တိုက်စစ်မှူး ဒမ်ဘီလီ တီကိုအသင်းကိုပြောင်းရန် နီးစပ်နေပြီဟု လိုင်ယွန်အသင်း အတည်ပြု

တိုက်စစ်မှူး မူဆာဒမ်ဘီလီကို အက်သလက်တီကိုအသင်းဆီ ရောင်းချဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ လိုင်ယွန်အသင်းဘက်က အတည်ပြုပါတယ်။  အက်သလက်တီကိုဟာ ဒီယေဂိုကော်စတာကို စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် သူ့နေရာမှာ အစားထိုးဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တီကိုအသင်းဟာ ပြိုင်ပွဲစုံမှာ ယှဉ်ပြိုင်နေရပြီး အသင်းတိုက်စစ်မှူး ဆွာရက်အတွက် အထောက်အပံ့ဖြစ်စေမယ့် တိုက်စစ်မှူးမျိုး လိုအပ်နေတယ်လို့ နည်းပြက ပြောပါတယ်။  ဒါ့ကြောင့် ဖူလ်ဟမ်နဲ့ ဆဲလ်တစ်တိုက်စစ်မှူးဟောင်းကို ခေါ်ယူဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့အတွက်ဆွေးနွေးနေတယ်လို့ ရင်းနက်စ်နဲ့တစ်ဖက် ၂ ဂိုးစီသရေကျခဲ့ပြီးတဲ့နောက်မှာ လိုင်ယွန်အသင်း နည်းစနစ်ဒါရိုက်တာ ဂျူနင်ဟိုက ပြောပါတယ်။  “ဒမ်ဘီလီ ကျနော့်ဆီရောက်လာပြီးတော့ အသင်းပြောင်းဖို့ လိုအပ်နေတဲ့အကြောင်းကို ပြောပါတယ်။ ဒါဟာ ကျနော်တို့ မျှော်လင့်ထားတဲ့ အရာမဟုတ်ပေမယ့် ကျနော် သူ့ကို တကယ်နှစ်သက်ပါတယ်။ အသင်းမှာ ဆက်မနေချင်တဲ့လူကို နောက် ၅ လလောက် အသင်းမှာ ဆက်ထိန်းထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။”      လက်ရှိအချိန်မှာ အက်သလက်တီကိုအသင်းဟာ မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းကို တစ်မှတ်ဖြတ်ကာ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေပြီး ပြိုင်ဘက်ထက် ၃ ပွဲလျော့ ကစားထားပါတယ်။  ဒါ့ကြောင့် သူတို့ဟာ အားလျော့သွားတဲ့ တိုက်စစ်ပိုင်းကို မဖြစ်မနေဖြည့်တင်းဖို့ လိုအပ်နေပြီး လိုင်ယွန်အသင်းဘက်ကလည်း ဒမ်ဘီလီသာ ထွက်ခွာပါက သူ့ နေရာကို အစားထိုးဖို့ အယ်လ်ဂျီးရီးယား တိုက်စစ်မှူး အစ္စလာမ်ဆူလေမာနီကို စောင့်ကြည်နေတယ်လို့ ဂျူနင်ဟိုက ပြောပါတယ်။  ပြင်သစ်လီဂူးပြိုင်ပွဲမှာ လိုင်ယွန်ဟာ ပီအက်စ်ဂျီနဲ့ လိုင်လီတို့ကို တစ်မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up