီး ဆေးရုံမှာတက်ရောက် ဆေးကုသမှုခံယူနေစဉ် မနေ့ ညနေက ကွယ်ကွန်ခဲ့တာပါ။ တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဟင်္သာတမြို့နယ်ထဲမှာ မနေ့က ကိုဗစ်-၁၉ လူနာသစ် ၆၉ ယောက် ထပ်တွေ့ခဲ့ပြီး ဘိုကလေး၊ ပုသိမ်၊ လေးမျက်နှာ၊ ဓနုဖြူ၊ အင်္ဂပူ၊ မြောင်းမြနဲ့ ကြံခင်းမြို့နယ်တို့မှာလည်း လူနာသစ်တွေ တွေ့ခဲ့ပြီး စုစုပေါင်း ၁၀၄ ယောက်ဖြစ်ပါတယ်။ ဒီမနက်ပိုင်းအထိ ဧရာဝတီတိုင်းထဲမှာ ကိုဗစ်-၁၉  ပိုးတွေ့လူနာ ၄၇ ယောက် သေဆုံးခဲ့ပြီး ဖြစ်သလို ပိုးတွေ့လူနာ စုစုပေါင်းကတော့ ၅၁၁၃ ယောက် ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024